စီးပွားရေးဆက်တိုက်ကျဆင်းပြီး ခင်ပွန်းသည်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တဲ့အချိန်တုန်းက သူမအသက်က ၃၉ နှစ်ရှိပြီ။ အကောင်းအတိုင်းကျန်ခဲ့တာရယ်လည်းမဟုတ်။ ခင်ပွန်းသည်ရဲ့ သတင်းဆိုးကြီးကို ကြားတဲ့အချိန်မှာ ကျောရိုးရောဂါဖြစ်လို့ ဆေးကုသမှုခံယူနေရချိန်။ ယောကျ်ားရဲ့စီးပွားပျက်နောက်ဆက်တွဲ ပြဿနာ အပူအပင်တွေ၊ အကြွေးတွေနဲ့။ သမီးချည်းလေးယောက်၊ ဒုက္ခသုက္ခတွေနဲ့ နာတာရှည်ရောဂါသည် မုဆိုးမကြီး ဟာရီးယက်ရယ်ပေါ့။
နာမည်အပြည့်အစုံကို ပြောရရင်တော့ ဟားရီးယက်ဝီလျံစ်ရပ်ဆဲလ်စရောင်ပါ။ အတန်းပညာ မတတ်ပေမဲ့ ရေသွင်းနည်းစနစ်တွေရဲ့ ရှေ့ဆောင်လမ်းပြဆရာမကြီးဖြစ်ခဲ့သူ။ အမျိုးသမီးအခွင့်အရေးတွေအတွက် မားမား မတ်မတ် ရပ်တည်ထောက်ခံခဲ့သူရယ်ပါ။
၁၈၄၄ ဇူလိုင် ၂၃ မှာ သူမကို အမေရိကန်နိုင်ငံ၊ နယူးယောက်မှာ မွေးဖွားခဲ့တယ်။ ဒါပေမဲ့ ကြီးပြင်းခဲ့တာကတော့ ကယ်လီဖိုးနီးယား/နီဗားဒါးနယ်စပ်တလျှောက် သတ္တုတွင်းအသိုင်းအဝိုင်းမှာ။ အသက် ၁၉ နှစ်မှာ ချားလ်စ် စရောင်ဆိုသူနဲ့ လက်ထပ်ခဲ့ပြီး ၁၈၆၇ ခုနှစ်မှာတော့ ကယ်လီဖိုးနီးယားရဲ့ နောက်ဆုံး မက္ကဆီကိုအုပ်ချုပ်ရေးမှူး ပီအိုထံကနေ မြေဧက ၃၂၀ ကို ဝယ်ယူပြီး စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့တယ်။ စီးပွားရေးတွေကျလို့ ယောကျ်ားဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတာကတော့ ၁၈၈၃ ခုနှစ်။ အဲ့အချိန် သူမက ရောဂါကြီးနဲ့ ဆေးရုံမှာ။ တကယ့်ကို စိတ်ဓာတ်ကျစရာ သောကဝိုင်းအခြေအနေကြီးပေါ့။ ဒါပေမဲ့ ဒီအာဂအမျိုးသမီးကြီး ကတော့ စိတ်ကို လျှော့မပစ်။
ဆေးကုသမှုခံယူပြီးနောက် မရေရာအနာဂတ်တွေနဲ့ပဲ အိမ်ကိုပြန်လာခဲ့တယ်။ ကျန်းမာရေးကတော့ ပြန်ကောင်းလာခဲ့တယ်။ ပြီးတော့ သူ့မြေပေါ်မှာ ဂျုံတွေ၊ ရိုင်းဂျုံတွေနဲ့ မုယောစပါးတွေ စိုက်တယ်။ ဒါပေမဲ့ မိုးကခေါင်၊ ရေသွင်းဖို့ကြိုးစားမှုတွေကမအောင်မြင်နဲ့ အမြတ်အစွန်းကတော့ မရှိခဲ့။ ဒါကြောင့် သူမဟာ ရေရာသေချာတဲ့ပိုင်ဆိုင်မှုမျိုးကိုလိုချင်ရင် သူ့မြေတွေကို ပိုအသုံးချလို့ရအောင်လုပ်ဖို့လိုတယ်ဆိုပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။
