မျိုးဗီဇ ပြုပြင်ထားတဲ့ ဝက်သားတွေကို အသုံးပြုတော့မယ်နှင့် ကမ္ဘာတလွှားစိတ်ဝင်စားဖွယ် မွေးမြူရေးသတင်းများ

02/05/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးအတွက် mRNA ကာကွယ်ဆေး

mRNA နည်းပညာကိုအသုံးပြုပြီး နွားတွေအတွက် ကာကွယ်ဆေးတွေ အလျင်အမြန်နဲ့ အမြောက်အများ ထုတ်လုပ်ဖို့အတွက် စီမံကိန်းတစ်ရပ်ကို သြစတေးလျနိုင်ငံရဲ့ MEAT & Livestock Australia (MLA) အဖွဲ့အစည်းက ရန်ပုံငွေထောက်ပံ့လိုက်ပါတယ်။ အထူးသဖြင့် Lumpy Skin Disease လို့ခေါ်တဲ့ အကျိတ်နာရောဂါ နဲ့ အခြား သြစတေးလျတိုက်ပြင်ပက ရောဂါတစ်ခုခု သြစတေးလျကို ကူးစက်ဖြစ်ပွားလာတဲ့အခါမျိုးမှာ mRNA ကာကွယ်ဆေး ကို အလျင်အမြန်နဲ့ ပမာဏအမြောက်အများ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး အဲဒီစီမံကိန်းကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ 

အခုအချိန်အထိ သြစတေးလျနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ LSD ရောဂါ ကာကွယ်ဆေး မရှိသေးပါဘူး။ အခြားနိုင်ငံတွေက ထုတ်လုပ်တဲ့ ပိုးသေ LSD ကာကွယ်ဆေးတွေ ရှိနေပြီ ဖြစ်ပေမယ့်၊ တကယ်ရောဂါကျရောက်တဲ့ အချိန်မှာ အဲဒီ ဆေးတွေကို တင်သွင်းတာထက် မိမိနိုင်ငံမှာပဲ mRNA ကာကွယ်ဆေးကို ထုတ်လုပ်တာက ပိုပြီး လျင် မြန်မယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီစီမံကိန်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုက Tiba Biotech ကုမ္ပဏီကတော့ LSD ရောဂါအတွက် mRNA ကာကွယ်ဆေးကို ထုတ်လုပ်ကြည့်ရာမှာ လအနည်းငယ်သာ ကြာမြင့်ပြီး၊ အစဉ်အလာ ကာကွယ်ဆေးထုတ်လုပ်ရေး နည်းလမ်းတွေထက် အချိန်များစွာ သက်သာတယ်လို့ ဆိုပါ တယ်။ MLA အဖွဲ့အစည်းရဲ့ စီမံကိန်းမန်နေဂျာ တစ်ဦးဖြစ်သူ Mr Michael Laurence ရဲ့ အဆိုအရတော့ LSD ကာ ကွယ်ဆေးကို mRNA နည်းပညာနဲ့ စမ်းသပ်ထုတ်လုပ်ပြီး ကာကွယ်ဆေးရဲ့ စွမ်းရည်သတ္တိကို တိရစ္ဆာန်တွေမှာ စမ်း သပ်ထားပြီလို့ ဆိုပါတယ်။ ကာကွယ်ဆေးဟာ တကယ်ထိရောက်ခြင်း ရှိ၊ မရှိကိုတော့ လာမယ့်နှစ်ကုန်ပိုင်းမှာ သိရှိ ကြရတော့မှာပါ။ 

တကယ်တော့ သြစတေးလျနိုင်ငံရဲ့ မွေးမြူရေးကဏ္ဍမှာ ဇီဝလုံခြုံရေးကျိုးပေါက်ပြီး အခြားနိုင်ငံတွေက ရောဂါသစ် တွေ ကျရောက်ဖြစ်ပွားတဲ့ အန္တရာယ်ဟာ တစ်နေ့တခြား တိုးလာနေတာပါ။ တကယ်လို့ mRNA ကာကွယ်ဆေးတွေ ကိုသာ အောင်အောင်မြင်မြင်ထုတ်လုပ်လာနိုင်ပြီဆိုရင် ရောဂါတစ်ခု ဖြစ်တာနဲ့ ကာကွယ်ဆေးကို မြန်မြန်ထုတ်လုပ် လာနိုင်ပြီး ရောဂါကြောင့် ထိခိုက်ဆုံးရှုံးမှုတွေကို အများကြီး လျော့ကျစေတော့မှာပါ။ 

mRNA ကာကွယ်ဆေးနည်းပညာဟာ အတော်စောစောကတည်းက ရှိနေခဲ့ပေမယ့်၊ Covid-19 ကပ်ရောဂါကြောင့် အဲဒီ နည်းပညာဟာ ပိုပြီး ရှေ့တန်းရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။ အဲဒီ ကပ်ရောဂါကို ထိန်းချုပ်ရာမှာ mRNA ကာကွယ်ဆေးတွေကို လူသားတွေမှာ ပထမဆုံး စတင်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ 

