မိုးရေချိန်လက်မ အခြေအနေကို ကြိုတင်လေ့လာသိရှိပြီးမှသာ ဝဥပင်များကို စီးပွားဖြစ်စိုက်ပျိုးသင့်

12/11/2021 20:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မိမိဒေသ၏ မိုးရေချိန်လက်မ အခြေအနေကို ကြိုတင်လေ့လာသိရှိပြီးမှသာ ဝဥပင်များကို စီးပွားဖြစ် စိုက်ပျိုးသင့်ကြောင်း ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။

ဝဥစိုက်ပျိုးတဲ့အခါ မိုးရေချိန်လက်မ ၆၀ ကနေ ၁၂၀ လက်မ အတွင်း လိုပါတယ်။ မိုးရေချိန်က အဲ့ဒီပမာဏကို မပြည့်မီရင်တော့ ၅ ရက် တစ်ကြိမ်လောက် ရေပေးရမှာပေါ့။ မိုးတအားခေါင်သွားတယ်ဆိုရင်တော့ ရေကို ပိုက်နဲ့ဖြစ်ဖြစ် ကိုယ်အဆင်ပြေတဲ့နည်းနဲ့ ရေပေးနိုင်ရတယ်။ ကျင်းတူး စိုက်တဲ့စနစ်၊ မြောင်းထိုး စိုက်တဲ့စနစ်၊ ဘောင်တင်စိုက်တဲ့စနစ်၊ အိတ်နဲ့စိုက်တဲ့စနစ်ဆိုပြီး စနစ် ၄ မျိုး ရှိတယ်။ ကိုယ်စိုက်မယ့်မြေက ကျောက်ခဲတွေ၊ အပင်အမြစ်တွေ ရှုပ်ထွေးနေရင် အိတ်နဲ့ စိုက်လို့ရတယ်။ မြေပြန့်ဆိုရင် ဘောင်နဲ့စိုက်မလား၊ ကျင်းတူးစိုက်မလား ရွေးချယ်လို့ရတယ်။ စစိုက်ပျိုးသူတွေအနေနဲ့ ဒေသအပူချိန်၊ မိုးရေချိန်၊ ရာသီဥတု၊ မြေအမျိုးအစားတွေကို သိရှိပြီးမှ စိုက်ပျိုးသင့်ပါတယ်။

ဟု ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှ နှစ်ရှည်သီးနှံနှင့် ဝဥပင်စီးပွားဖြစ်စိုက်ပျိုးသူ ဦးလင်းဦး က ပြောသည်။ 

    ဝဥပင် စတင်စိုက်ပျိုးသည့် ကာလများမှာလည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီနိုင်ကြောင်း သိရသည်။ 

ချင်းတောင်မှာဆိုရင် မတ်လမှာ စိုက်ပျိုးကြတယ်။ မွန်ပြည်နယ်မှာဆိုရင် ဧပြီလမှာ စိုက်ပျိုးကြတယ်။ ရှမ်းပြည်နယ်မှာဆိုရင် ဧပြီလလယ်ကနေ မေလဆန်းအတွင်း စိုက်ပျိုးကြတယ်။ ကိုယ့်ဒေသက မိုးဘယ်အချိန်ကျမှာလဲဆိုတာအပေါ် ချိန်ဆပြီး စိုက်ပျိုးသင့်ပါတယ်။ ဧပြီလမှာ စိုက်တယ်ဆိုရင် နိုဝင်ဘာလမှာ တူးလို့ရပြီ။ မေလမှာ စိုက်တယ်ဆိုရင် ဒီဇင်ဘာလမှာ တူးလို့ရပြီ။ ရောင်းချင်တယ်ဆိုရင် စိုက်ပြီး ၆ လဆို ရောင်းလို့ရပြီ။ မြေကြီးထဲမှာ ကြာကြာ ဆက်ထားချင်လည်း ရပါတယ်။

ဟု ၎င်းက ဆိုသည်။ 

    ပင်ကြားတန်းကြား ၃ ပေ ပတ်လည်(သို့မဟုတ်) ပင်ကြားတန်းကြား ၂ ပေ ပတ်လည်ထား၍ ဝဥပင် တစ်ဧကစိုက်ပျိုးပါက စိုက်ပျိုးစရိတ်စုစုပေါင်း ကျပ်သိန်း ၅၀ ဝန်းကျင်ကုန်ကျနိုင်ကြောင်း သိရသည်။