ငါးမွေးမြူရေးတွင် အရေးပါသော သက်ရှိအစာ ရေချိုရိုတီဖာ(အကောင်မျှောလှေး)မွေးမြူနည်း

11/12/2024 11:00 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ပင်လယ်သမုဒ္ဒရာကြီးထဲတွင် phytoplankton (အပင်မျှောလှေး)သည် အရေးပါသကဲ့သို့ zooplankton(အကောင်မျှောလှေး) သည်လည်းအရေးပါသည်။ Zooplankton များသည် သမုဒ္ဒရာအတွင်းရှိ သတ္တဝါများ၏အစာများလည်းဖြစ်ကြသည်။ Zooplanktonများသည် ရေတွင်​မျောနေသောအကောင်လေးများဖြစ်ကြသည့်အပြင် သေးငယ်၍ microscopeနှင့် ကြည့်မှသာ မြင်နိုင်သောအကောင်လေးများ ဖြစ်ကြသည်။ ၎င်းတို့သည်အလင်းရောင်မရ၍ အေးသောနေရာများတွင်နေထိုင်သော အကောင်လေးများဖြစ်ကြသည်။ 

အကောင်မျှော(ခေါ်) သတ္တမျှောလှေးများ၏ သဘာဝ

အကောင်မျှော Zooplankton များသည် ​နေ့အချိန်တွင် ​ရေအနက်ပိုင်းတွင်​နေ၍ ညအချိန်၌ အစာဖြစ်သော Phytoplankton (အပင်မျှောလှေး) များကို စားသုံးရန် ​​ရေမျက်နှာပြင်​ပေါ်သို့ တက်လာကြသည်။ Zooplankton များသည် herbivores (အပင်စားသတ္တဝါများ)ဖြစ်ကြသည်။ ရေအပေါ်ပိုင်းတွင်နေထိုင်သောသတ္တဝါများသည် သေးငယ်သော phyto များကိုတိုက်ရိုက်မစားနိုင်ပါ။ ထို့ကြောင့် zooplankton များကိုစားခြင်းဖြင့် phytoplankton များကို သွယ်ဝိုက်၍စားသောက်ကြသည်။ အသားစားသတ္တဝါများသည် zooplankton များကိုတိုက်ရိုက်စားသောက်နိုင်သည်။ 

Zooplankton အ​မြောက်အများကို အပင်စားသတ္တဝါများက စားသုံးကြသည်။ အစားအစာနည်းပါး​သော​နေရာမှ သတ္တဝါများသည် zooplankton ​ပေါများ​သော​နေရာများသို့ လာရောက်ကြသည်။ Zooplankton များကို ကမ္ဘာ့သမုဒ္ဒရာ၏ အစိတ်အပိုင်း အ​မြောက်အများ၏ ​ရေမျက်နှာပြင်မှ ​ရေအနက်ပိုင်း​ရောက်သည်အထိ ​တွေ့နိုင်သည်။ Zooplankton များ၏ ပြန့်နှံ့

မှုများသည် အချက်များစွာနှင့်ဆက်စပ်မှုရှိသည်။ ဥပမာအားဖြင့် အစာအာဟာရ၊ ဆားငန်နှုန်း၊ အပူချိန်၊ ​ရေစီး​ကြောင်း စသည်တို့ဖြစ်ကြသည်။ အပင်စားသတ္တဝါများသည် ​သေဆုံးသွား​သော zooplankton များ(သို့မဟုတ်) ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွား​သော zooplankton များကို မစား​သောက်ကြ​တော့ပါ။ နစ်မြုပ်သွား​သော zooplankton များကို​အောက်​​ခြေရှိ သတ္တဝါများနှင့် bacteria(​အဆွေးစားသတ္တဝါ) များကစား​သောက်ကြသည်။

ငါးမွေးမြူရေးကဏ္ဍနှင့် အကောင်မျှောလှေး(ခေါ်) သတ္တမျှောလှေး

ငါးမွေးမြူရေးအခန်းကဏ္ဍတွင်လည်း အကောင်မျှောလှေး(ခေါ်)သတ္တမျှောလှေးများကို အသုံးများပြီး ယင်းသတ္တမျှောလှေးများတွင် ပရိုတိန်း(Protein)၊ အဆီဓာတ်များ(Fats)၊ ကစီဓာတ်များ(Carbohydrates)၊ အမိုင်နိုအက်စစ်ဓာတ်များ(Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes)နှင့် ပြည့်ဝအဆီ (Polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာ ပါဝင်ရုံမျှမက အစာချေဖျက်နှုန်းကောင်းမွန်သော သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။

