ဘာကြောင့်ကြက်တွေချေးဖြူပါကြသလဲ? (အပိုင်း-၁)

26/10/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်တွေချေးဖြူဖြစ်နေတယ်။ ဘယ်လိုကုသရမလဲမေးသူတွေအတွက်ဖြစ်ပါတယ်။

ကြက်ချေးမှာ သာမန်အားဖြင့် အဖြူရောင်အလွှာလေးဖုံးလျက်ပါနေတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီအပိုင်းက အစာခြေလမ်းကြောင်းစွန့်ထုတ်တဲ့ ပစ္စည်းမဟုတ်ဘဲ ကြက်ရဲ့သွေးထဲက မလိုတဲ့ (အဆိပ်အတောက်ဖြစ်မယ့်) ပစ္စည်းတွေကို ကျောက်ကပ်က စစ်ယူစွန့်ထုတ်လိုက်တဲ့ ဆီးသာဖြစ်ပါတယ်။

လူနဲ့ တခြားတိရစ္ဆာန်တွေက ခန္ဓာကိုယ်တွင်းမှာ ပရိုတင်းနဲ့ အမိုင်နိုအက်ဆစ်တွေကို ချေဖျက်သုံးစွဲလို့ ထွက်ပေါ်လာတဲ့ အမိုနီးယားကို အသဲက ယူရီးယားအဖြစ်ပြောင်းပေးပြီး ကျောက်ကပ်က ဆီးအဖြစ်စွန့်ထုတ်ပေးပါတယ်။ ကြက်တွေက ယူရီးယားအစား ယူရစ်အက်ဆစ်အနေနဲ့ စွန့်ထုတ်ပါတယ်။ 

ယူရီးယားက အဆိပ်အတောက် သတ္တိပြင်းတဲ့အတွက် အားပျော့သွားအောင် ရေအများကြီးနဲ့ ရောပြီးစွန့်ထုတ်ကြရတယ်။ ယူရစ်အက်ဆစ်က ယူရီးယားလောက်အဆိပ်မပြင်းတဲ့အပြင် ရေမှာလည်း မပျော်တဲ့အတွက် ပျစ်ချွဲချွဲ အရည်ပုံစံနဲ့ သူ့ကိုစွန့်ထုတ်လို့ ရပါတယ်။ ဒါ့ကြောင့် ကြက်တွေရဲ့ ယူရစ်အက်ဆစ်ပါတဲ့ ဆီးကို စွန့်ထုတ်တဲ့နေရာမှာ ရေနည်းနည်းပဲ သုံးဖို့ပဲလိုတယ်။

ကြက်တွေမှာ ဆီးအိမ်မရှိတဲ့အတွက် ကျောက်ကပ်ကထွက်လာတဲ့ ယူရစ်အက်ဆစ်ပါတဲ့ ဆီးရည်ဟာ ဆီးပြွန်ကတစ်ဆင့် ဆီး၊ ဝမ်း၊ လိင်အင်္ဂါ သုံးမျိုးလုံးရဲ့ ထွက်ပေါက်တွေ ပေါင်းဆုံတဲ့ သပ္ဗအိတ် (cloaca) ထဲကို ရောက်သွားပါတယ်။ Cloaca ထဲက ဆီးရည်က အူမကြီးထဲကို ဆန်တက်ပြီး အူမကြီးရဲ့ ပြောင်းပြန်ရွေ့လျားမှုကြောင့် တစ်စိတ်တစ်ပိုင်းက အူပိတ်ထဲအထိ ရောက်သွားပါတယ်။ အူမကြီးက ဆီးမှာပါတဲ့ ရေကိုစုပ်ယူလိုက်တဲ့အတွက် ပျစ်ချွဲတဲ့ အဖြူနှစ်ပုံစံနဲ့ cloaca ထဲကို ပြန်ဆင်းလာကြတယ်။ ပြီးမှ ချေးနဲ့အတူ အပြင်ကိုစွန့်ထုတ်လေ့ရှိပါတယ်။

ဒါ့ကြောင့် ကြက်ချေးမှာ ချေးဖြူလို့ပြောကြတဲ့ အပိုင်းလေးအမြဲတွဲပါနေတာပါ။

တစ်ခါတစ်ရံမှာ အဖြူပိုင်းက သိသိသာသာပိုများပြီး (အရည်ပိုကျဲ) ပြီးပါနေတဲ့အခါ ချေးဖြူပါတယ်လို့ပြောကြတယ်။ ချေးဖြူပါတာဟာ ကြက်ရောဂါတစ်မျိုးမဟုတ်ပါ။ ကြက်တွေရဲ့ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ဖော်ပြတဲ့ လက္ခဏသာဖြစ်ပါတယ်။

ချေးဖြူပါတဲ့ ကိစ္စကို ကုစားချင်ရင် ချေးဖြူပါစေတဲ့အကြောင်းအရင်းတွေကို သိထားဖို့လိုပါလိမ့်မယ်။

