သိုးအကောင် ၇၀၀ အခိုးခံလိုက်ရတဲ့ သြစတေးလျက မွေးမြူရေးခြံနဲ့ ကမ္ဘာတလွှားစိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

20/02/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဒီတစ်ပတ်ရဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများကဏ္ဍမှာ တင်ဆက်ဖို့ ရွေးချယ်ထားတဲ့ သတင်းတွေကတော့ တူရကီငလျင်ဘေးနဲ့ မွေးမြူရေးအပေါ်သက်ရောက်မှု၊ သိုးကောင်ရေရာချီပြီး အခိုးခံရတဲ့ သြစတေးလျမွေးမြူရေးခြံနဲ့ အိန္ဒိယအစိုးရကဒေသမျိုးရင်းတွေ ထပ်မံပြီး မှတ်ပုံတင်လိုက်တဲ့ သတင်းတွေပဲ ဖြစ် ပါတယ်။ မြန်မာ့မွေးမြူသူများ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 

#တူရကီငလျင်နဲ့ နွားနို့ပြဿနာ

 

၂၀၂၃ ခုနှစ် နှစ်စကနေ စရေတွက်ရင် အကြီးမားဆုံး သဘာဝဘေးအန္တရာယ်လို့ သတ်မှတ်နိုင်တာကတော့ တူရကီငလျင်ပါပဲ။ တူရကီငလျင်လို့ လွယ်လွယ် ပြောနေကြပေမယ့် တကယ်တော့ တူရကီနိုင်ငံအပြင် အိမ်နီးချင်း ဆီးရီးယား နိုင်ငံကလည်း ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရတာပါပဲ။ ဒါပေမယ့် သတင်းတွေမှာတော့ ဆီးရီး ယားနိုင်ငံက ပြည်သူတွေရဲ့ ဒုက္ခတွေကို သိပ်ပြီး အသားပေး မဖော်ပြကြပါဘူး။ ဘယ်လိုဖြစ်ဖြစ် ဒီတစ်ပတ်ရဲ့ ကမ္ဘာတလွှား စိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများကို တင်ဆက်ရာမှာ ပထမဆုံးအနေနဲ့ အဲဒီ တူရကီငလျင်ကြီးဟာ တူရကီနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအပေါ် ဘယ်လိုသက်ရောက်နေသလဲ ဆိုတာကို တင်ဆက်ပေးချင်ပါတယ်။ 

ငလျင်ဒဏ်ရဲ့ သဘာဝအရ လူအသေအပျောက်များတာက မြို့ကြီးပြကြီးတွေမှာ အဖြစ်များတာမို့ ငလျင် သတင်းတွေဟာလည်း မြို့ပြတွေက အပျက်အစီးတွေနဲ့ လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေကိုပဲ အာရုံစိုက်ကြပါ တယ်။ ဒါပေမယ့် တူရကီငလျင်သက်ရောက်ခဲ့တဲ့ ဧရိယာဟာ ကျယ်ဝန်းလှတာကြောင့် ကျေးလက်ဒေသတွေကို လည်း သေချာပေါက် ထိခိုက်စေခဲ့ပါတယ်။ ကျေးလက်ဒေသကို ထိခိုက်ပြီ ဆိုတာနဲ့ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ် ငန်းတွေအပေါ်လည်း သက်ရောက်စေပါတယ်။ အထူးသဖြင့်တော့ မွေးမြူရေးလုပ်ငန်းတွေဟာ ပိုလို့ ထိခိုက်ကြရပါတယ်။ တိရစ္ဆာန်တွေလည်း အသက်တွေနဲ့ မဟုတ်ပါလား။ 