သဘာဝရေထုများနှင့် ငါးမွေးမြူသောကန်များအတွင်းရှိ ရေထုများတွင် အပင်မျှောလှေးများ(Phytoplankton) နှင့် သတ္တမျှောလှေးများ(Zooplankton)ဟူ၍ အုပ်စု ၂မျိုးရှိကာ ​အပြန်အလှန်သဟဇာတညီမျှစွာ ပါဝင်နေရန်မှာလည်း အထူးလိုအပ်ပါသည်။

သတ္တမျှောလှေး

သတ္တမျှောလှေးဆိုသည်မှာ သက်ရှိအကောင်ငယ်လေးများဖြစ်ပြီး တစ်နည်းအားဖြင့် သက်ရှိအစာ(ရိုတီဖာ-Rotifer)ဟု ခေါ်ဆိုကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သေးငယ်သည့်ရေနေသတ္တဝါငယ်လေးများ ဖြစ်ပါသည်။ သတ္တမျှောလှေးတို့သည် အပင်မျှောလှေးများကို စားသုံးကာ ရှင်သန်ကြီးထွားကြပေသည်။

ငါးမွေးမြူရေးနှင့် အ​ကောင်မျှောလှေး(ခေါ်) သက်ရှိအစာ(ရိုတီဖာ)မွေးမြူရေး

ငါးမွေးမြူရေးကဏ္ဍတွင် ငါးများ၏ ပထမအဆင့် ငါးငယ်(ခေါ်) ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန်နှုန်းကောင်းမွန်စေရန်နှင့် အဟာရပြည့်ဝစွာ စားသုံးနိုင်ရန်မှာ လွန်စွာအရေးကြီးလှပေသည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ ငါး(Fish)နှင့် အခွံမာသတ္တဝါလေးများ(Crustaceans) ၏ အစောဆုံးအရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ်တကူ စားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှုအနေဖြင့် မွေးမြူရာ၌ အသုံးပြုသော ရေထုနှင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏အစာခြေစနစ်သည် ကောင်းစွာ မဖွံ့ဖြိုးသေးသည့်အတွက် ၄င်းတို့၏ပါးစပ်အရွယ်အစားနှင့် သင့်လျော်သော အစာကို ကျွေးမွေးရန်လိုအပ်ပြီး ထိုအထဲတွင် သက်ရှိအစာ(ရိုတီဖာ)သည် အသင့်လျော်ဆုံး ဖြစ်ပါသည်။ နိုင်ငံတကာတွင် ငါးမှုန်ငါးသန်ထုတ်လုပ်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ သက်ရှိအစာ(ရိုတီဖာ)များ နေ့စဥ် အမြောက်အများ လိုအပ်လျက်ရှိပါသည်။

ငါးမွေးမြူရေးကန်အတွင်းရှိ ရေညှိရေမှော်လေးများကို သတ္တမျှောလှေးများက လည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များက လည်းကောင်း၊ ငါးငယ်လေးများကို ငါးကြီးများက လည်းကောင်း အဆင့်ဆင့်စားသုံးကြပြီး အစာကွင်းဆက်တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက်ရှိကြပေသည်။

သက်ရှိအစာ ရိုတီဖာ(သို့) သတ္တမျှောလှေး(သို့) အကောင်မျှောလှေး မွေးမြူနည်း

သတ္တမျှောလှေးအုပ်စုတွင်ပါဝင်သော ရိုတီဖာ(Rotifer) ဆိုသည်မှာ ကျောရိုးမဲ့ရေသတ္တဝါငယ် မျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေချိုမျိုးစိတ်နှင့် ရေငန်မျိုးစိတ်ဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ကာ ရေချိုမျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်နှင့် ရေငန်မျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၅၀ ခန့် အသီးသီးရှိကြပါသည်။ သက်ရှိအစာ ရေချိုရိုတီဖာတို့သည် လိင်မဲ့နည်းနှင့် လိင်ရှိနည်းတို့ဖြင့် မျိုးပွားခြင်းကို ပြုလုပ်ကြပါသည်။