ကျန်းမာတဲ့ ကြက်ရဲ့ ချေးပုံကိုကြည့်ရင် ပစ္စည်းသုံးမျိုးပါတာ တွေ့ပါလိမ့်မယ်။ အပေါ်ဆုံးမှာ အဖြူနှစ်၊ အဖြူဖတ်၊ မြေဖြူမှုန့် ပုံစံတွေ့ရတဲ့အပိုင်း၊ သူ့အောက်မှာ အခဲအဖတ်မဟုတ်တဲ့ အရည်အပိုင်း၊ အောက်ဆုံးမှာက အစာခြေလမ်းကြောင်းက စွန့်ထုတ်တဲ့ ချေးကိုမာပြီး အခွေလိုက် သို့မဟုတ် အခဲတုံးရှည် ပုံမျိုးနဲ့ တွေ့ရလိမ့်မယ်။

ကြက်ချေးမှာ အဖြူဖတ်နဲ့ အရည်တွေပုံမှန်ထက်ပိုပါပြီး ဝမ်းအရည်ကျဲလိုဖြစ်နေတာဟာ ကျောက်ကပ်ကို ဝန်ပိနေစေတဲ့ အကြောင်းတစ်ရပ်ကြောင့် ဒါမှမဟုတ် ကျောက်ကပ်ကောင်းကောင်း အလုပ်မလုပ်နိုင်လို့ ဖြစ်ရတာပါ။ ကျောက်ကပ်ကောင်းကောင်းအလုပ်မလုပ်နဲ့ ကြက်တွေဟာ ရေပိုသောက် (ခဏခဏသောက်) ကြပြီး သွေးထဲက အညစ်အကြေးတွေကို စွန့်ထုတ်ဖို့ ကြိုးစားကြတယ်။ ဒါ့ကြောင့် ဆီးပိုသွားပြီး (ချေးပုံမှာ အဖြူအရည်ကျဲ ပိုပါလာပြီး) ချေးဖြူပါတယ်လို့ ပြောကြတဲ့ ပုံစံဖြစ်လာတာပါ။

ကျောက်ကပ်ထိခိုက်ပျက်စီးမှုတွေဟာ ဖြည်းဖြည်းချင်းဖြစ်လာတာတွေရှိတယ်။ ထင်ရှားတဲ့ လက္ခဏာမပြတဲ့ အတွက် ခန့်မှန်းသိရှိဖို့ ခက်ခဲပါတယ်။ အချိန်တိုအတွင်းပြင်းပြင်းထန်ထန်ဖြစ်တဲ့ ကျောက်ကပ်ပျက်စီးမှုတွေလည်းရှိပါတယ်။ မှိုင်ကုပ်သေဆုံးစေနိုင်သလို ပြန်ကောင်းသွားတာလည်း ဖြစနိုင်ပါတယ်။ ကျောက်ကပ်ထိခိုက်မှုရှိနေတယ်ဆိုတာကို အပြင်ပန်းအားဖြင့် သိဖို့မလွယ်ပါ။ ကျောက်ကပ်မကောင်းပေမဲ့ ကြက်မတွေ ၇၀ % မှ ၈၀ %  ထိ ကောင်းကောင်းဥပေးနေကြပါလိမ့်မယ်။ ဒါပေမဲ့ ကျောက်ကပ်နဲ့ ဆီးပြွန်တွေမှာ urate တွေစုခဲပြီး ပိတ်ဆို့သွားတဲ့အထိ ဖြစ်လာချိန်မှာ ကြက်တွေ ဘာရောဂါသဏ္ဌာန်မှမပြဘဲသေဆုံးစေပါတယ်။ 

သေဆုံးတဲ့ အချိန်မှာ ကျောက်ကပ်က မစွန့်ထုတ်နိုင်တဲ့ သွေးတွင်းမှာရှိတဲ့ urates တွေကို အသည်း၊ နှလုံးနဲ့ ဝမ်းခေါင်းမြှေး၊ လေအိတ်ပါးစတဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ အပေါ်ယံမှာ အဖြူမှုန့်တွေအဖြစ် ဖုံးအုပ်လျက်သားတွေ့ရပါလိမ့်မယ်။ ဒါကို visceral gout လို့ခေါ်ကြတယ်။ Urates တွေဟာ အဆစ်အမြစ်တွေထဲကို ရောက်သွားနိုင်ပြီး အဆစ်ရောင်တဲ့ gout ရောဂါလည်းဖြစ်နိုင်ပါတယ်။

အပိုင်း(၂)တွင်ဆက်လက်ဖော်ပြပါဦးမည်။

ဒေါက်တာအောင်မြင့် ရေးသားသော ဆန်းသစ်လေ့လာသော ကြက်ရောဂါပြဿနာများမှ ကောက်နုတ် ဖော်ပြထားခြင်းဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်