“ကျွန်မလေ။ အရာရာတိုင်းကိုလျစ်လျူရှုပစ်ဖို့ သတ္တိတွေရ။ ပြီးရင် ပြန်လည်ပြင်ဆင်ရေးတွေလုပ်ဖို့ စိတ်ဆုံးဖြတ်မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တာ။ အမှန်တရားနောက် နှိမ့်ချရှာဖွေသွားမယ်ဆိုတဲ့ သဘောထားပေါ့” လို့ သူမက သတင်းထောက်တစ်ယောက်ကို ပြောပြခဲ့ဖူးပါတယ်။
သူမဟာ ပီကန်(အမေရိကန်တောင်ပိုင်းတွင်ပေါက်သည့် ပန်းညိုရောင်အခွံရှိသစ်စေ့ပင်) ပင်တွေကစလို့ သံပယို ပင်တွေထိ အပင်မျိုးစုံစိုက်တာတွေလုပ်ခဲ့ပေမဲ့ အမြတ်အများဆုံးရဖို့ဆိုရင်တော့ သစ်ကြားသီးပင်တွေ စိုက်ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် မိုင်ဝက်လောက်ရှည်တဲ့ အပင်တန်း ၅၀ တောင် စိုက်ပစ်လိုက်တယ်။ ပြဿနာက သူမမြေတွေက ကန္တာရတစ်ပိုင်းမြေတွေ။ သစ်ကြားသီးပင်တွေကကျ ရေအများကြီးလိုတာ။ ဆိုတော့ ၁၈၈၇ တုန်းက သူမကိုယ်တိုင်တီထွင်ပြီး မူပိုင်ခွင့်မှတ်ပုံတင်ထားတဲ့ ရေသွင်းစနစ်တွေကို စိုက်ခင်းမှာ အသုံးပြုလိုက်တယ်။ သူမရဲ့ တီထွင်ဆန်းသစ်မှုက ဒီမှာတင် အဆုံးသတ် သွားတာတော့မဟုတ်။ သစ်ကြားသီးပင်တွေကြားမှာ ပုံမှန်အားဖြင့် ပင်ကြားစိုက်အပင်အဖြစ်သုံးတဲ့ ပြောင်းပင်တွေနေရာမှာ ကြီးထွားမြန်ပမ်ပါမြက် (အလှပန်းခိုင်တွေထွက်တဲ့မြက်ပင်မျိုး)တွေနဲ့ အစားထိုးလိုက်တယ်။ ကံကောင်းချင်တော့ အဲ့ဒီပမ်ပါပန်းခိုင်တွေနဲ့ အလှဆင်တဲ့ ဈေးကွက်တစ်ခုရှိတယ်ဆိုတာ ကို သူမ သွားတွေ့လိုက်တာပါပဲ။
၁၈၉၂ နဲ့ ၁၈၉၆ ကြား နိုင်ငံရေးဆိုင်ရာညီလာခံတွေမှာ ဒီမိုကရက် (ဒီမိုကရက်တစ်ပါတီဝင်) တွေက အဖြူ ရောင်ဖဲကြိုးနဲ့ အနီရောင်အရာတွေပေါ်မှာ သဘာဝအရောင်နဲ့ပမ်ပါပန်းခိုင်တွေထိုးထားတာတွေကို ဝှေ့ယမ်းတာမျိုးကို လုပ်ကြသလို ရီပတ်ဗလီကန်(ရီပတ်ပလစ်ပါတီဝင်) တွေကလည်း အနီရောင်၊ အဖြူရောင်နဲ့ အပြာရောင်သန်းတဲ့ ပမ်ပါပန်းခိုင်တွေကို သူတို့ပါတီရဲ့ သစ္စာရှိမှုကို ဖော်ပြတဲ့အရာတွေအဖြစ် ကြေညာခဲ့ကြ ပါတယ်။ ဟားရီးယက်ဟာ ဖီလာဒဲဖီးယားရဲ့အကြီးဆုံးကုန်တိုက်ပိုင်ရှင်ကြီး ဝါနာမာကာကိုလည်း သူ့ကုန်တိုက် တွေမှာ ပမ်ပါမြက်တွေနဲ့အလှဆင်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်။ ၁၈၉၃ မှာကျင်းပတဲ့ World’s Columbian Exposition ပြပွဲကျင်းပတဲ့ မူးရစ်စတိုင် အဆောက်အဦကြီးကို အတွင်းကော အပြင်ကော ပမ်ပါမြက်တွေ အသားပေးပြီး ရင်သပ်ရှုမောဖွယ်နန်းတော်ကြီးအဖြစ် အလှဆင်နိုင်ခဲ့လို့ ဒီဇိုင်းဆိုင်ရာဆုကို ဟားရီးယက် ရရှိခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်မှာတော့ သူမဟာ လယ်ယာလုပ်ကိုင်နိုင်တဲ့ တောင်သူမယ်တစ်ဦးဖြစ်ပြီး ခရိုင်ရဲ့ အကြီးမားဆုံးအခွန်ဆောင်သူတွေထဲကတစ်ဦးအဖြစ် သတင်းစာတစ်စောင်ရဲ့ ဆောင်းပါးမှာ ထည့်သွင်း ဖော်ပြခြင်းခံခဲ့ရပါတော့တယ်။
တီထွင်ဆန်းသစ်မှုတွေအပြင် ဟားရီးယက်ဟာ အမျိုးသမီးအခွင့်အရေးတွေအပေါ်လည်း ဇောက်ချအားပေးသူ ဖြစ်ခဲ့ပါတယ်။ Columbian Exposition မှာကျင်းပတဲ့ အမျိုးသမီးကွန်ဂရက်အစည်းအဝေးမှာဆိုရင် ဟားရီး ယက်က အမျိုးသမီးတွေအတွက် စီးပွားရေးသင်တန်းတွေပေးခြင်းရဲ့အရေးပါပုံကို အလေးပေး ပြောကြား ခဲ့ပါတယ်။ ရေသွင်းရေထုတ် စနစ်ဆိုင်ရာတီထွင်မှု မူပိုင်ခွင့် ငါးခုအထိ ရယူခဲ့ပြီး အဲ့ဒီအပိုင်းရဲ့ အာဏာပိုင်တစ်ဦး အဖြစ် အသိအမှတ်ပြုခံရခြင်းအားဖြင့် လွတ်လပ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ အဓိပ္ပါယ်ကို သမီးတွေအတွက် စံနမူနာဖြစ်စေခဲ့ပါတယ်။
၁၉၂၆ ခုနှစ်မှာ ယာဉ်တိုက်မှုကြောင့် ဟားရီးယက်သေဆုံးသွားခဲ့ပေမဲ့ သူမရဲ့ သြဇာလွှမ်းမိုးမှုကတော့ ဆက် လက်ရှင်သန်နေဆဲပါပဲ။ သူမကွယ်လွန်ပြီးနောက်မှဖြစ်လာတဲ့ ဟူးဗားဆည်နဲ့ ကယ်လီဖိုးနီးယား အရှေ့ တောင်ပိုင်းရှိ တူးမြောင်းတွေအားလုံးလိုမျိုး ဖက်ဒရယ်စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာတောင် သူမရဲ့ ရှေ့ဆောင်လမ်းပြလုပ်ငန်းစဉ်တွေကို အခြေခံခဲ့ရတာပါ။ ၂၀၀၁ ခုနှစ်မှာတော့ ကမ္ဘာ့ထင်ရှားကျော်ကြားသူများ အမျိုးသမီးတွေထဲမှာ သူမ ထည့်သွင်းရွေးချယ်ခံခဲ့ရပါတယ်။
ဆိုတော့ ဒီလိုဒုက္ခသုက္ခမျိုးစုံကြားကနေတောင် အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ တောင်သူမယ်ကြီး ဟားရီးယက်လိုမျိုး မယ်တို့လည်း ဘာဖြစ်ဖြစ်စိတ်ဓာတ်မကျဘဲ တီထွင်ဆန်းသစ်မှုတွေနဲ့ အောင်မြင်တဲ့ အမျိုးသမီးတွေဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း...
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်