ပြဿနာက ကူညီကယ်ဆယ်ရေးတွေဟာ မြို့ပြတွေကို ဦးတည်ဆောင်ရွက်နေရတာမို့ ကျေးလက်ကို အရောက်နှေးပါတယ်။ ရောက်ရှိလာတဲ့ အကူအညီအနည်းငယ်ဟာ လူတွေကို ကယ်ဆယ်နေရင်း တပြိုင်နက်တည်း မှာ တိရစ္ဆာန်တွေကို ကယ်ဆယ်နေရပြန်ပါတယ်။ သေဆုံးသွားတဲ့ တိရစ္ဆာန်တွေကို ဖယ်ရှားရှင်းလင်းဖို့ အရေးတ ကြီးလိုအပ်သလို၊ အဆောက်အဦးအပျက်အစီးတွေအကြား ရှင်သန်နေသေးတဲ့ တိရစ္ဆာန်တွေကို ကယ်တင်ဖို့နဲ့၊ ကယ်တင်ပြီးတဲ့နောက် ကျန်းမာရေးစောင့်ရှောက်ဖို့၊ အစာရေဆာ ကျွေးမွေးဖို့တွေ လိုအပ်နေပြန်ပါတယ်။ 

ဒီနေရာမှာ တူရကီနယ်မြေတစ်ခုဖြစ်တဲ့ အနာတိုလီယာ (သမိုင်းထဲမှာ အာရှမိုင်းနားဒေသလို့ မှည့်ခေါ်ခဲ့တဲ့ နေရာ) က ရှေးဟောင်း စကားပုံတစ်ခုက တူရကီငလျင်ဒဏ်ကြောင့် ပြန်ပြီး ခေတ်စားလာပါတယ်။ “Funerals wait, milk does not.” ဆိုတဲ့ စကားပုံပါ။ “အသုဘရှုနာရေးကို ခဏစောင့်ခိုင်းလို့ရတယ်၊ နွားမတွေ နို့ညှစ်ချိန်က နောက်ဆုတ်လို့မရဘူး” လို့ တိုက်ရိုက်ဘာသာပြန်လို့ ရနိုင်ပါတယ်။ ဆိုလိုရင်းကတော့ မွေးမြူရေးလုပ်တဲ့အခါ တိရစ္ဆာန်တွေကို အချိန်အတိအကျနဲ့ မဖြစ်မနေ ကျွေးမွေးစောင့်ရှောက်ရတယ် ဆိုတာပါပဲ။ ဒီစကားပုံဟာ မွေးမြူရေး လုပ်ငန်းတွေနဲ့ မွေးမြူရေးသမားတွေရဲ့ ဘဝကို တိုက်ရိုက်ထင်ဟပ်နေတဲ့ စကားပုံတစ်ခုပါပဲ။ သေချာတာကတော့ ငလျင်ဘေး ကူညီကယ်ဆယ်ရေးမှာ တိရစ္ဆာန်တွေကို ကူညီကယ်ဆယ်ရေးဟာ အတော်လေးကို ကြီးမားတဲ့ လုပ်ငန်းတစ်ခုဖြစ်လို့ နေပါတယ်။ 

တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသဟာ တူရကီနိုင်ငံတစ်ခုလုံးရဲ့ စီးပွားရေးအတွက် အရေးကြီးတဲ့ ဒေသဖြစ်သလို၊ မွေးမြူရေးကို အဓိကလုပ်ကိုင်တဲ့ ဒေသတွေလည်း ဖြစ်ပါတယ်။ စိုက်ပျိုးမွေးမြူရေးကျွမ်းကျင်သူ ဂျာနယ်လစ် တစ်ဦးဖြစ်တဲ့ Ali Ekber Yıldırım ရဲ့ အဆိုအရ ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသမှာ တစ်နိုင်ငံလုံး နွားစုစု ပေါင်းရဲ့ ၁၂ ရာခိုင်နှုန်းနဲ့၊ သိုး ၁၆.၃ ရာခိုင်နှုန်းကို မွေးမြူထားတယ်လို့ ဆိုပါတယ်။ ငလျင်ကြီးကြောင့် အဲဒီဒေသက မွေးမြူရေးနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ အများကြီး ပျက်စီးဆုံးရှုံးခဲ့ရသလို၊ တိရစ္ဆာန်တွေလည်း သေ ဆုံးခဲ့ရတာမို့ အခုဆိုရင် တူရကီရဲ့ မွေးမြူရေးကဏ္ဍကို အတော်လေး ထိခိုက်နေပြီ ဖြစ်ပါတယ်။ 