ရေချိုရိုတီဖာများသည် အကောင်းဆုံးအပူချိန်(၂၅°C)တွင် သုံး၊လေးရက်အထိ နေထိုင်အသက်ရှင်နိုင်ပြီး အပူချိန်(၁၅-၃၅ °C)အထိ ခံနိုင်ရည်ရှိပါသည်။ ရိုတီဖာတို့နှစ်ခြိုက်သော ရေချိုရေညှိကို နေရောင်ခြည်ကောင်းစွာရရှိသော နေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့်ပစ္စည်းများကို အသုံးပြုနိုင်ပြီး ဇယားပါအချိုးအစားအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရပါမည်။

စဥ်       ထည့်သွင်းအသုံးပြုရမည့်ပစ္စည်းများ            ထည့်သွင်းရမည့်အချိုးအစား 

၁။       NPK (16-16-8 )                                        0.26 g/L

၂။       Urea ( 46-0-0 )                                         0.26 g/ L

၃။      Superphosphate ( 0-45-0 )                        0.1 g/ L

၄။      ထုံး                                                            0.12 g/ L

၅။      ပဲပိစပ် (သို့)  ဖွဲနု                                           0.12 g/ L

၆။      သကာရည်                                                   1.2 mL/L

၇။      ရေချိုရေညှိ                                                   200 mL/L တို့ဖြစ်သည်။

ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့် ရေစစ်ရေကို (၁း၃) ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့်ပမာဏကို အခြေခံတွက်ချက်ကာ သမအောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမီစုအစာဖွဲ့စည်းခြင်း ကောင်းစွာပြုလုပ်နိုင်ရန်နှင့် အထက်နှင့် အောက်ခြေသမအောင် ကန်အတွင်းသို့ ပျော်ဝင်အောက်ဆီဂျင် (၆-၈ မီလီဂရမ်/ လီတာ) ပမာဏကို လေပေးစက်ဖြင့် ပေးထားရန် လိုအပ်ပါသည်။

စတင်မွေးမြူသည့်ရက်မှ သုံးရက်မှ ငါးရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်အား အခြားမလိုလားအပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ်ပိုက်ကွက် (69 micrometer)  ဖြင့် စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ်သည့်ပစ္စည်းများ ထပ်မံထည့်သွင်းရမည်ဖြစ်ပါသည်။ အထက်ပါနည်းလမ်းအတိုင်း မိမိတို့လိုအပ်သည့် သတ္တမျှောလှေးပမာဏ ရရှိလာစေရန် ပြင်ဆင်မွေးမြူထားသော ရေချိုရေညှိကန်အတွင်းသို့ သက်ရှိရိုတီဖာမျိုးစိတ်သီးသန့်အား 12 pcs/ml နှုန်းဖြင့် ထည့်သွင်းမွေးမြူပြီး လေး၊ငါးရက်အကြာ တွင် ပမာဏအမြောက်အများ ပွားများလာသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူရာတွင်ဓာတ်ခွဲစမ်းသပ်ခန်းအတွင်းပမာဏအနည်းငယ်မွေးမြူခြင်း(Laboratory scale culture) ၊ အလတ်စားပမာဏ မွေးမြူခြင်း(Medium scale culture) ၊ အမြောက်အများ မွေးမြူခြင်း(Mass culture) စနစ်တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ချင်းမွေးမြူခြင်း (Batch culture)နှင့် စဥ်ဆက်မပြတ် မွေးမြူခြင်း (Continuous culture) တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။