MLA ရဲ့ စီမံကိန်းမှာ LSD ရောဂါအတွက်သာမက၊ ခွာနာလျှာနာရောဂါ၊ Bovine pestivirus နဲ့ Border disease တွေ အတွက် mRNA ကာကွယ်ဆေးတွေကိုပါ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံဟာာလည်း ခွာနာလျှာနာရောဂါ၊ LSD ရောဂါတွေ ဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တာမို့ ဒီသတင်းဟာ မြန်မာ့မွေးမြူရေးကဏ္ဍအတွက် စိတ်လှုပ်ရှားစရာ သတင်းတစ်ခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက LSD ရောဂါအတွက် ကာကွယ်ဆေးနဲ့ ထိထိရောက်ရောက် ထိန်းချုပ်တာမျိုးတော့ မကြားသိရသေးပါဘူး။

ကလေးတွေရဲ့ မွေးမြူရေးပြပွဲ

  ကမ္ဘာတလွှားက နည်းပညာပြပွဲကြီးတွေမှာ ကလေးသူငယ်တွေကို ပြပွဲခန်းမထဲ ခေါ်ယူလာခွင့် မပြုပါဘူး။ ကလေးတွေရှိနေရင် ပြပွဲလေ့လာသူတွေအတွက် အနှောက်အယှက်ဖြစ်စေနိုင်တာရယ်၊ ပြပွဲမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်းတွေကြောင့်၊ ကလေးငယ်တွေ ထိခိုက်အန္တရာယ်ဖြစ်စေနိုင်တာရယ်ကြောင့်ပါ။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု မွန်တားနားပြည်နယ်က မွေးမြူရေးပြပွဲတစ်ခုကတော့ အဲဒီ အစဉ်အလာကို ပြောင်းပြန်လှန်ပစ်လိုက် ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အဲဒီပြည်နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ Western Ranch Spectacular ပြပွဲမှာ ကလေးငယ်တွေကို သူတို့ရဲ့ တိရစ္ဆာန်တွေလာရောက်ပြသဖို့ ပြပွဲတစ်ရပ် ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ ကလေးငယ်တွေက သူတို့မွေးထားတဲ့ နွား၊ သိုး၊ ဆိတ် အစရှိတဲ့ မွေးမြူရေးတိရစ္ဆာန်လေးတွေကို ပြပွဲမှာ ကိုယ်တိုင် လာရောက်ပြသပြီး ပြိုင်ပွဲဝင်ကြမှာပါ။ သူတို့ပြသတဲ့ တိရစ္ဆာန်လေးတွေကို မွေးမြူရေးပညာရှင်တွေက ဒိုင်လူကြီးတွေအဖြစ် အကဲဖြတ်အမှတ်ပေးပြီး ဆုတွေ ချီးမြှင့်သွားကြမယ်လို့ သိရပါတယ်။ 

ပြပွဲမှာ ကလေးငယ်တွေ ပါဝင်ပြသမယ်ဆိုရင် အနည်းဆုံးတော့ ရက်သတ္တပတ်အနည်းငယ်လောက် အဲဒီ ကလေးငယ်တွေက သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို ကိုယ်တိုင်ပြုစုစောင့်ရှောက် မွေးမြူရမှာ ဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပေးခြင်းအားဖြင့် လူငယ်ထုထဲမှာ မွေးမြူရေးကို စိတ်ပါဝင်စားတဲ့သူတွေ ပိုမိုများပြားလာနိုင်ပါတယ်။ ဒါ့အပြင် ပြပွဲကို လာရောက်လေ့လာပြီး မွေးမြူရေးထွက်ကုန်တွေ ဝယ်ယူကြမယ့် ကုန်သည်ဝယ်လက်တွေအတွက် လည်း ပြပွဲကို ပိုမိုစိတ်ဝင်စားစေသလို၊ ဈေးကောင်းပေးဝယ်ယူဖို့ စွဲဆောင်မှုတစ်ခု ဖြစ်စေနိုင်ပါတယ်။ 