နွားတွေက အချိန်တန်လို့ အစာတောင်းတဲ့အခါ အစာမကျွေးနိုင်သလို၊ နို့ညှစ်ချိန်မှာလည်း နို့မညှစ်နိုင်တာမို့ ကြာလာရင် အသက်ရှင်ကျန်ရစ်တဲ့ နွားတွေဟာလည်း ထုတ်လုပ်မှု မလုပ်နိုင်တော့ဘဲ ဖြစ်ကုန်တော့မှာကို မွေး မြူရေးသမားတွေက စိုးရိမ်နေကြပါတယ်။ တကယ်လို့ နွားတွေကို နို့ညှစ်ပေးရင်တောင်မှ ရလာတဲ့ နို့ကို ရောင်းဖို့ မဖြစ်နိုင်ပါဘူး။ ငလျင်ကြောင့် ဖြစ်ပေါ်တဲ့ အပျက်အစီးတွေဟာ နွားနို့တွေ သယ်ဆောင်ဖြန့်ဖြူးမှု မလုပ်နိုင်အောင် တားဆီးလို့ နေပါတယ်။ တူရကီ နို့စားနွားမွေးမြူရေးနှင့် နို့ထုတ်လုပ်ရေးအသင်း ဥက္ကဌ Sencer Solakoğlu ကတော့ အရေးပေါ် နွားနို့တွေ ဝယ်ယူပေးမယ့် အစီအစဉ်ကို စတင်လိုက်ပြီး အခြေအနေကို ကျားကန်ပေးဖို့ ကြိုး စားနေပါတယ်။ ဒါပေမဲ့ နို့လုပ်ငန်းကြီး တစ်ခုလုံး ပြန်လည်လည်ပတ်နိုင်ဖို့ကတော့ အချိန်ယူပြီး အသေးစိတ်အကူအညီတွေ အမြောက်အမြား ထပ်မံပေးအပ်ဖို့ လိုအပ်နေပါသေးတယ်။ 

သဘာဝဘေးအန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ဖို့ လိုအပ်သလို၊ ကြုံတွေ့လာရင် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လိုအပ်ပါတယ်။ အဲဒီလို ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ မွေးမြူရေးကဏ္ဍနဲ့ မွေးမြူရေးတိရစ္ဆာန်တွေအတွက်လည်း ကြိုတင်ထည့်သွင်းစဉ်းစားဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း တူရကီ ငလျင်သတင်းတွေက ဖော်ပြနေပါတယ်။ မြန်မာ့မွေးမြူသူများအတွက်ကတော့ သဘာဝဘေးအန္တ ရာယ်တွေအတွက် ကြိုတင်ကာကွယ်ပြင်ဆင်တာတွေ မလုပ်နိုင်ရင်တောင် လူလုပ်ဘေးအန္တရာယ်တွေကနေ လွတ် မြောက်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ကမ္ဘာတလွှားစိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။ 

#သိုးအကောင် ၇၀၀ အခိုးခံရတဲ့ မွေးမြူရေးခြံ

 

စိတ်ဝင်စားဖို့ ကောင်းတဲ့ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ သြစတေးလျနိုင်ငံက သတင်းတစ်ပုဒ်ပါ။ မဲလ်ဘုန်းမြို့ရဲ့ အနောက်မြောက်ဘက် ၂၁၉ ကီလိုမီတာအကွာက လိုဂန် (Logan) ဆိုတဲ့အရပ်က မွေးမြူရေးခြံတစ် ခြံက သိုးအကောင် ၇၀၀ ဟာ ပျောက်ဆုံးနေပြီး၊ သူခိုးအခိုးခံလိုက်ရတာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သြစတေးလျဒေါ်လာ ၁၃၉,၀၀၀ တန်ဖိုးရှိတဲ့ အဲဒီ သိုးတွေကို သူခိုးအုပ်စုက ကုန်တင်ကားတွေ၊ သိုးကျောင်းခွေးတွေ ကို အသုံးပြုပြီး ခိုးယူသွားခဲ့တာ ဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ဆိုပါတယ်။ 

