ဝက်ငယ်များတွင် ဖြစ်တတ်သော သွေးထဲသကြားဓာတ်နည်းခြင်းရောဂါ အကြောင်း

14/08/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

       မွေးကင်းစဝက်ငယ်လေးတွေရဲ့ အသဲထဲမှာ glycogen လို့ခေါ်တဲ့ ကစီဓာတ်ကို အလုံအလောက် မသိုလှောင်နိုင်တာကြောင့် သွေးထဲမှာရှိတဲ့ သကြားဓာတ်တွေလျော့နည်းလာခြင်းကြောင့် ဒီရောဂါဖြစ်ပွားရခြင်းဖြစ်ပါသည်။ ဒါ့အပြင် ရောဂါဖြစ်ပွားရခြင်းမှာ မိခင်ရဲ့ နို့ရည်ထဲမှာပါတဲ့ Lactose အပေါ်မှာလည်း မူတည်ပါသေးတယ်။ ဝက်ငယ်ကလေးတွေမှာ ဒီရောဂါဖြစ်ပွားပါက သေနှုန်းကတော့မြင့်ပါသည်။

ရောဂါဖြစ်ရသည့်အကြောင်းရင်းများ

       ၁။ များသောအားဖြင့် ဝက်ငယ်ကလေးများမှာမွေးပြီး (၁၂-၂၄) နာရီအတွင်းမှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်သည်။ ဝက်မကြီးကလည်း နို့အလုံအလောက်မပေးနိုင်တဲ့အခါမျိုးမှာလည်း ဖြစ်တတ်ပါသေးသည်။

       ၂။ ဝက်မကြီးမှ နို့အလုံအလောက်ပေးနိုင်သော်ငြား ဝက်ငယ်လေးများမှာ နို့ထစို့ဖို့အတွက် အင်အားချိနဲ့နေတဲ့အခါမျိုးမှာလည်း ရောဂါဖြစ်တတ်ပါသည်။

       ၃။ ဝက်မကိုကျွေးတဲ့အစာထဲမှာပါတဲ့ အာဟာရမမျှတတဲ့အခါမှာလည်း ရောဂါဖြစ်ပွားတတ်ပါသည်။

       ၄။ ဝက်မကြီး နို့မချခြင်း၊ ဝက်ခြံစိုထိုင်းစများခြင်း၊ အလွန်အေးခြင်း စတာတွေကြောင့်လည်း ရောဂါဖြစ်နိုင်ပါသည်။

       ၅။ ဒီရောဂါက အူလမ်းကြောင်းဆိုင်ရာရောဂါနှင့် အခြားသောဘက်တီးရီးယားရောဂါများ၊ မွေးရာပါရောဂါနှင့် သွေးယိုစိမ့်မှုရောဂါများနှင့်လည်း တွဲပြီးဖြစ်များတတ်ပါသည်။

       ရောဂါဖြစ်နိုင်ချေအများဆုံးမှာ ဝက်ကလေးများမွေးပြီး တစ်ပတ်အတွင်းမှာ အဖြစ်များဆုံးနဲ့ အတွေ့ရအများဆုံး ဖြစ်ပါသည်။

ရောဂါလက္ခဏာများ

၁။ ချမ်းပြီးတုန်နေခြင်း

၂။ ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း

၃။ ပါးစပ်မှ အမြှုပ်(သို့) တံတွေးများကျနေခြင်း

၄။ အကြောများတုံ့ဆိုင်းနေခြင်း။

၅။ ဒယီးဒယိုင်ဖြစ်နေခြင်း

၆။ မှိုင်နေခြင်း

၇။ မေးခိုင်နေခြင်းနှင့် တောင့်တင်းခြင်း

၈။ အပူချိန်သာမန်ထက်လျော့နေခြင်း

၉။ မှောက်ထိုင်နေခြင်း

၁၀။ အာဟာရချို့တဲ့နေတဲ့ပုံပေါက်ခြင်း

၁၁။ မေ့မြောခြင်းနှင့် သေဆုံးခြင်းတို့က ရောဂါရဲ့နောက်ဆုံးအဆင့် ဖြစ်ပါသည်။

       ဝက်ဦးနှောက် အမှေးပါးရောင်ရောဂါလက္ခဏာနှင့် တချို့ဆင်တူသောကြောင့် သေချာခွဲတတ်ဖို့ လိုပါမည်။

ရောဂါကုသခြင်း

       ရောဂါဖြစ်ပြီးဆိုပါက ချက်ချင်းကုသပေးဖို့ လိုအပ်ပါမည်။

       ၁။ ရောဂါဖြစ်နေသော ဝက်ငယ်လေးကို ခြောက်သွေ့ပြီးနွေးသော (အပူချိန်အနည်းဆုံး ၃၀ ဒီဂရီခန့်ရှိသော) နေရာသို့ ရွှေ့ပေးရပါမည်။

       ၂။ ကောက်ရိုးခင်းပေးခြင်း(သို့)မီးလုံးတပ်ထားပေးတာမျိုး လုပ်ပေးရပါမည်။

       ၃။ ဝက်မကြီးမှ နို့သေချာတိုက်ပေးရပါမည်။

       ၄။ ၂၀% dextrose အရည်ကို syringe (သို့) stomachtube နဲ့ မိနစ်(၂၀)ခြား တစ်ခါပုံမှန်အခြေအနေပြန်ဖြစ်သည်အထိ တိုက်ပေးရပါမည်။

ဦးဇော် (dof)

မှီငြမ်း- ဒေါက်တာခွန်သူရ(B.V.Sc)၏ ဝက်ရောဂါအကြောင်းဆောင်းပါးမှ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်