တိုင်းပြည်ဝင်ငွေရဲ့ ၂၆ ရာခိုင်နှုန်းလောက်ဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် မှီခိုနေရဆဲ ဖြစ်ပြီး၊ နိုင်ငံလူ ဦးရေရဲ့ ထက်ဝက်နီးပါးဟာလည်း စိုက်ပျိုးမွေးမြူရေးနဲ့ တနည်းမဟုတ် တနည်း ဆက်စပ်ပတ်သက်နေရတဲ့ မြန်မာ နိုင်ငံမှာ ကလေးငယ်တွေကို စိုက်ပျိုးမွေးမြူရေးစိတ်ဝင်စားလာအောင် စွဲဆောင်နိုင်မယ့်၊ လူငယ်တွေကို စိုက်ပျိုး မွေးမြူရေးလုပ်ကိုင်လာအောင် မြေတောင်မြှောက်ပေးမယ့် ဘယ်လိုအစီအစဉ်တွေ ရှိနေသလဲဆိုတာကို ပြန်လည် တွေးဆစရာ ကောင်းလှပါတယ်။ 

မျိုးဗီဇ ပြုပြင်ထားတဲ့ ဝက်သားတွေကို အသုံးပြုတော့မယ့် ဝါရှင်တန်ပြည်နယ် တက္ကသိုလ်

  မျိုးဗီဇ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကို လူအတော်များများက ဆန့်ကျင်ကြပါတယ်။ အဲဒီ အစားအသောက်တွေက စားသုံးသူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတဲ့ အယူအဆကြောင့်ပါ။ ဒါဟာ ကမ္ဘာ တ လွှားမှာ ကြီးကြီးမားမား ငြင်းခုံနေရဆဲ ပြဿနာဖြစ်တာကြောင့် ဘယ်ဟာက မှန်တယ်၊ ဘယ်ဟာက မှားတယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ်တက္ကသိုလ် (WSU) ကတော့ မျိုးဗီဇပြုပြင် ထုတ်လုပ်ထားတဲ့ ဝက်တွေရဲ့ အသားကို လူတွေရဲ့ အစားအသောက်ထဲမှာ ပထမဆုံးအကြိမ်အနေနဲ့ စတင်အသုံး ပြုဖို့ ဆုံးဖြတ်လိုက်ပါပြီ။ 

အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ခွင့်ပြုလိုက်တာကြောင့် WSU က မျိုးဗီဇပြုပြင်ထားတဲ့ ဝက်တွေရဲ့ အသားကို ဂျာမန်စတိုင်လ် ဝက်အူချောင်းပြုလုပ်ပြီး သူတို့တက္ကသိုလ်ရဲ့ အစားအသောက်စာရင်းမှာ ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အသားထုတ်လုပ်ရေး သုတေသနဓာတ် ခွဲခန်းမှာ မျိုးဗီဇပြင်ဆင်ထုတ်လုပ်မွေးမြူထားတဲ့ အသက် ၂ နှစ်အရွယ် ဝက် ၅ ကောင်ကနေ ဝက်အူချောင်းတွေ ထုတ်လုပ်ပြီး လူတွေ စတင်စားသုံးဖို့ ခြေလှမ်းကို အစပြုလိုက်တာပါ။ အဲဒီ ဝက်သားတွေကို FDA က အသေအချာ စစ်ဆေးပြီး လူသားတွေစားသုံးဖို့ သင်လျော်ကြောင်းနဲ့၊ အစားအသောက်ကုန်စည်တွေအဖြစ် ထည့်သွင်း အသုံးပြု နိုင်ကြောင်း ခွင့်ပြုပေးခဲ့တာပါ။ အခုလို WSU က ဝက်အူချောင်းတွေ စတင်သုံးစွဲတော့မယ့် အစီအစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အဲဒီ ဝက်သား ဟာလည်း ပုံမှန်ဝက်သားတွေလို ဘေးကင်းပါတယ်ဆိုတာကို လူတွေ သိလာအောင် သက်သေပြဖို့ပဲ ဖြစ်ပါတယ်။ 

အနာဂတ်မှာ ရောဂါဒဏ်ခံနိုင်ရည်ရှိဖို့၊ အသားရဲ့ အရည်အသွေးမြင့်မားဖို့၊ အသားထုတ်လုပ်မှုကောင်းဖို့ စတဲ့ ရည်ရွယ်ချက်ပေါင်းများစွာနဲ့ မျိုးဗီဇပြုပြင်ထားတဲ့ တိရစ္ဆာန်တွေ ထွက်ပေါ်လာဖို့ ရှိပါတယ်။ အဲဒီ ထုတ်ကုန် တွေကို စားသုံးသူတွေက လက်ခံမလား၊ ငြင်းပယ်မလားဆိုတာကတော့ စောင့်ကြည့်ရဦးမယ့် ပုစ္ဆာတစ်ပုဒ်ပဲဖြစ်ပါ ကြောင်း တင်ပြလိုက်ရပါတယ်။ 

သက်ခိုင်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်