သက်ရှိအစာ(ရိုတီဖာ)တွင် ပရိုတိန်းဓာတ် ၆၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁၁ ဒသမ ၇ ရာခိုင်နှုန်း ပါဝင်ခြင်းကြောင့် ငါးမှုန်အဆင့်တွင်လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ရေညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့အတူ သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူထားသော ကန်အတွင်းမှ ခပ်ယူ၍ ငါးသား ပေါက်ကန်များအတွင်းသို့ ပက်ဖျန်းကျွေးမွေးခြင်း သို့မဟုတ် သက်ရှိအစာ(ရိုတီဖာ) မွေးမြူထားသောကန်အတွင်းသို့ ငါးမှုန်များအား ပြောင်းရွှေ့ထည့်သွင်းမွေးမြူခြင်း တို့ဖြင့် နှစ်သက်ရာပုံစံဖြင့် မွေးမြူနိုင်ပါသည်။မွေးမြူထားသောကန်များအတွင်းမှ ရိုတီဖာများ အမြောက်အများစုဆောင်းရရှိပါက လေလုံအိတ်ငယ်များအတွင်းသို့ ထည့်သွင်းကာ ရေခဲသေတ္တာ(၄ °C)အတွင်း အေးခဲထားရှိပြီး နှစ်လ၊သုံးလအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။

မွေးမြူသားဖောက်ထားသော ငါးမှုန်များ ဥမှအကောင်ပေါက်ပြီး ၃ရက်သားခန့်တွင် ရိုတီဖာကို စတင်ကျွေးမွေးနိုင်ကာ အနည်းဆုံး တစ်ပတ်သားမှ အများဆုံး နှစ်ပတ်သားအထိ သက်ရှိအစာကျွေးမွေးနိုင်မည်ဆိုပါက ငါးများရှင်သန်နှုန်းကို သိသာစွာ မြှင့်တင်ပေးနိုင်မည်ဖြစ်၍ သုတေသနပြုစမ်းသပ်မှုများအရ ရှင်သန်နှုန်း ၇၀ ရာခိုင်နှုန်း အထိ မြှင့်တင်ပေးနိုင်ပါသည်။

လူ့ကျန်းမာရေးနှင့် သတ္တမျှောလှေးစျေးကွက်

နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြုရန် ကျန်းမာရေးဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြပါသည်။ ထို့အပြင် ငါးများနှင့် အခွံပါသတ္တဝါများကို ကျွေးမွေးရန် အမှုန့် ပုံစံဖြင့်လည်းကောင်း၊ သက်ရှိအစာမွေးမြူရေးလုပ်ငန်းများအတွက် အရည်ပုံစံအဖြစ် လည်းကောင်း၊အသင့်မွေးမြူရန်အတွက် သက်ရှိအစာ ရေချိုရိုတီဖာမွေးမြူရန် ဥ(cysts)များကို စနစ်တကျထုပ်ပိုးထားသော အိတ်ပုံစံဖြင့်လည်းကောင်းနှင့် ရေချိုရိုတီဖာ(အရှင်)ကို ထုပ်ပိုးအိတ်များဖြင့်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်အသုံးပြုလျက်ရှိပါသည်။

အချုပ်အားဖြင့် ဆိုရသော်

ငါးမှုန်အရွယ်ငါးငယ်များအတွက် လိုအပ်သော အာဟာရတန်ဖိုးများပါဝင်အောင်ဖော်စပ်စာများ ထုတ်လုပ်ဖြန့်ဖြူးအသုံးပြုကျွေးမွေးလျက်ရှိသော်လည်း အဆိုပါကျွေးမွေးလိုက်သည့် ဖော်စပ်စာများကို ငါးငယ်များက ကုန်စင်အောင် မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည်အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ် ခြောက်သွေ့မာကျောသဖြင့် အစာခြေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ်များအတွက် ဆိုးကျိုးသက်ရောက်မှုရှိစေနိုင်ခြင်း၊ ထိုမှတစ်ဖန်  ရှင်သန်နှုန်းကျဆင်းသဖြင့် တစ်ဖက်တစ်လမ်းမှလည်း စီးပွားရေးဆုံးရှုံးစေခြင်း စသော အချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။

ထို့ကြောင့် ရေရှည်တည်တံ့အောင်မြင်သော ငါးမှုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အထောက်အကူပြုပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး၏ ငါးမှုန်အဆင့်တွင် ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်များပြည့်စုံစွာပါဝင်သော သက်ရှိအစာရိုတီဖာ၏ အရေးပါပုံနှင့် မွေးမြူနည်းစနစ်တို့အား အသုံးပြုနိုင်ရန် မျှဝေဖော်ပြရေးသားလိုက်ရပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်