အဲဒီ သိုးအုပ်ဟာ အကောင်ရေ ၁၈၀၀ ရှိပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်း အကောင် ၇၀၀ ဟာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ ရဲတွေက စုံစမ်းစစ်ဆေးရာမှာ ဒီဇင်ဘာလလောက်ကလည်း အဲဒီ ဒေသမှာ သိုး တွေတင်တဲ့ အဆင့် ၄ ဆင့်ပါ ကုန်တင်ကား ၂ စင်းဟာ အချိန်အခါမဟုတ် အဲဒီဒေသကို ရောက်လာခဲ့တာကို တွေ့ရှိ ခဲ့ကြရတယ်လို့ ဆိုပါတယ်။ 

သြစတေးလျတိုက်ကြီးဟာ ကြီးမားလွန်းပြီး မြေလွတ်မြေရိုင်းတွေ များပြားလွန်းတာမို့ တိရစ္ဆာန်တွေကို လွှတ်ကျောင်းမွေးမြူခြင်းဟာ အင်မတန်ခေတ်စားပါတယ်။ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး သူခိုးတွေက အကျအန ခိုးယူခဲ့ကြတာပါ။ အခုအချိန်အထိတော့ သိုးတွေကို ခိုးတဲ့သူခိုးကို ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးပါဘူး။ ဘာတွေဆက်ဖြစ် မယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 

#မွေးမြူရေးတိရစ္ဆာန် မျိုး ၂၈ ခုကို ဒေသမျိုးရင်းအဖြစ် ထပ်မံသတ်မှတ်လိုက်တဲ့ အိန္ဒိယ

အိန္ဒိယအစိုးရဟာ မွေးမြူရေးတိရစ္ဆာန်မျိုး ၂၈ ခုကို ဒေသမျိုးရင်း (native livestock breeds) တွေအဖြစ် ထပ်မံထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ ယခင်တုန်းက သတ်မှတ်ထားတဲ့ မျိုးရင်း ၂၂၂ ခု ရှိပြီး အခု နောက်ထပ် ၂၈ ခုကို စာရင်းမှာ ထပ်မံထည့်သွင်း သတ်မှတ်လိုက်တာပါ။ အသစ်သတ်မှတ်လိုက်တဲ့ မျိုးရင်းတွေထဲမှာ နွား၊ ကျွဲ၊ ခွေး၊ ဝက်၊ ဆိတ်နဲ့ မြည်း မျိုးတွေ ပါဝင်ပါတယ်။ အိန္ဒိယ စိုက်ပျိုးမွေးမြူရေး သုတေသနကောင်စီ (Indian council of agricultural research (ICAR)) နဲ့ တက္ကသိုလ်တွေ၊ မွေးမြူရေးအဖွဲ့အစည်းတွေ၊ NGO တွေနဲ့ အခြား တစ်သီးပုဂ္ဂ လ ပညာရှင်တွေ စုပေါင်းပြီး ပြည်နယ် ၁၆ ပြည်နယ်က ဖော်ထုတ်ရရှိတဲ့ အချက်အလက်တွေအရ အဲဒီလို မျိုး ၂၈ ခု ကို အိန္ဒိယနိုင်ငံရဲ့ ဒေသမျိုးရင်းတွေအဖြစ် မှတ်ပုံတင် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ 

မိမိဒေသရဲ့ မူရင်းတိရစ္ဆာန်မျိုးတွေ၊ အပင်မျိုးတွေကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းထားရှိခြင်းနဲ့ တိုးတက် ဖွံ့ ဖြိုးအောင်ဆောင် ရွက်ခြင်းဟာ သက်ဆိုင်ရာ တိုင်းပြည်တွေရဲ့ အစိုးရတွေ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးဌာနတွေမှာ တာဝန်ရှိပါတယ်။ ဒီလို လုပ်ငန်းတွေကို အချိန်နဲ့ ငွေကြေးအပြင် လူသားအရင်းအမြစ်တွေပါ စိုက်ထုတ်ပြီး ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းကိုလည်း ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်အဖြစ် တင်ဆက်လိုက်ရပါတယ်။  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်