မြေကြီး အစိုဓာတ် ဆုံးရှုံးမှုကို လျော့ချနိုင်မည့် နည်းလမ်း သုံးသွယ်

08/12/2017 22:29 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

၁။ သစ်ဆွေးဓာတ်ထည့်ပြီး ရေထိန်းနိုင်စွမ်းကို မြှင့်တင်ပါ။

သစ်ဆွေးဓာတ်ဆိုတာ ဈေးကြီးပေးပြီး ဝယ်ယူရတဲ့ ဓာတုမြေသြဇာတွေဖြစ်တဲ့ ပုလဲတွေ၊ တီစူပါတွေထဲမှာ မပါဘူး။ ဒါပေမယ့် သစ်ရွက်ဆွေး၊ အမှိုက်ဆွေး၊ မြေဆွေး၊ ဘိုကာရှီစတဲ့ သဘာဝမြေသြဇာတွေ ထဲမှာတော့ များစွာပါဝင် ပါတယ်။ သစ်ဆွေးဓာတ်က မြေကြီးထဲမှာ အပင်အတွက် အာဟာရနဲ့ရေတွေကို ထိန်းသိမ်းထားပေးတဲ့ သိုလှောင်ရုံ တစ်ခုလို လုပ်ဆောင်ပေးပါတယ်။ သစ်ဆွေးဓာတ် ဆိုတာက သစ်ရွက်တွေ အပင် အပိုင်းအစတွေက အဏုဇီဝ ပိုးလေးတွေကြောင့်ဆွေးမြေ့ပြီး ဖြစ်ပေါ်လာတဲ့ အစိတ်အပိုင်းလေးတွေပါ။

သစ်ဆွေးဓာတ်က မြေကြီးထဲမှာ ရေမြုပ်လို လုပ်ဆောင်ပြီး ရေကို သူ့အလေးချိန်ရဲ့ ၉၀ရာခိုင်နှုန်း (ဆယ်ပုံမှာကိုးပုံ) ခန့် ထိန်းသိမ်းထားနိုင်စွမ်း ရှိပါတယ်။ ထိန်းသိမ်းထားတဲ့ ရေတွေကိုလည်း အပင်က စုပ်ယူတဲ့အခါ ထုတ်ပေးပါတယ်။ ရွံ့စေးဆန်တဲ့ မြေကြီးတွေမှာလည်း ရေထိန်းနိုင်စွမ်း မြင့်ပါတယ်။ ဒါပေမဲ့ သူတို့ ထိန်းထားတဲ့ရေအများစုက အပင်တွေ စုပ်ယူနိုင်စွမ်း မရှိပါဘူး။

၂။မြေဖုံးပြီး ရေငွေ့ပြန်မှုကို ထိန်းထားပါ။

မြေဖုံးတဲ့နေရာမှာ သက်ရှိနဲ့ သက်မဲ့ဆိုပြီး အမျိုးအစား (၂) မျိုး အကြမ်းမျဉ်း ခွဲခြားနိုင်ပါတယ်။

သက်မဲ့ ဆိုတာက ပလပ်စတစ်လိုမျိုးနဲ့ မြေကြီးက ဖုံးတာပါ။ ဖရဲ၊သခွားစိုက်တဲ့သူတွေ သုံးကြပါတယ်။ ရေကို အတန်သင့်ထိန်းနိုင်ပြီး ပေါင်းပေါက်ရောက်မှုကိုလည်း ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

သက်ရှိဆိုတာကတော့ အပင်ရဲ့အရွက်တွေ၊ ရိုးပြတ်တွေ၊ ဒါမှမဟုတ် စက္ကူတွေဖြစ်ပါတယ်။ သူတို့ ကိုယ်တိုင် အသက် မရှိနိုင်တော့ပေမယ့် အပင်တွေကို အကျိုးပြုနေတဲ့ အဏုဇီဝရဲ့ လုပ်ငန်းစဉ်တွေကို ကူညီပေးပါတယ်။ မြေကြီးထဲမှာ ရှိနေတဲ့ ဇီဝ ကမ္မဖြစ်စဉ်တွေရဲ့ အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

ဒီလိုမျိုး အပင်တွေရဲ့ အရွက်တွေ ၊ရိုးပြတ်တွေ စတာတွေနဲ့ မြေဖုံးပေးမယ်ဆိုရင်တော့ ပေါင်းတွေကို သက်သာစေတဲ့အပြင် ရေငွေ့ပြန်မှုကိုပါ လျော့ကျစေပါတယ်။ ပိုကောင်းတာကတော့ ဆွေးမြေ့လာတဲ့အခါ အပင်အတွက် အာဟာရ ရရုံသာမက မြေကြီး တည်ဆောက်ပုံပါ ကောင်းမွန်စေပါတယ်။ ဒါတွေအပြင် လောင်းလိုက်တဲ့ ရေတွေကိုလည်း စုပ်ယူ ထားပေးတော့ ရေလောင်းရတဲ့အကြိမ်ကို လျော့ချနိုင်ပါတယ်။ အချို့ နှစ်ရှည် အပင်တွေကြားမှာနဲ့ တောင်စောင်းတွေမှာ မြေပဲအရိုင်း (မြေကြီးမှာပဲ ကပ်ပေါက်ပြီး ဥမဥပါ) ကို စိုက်ထားတာ ထိုင်းနိုင်ငံမှာ တွေ့ဖူးပါတယ်။ ပဲမျိုးရင်းဖြစ်တော့ မြေဖုံးပေးတဲ့အပြင် မြေကြီးထဲကို နိုက်ထရိုဂျင် (အပင်ကြီးထွားမှုကို အားပေး - ပုလဲဓာတ်မြေသြဇာမှာ ပါတဲ့ဓာတ်တစ်မျိုး) ကိုလည်း ပြန်ထည့်ပေးပါတယ်။

ဓာတ်ပုံ- Ko Ko (ဖရဲ၊ သခွား၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်သူများအဖွဲ့ )

၃။ ပေါင်းပင်များကို ဖယ်ရှားပေးပါ

မြေကြီး အစိုဓာတ်ကို ထိန်းနိုင်ဖို့ နောက်တစ်နည်းကတော့ ပေါင်းတွေကို ဖယ်ရှားပါ။ အထူးသဖြင့် အမြစ်နက်နက် ဆင်းတဲ့ နှစ်ရှည်ခံပေါင်းတွေ ဖြစ်ပါတယ်။ ဒီလိုကိုယ်မလိုချင်တဲ့ ပေါင်းတွေက ရေတွေ စုပ်ယူလေလေ မြေကြီးထဲက အစိုဓာတ်တွေ မြန်မြန် ကုန်လေလေ ဖြစ်တာကြောင့် ပေါင်းတွေကို ဖယ်ရှားဖို့ကလည်း အရေးကြီးပြန်ပါတယ်။

ကိုးကား - FAO, GrowVeg

ရာသီဥတု ပြောင်းလဲမှုကို အန်တုနိုင်မယ့် စိုက်ပျိုးနည်းစနစ်တွေ ပိုမို နားလည်လာဖို့ ဆရာကြီးဦးသိန်းဆု ရေးသားတဲ့ ဆောင်းပါး၂ပုဒ်ကိုဖတ်ဖို့ အကြံပြုလိုပါတယ်။

http://greenwaymyanmar.org/article/642

http://greenwaymyanmar.org/article/641


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်