လေရှူမြစ်တွေ ဘာအတွက်...ဘယ်လို...

17/03/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပတ်ဝန်းကျင်မှာရှိတဲ့ အချို့သောအပင်တွေရဲ့ ပင်စည်ကနေ နွယ်ပင်တွေလိုမျိုး ရှည်လျားပြီးတွဲလောင်းကျနေတာတွေကို ဘာတွေလဲဆိုပြီး တွေးကြည့်ဖူးပါသလား။ 

အမှန်တကယ်တော့ အဲ့တာတွေက အပင်ရဲ့ လေရှူအမြစ် (Aerial Root) တွေဖြစ်ပါတယ်။ လေရှူ မြစ်ဟာ တစ်နည်းအားဖြင့် မူခြားမြစ် (adventitious root) ရဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ၎င်းတို့ဟာ အမြစ်တစ်ရှူးကနေ ကြီးထွားလာတာမဟုတ်ဘဲ အပင်ရဲ့ပင်စည် (သို့မဟုတ်) အရွက်တစ်ရှူးတွေကနေ ကြီးထွားလာတာဖြစ်ပါတယ်။

တခါတရံမှာ မတူညီတဲ့ အပင်အမျိုးအစားများစွာကနေ မတူညီတဲ့ရည်ရွယ်ချက်နဲ့ လေရှူမြစ်တွေ ထွက်လာလေ့ရှိပါတယ်။ သစ်ခွ၊ ပင့်ကူဂမုန်း၊ ကျားလက်ဝါးပင်၊ ရွှေလာငွေလာ၊ အိုင်ဗီ (တိုက်ကပ်နွယ်) နဲ့ ဖီလိုဒန်ဒရွန် (philodendron) ကဲ့သို့ လူကြိုက်များထင်ရှားတဲ့ အိမ်တွင်းအလှစိုက်အပင် မျိုးကွဲများစွာမှာလည်း လေရှူမြစ်တွေထွက်တာကို တွေ့နိုင်ပါတယ်။ 

လေရှူမြစ်ဆိုတာ လေနဲ့ အပြည့်အဝ (သို့မဟုတ်) တစ်စိတ်တစ်ပိုင်း ထိတွေ့နေတဲ့ အမြစ်တွေဖြစ်ကြပါတယ်။ အဆိုပါ လေရှူမြစ်တွေဟာ အပင်ကို ခိုင်ခံ့မြဲမြံအောင် ကူညီပေးပြီး ရေနဲ့ အာဟာရဓာတ် စုပ်ယူမှုကိုလည်း အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ ၎င်းတို့ဟာ သစ်ပင်တွေ၊ သစ် ခေါက်တွေနဲ့ ကျောက်တုံးတွေမှာ  တွယ်ကပ်နေတတ်ပေမဲ့လည်း မြေဆီလွှာထဲကိုတော့ လုံးဝနစ်မြုပ်သွားမှာ မဟုတ်တဲ့ အမြစ်တွေဖြစ်ပါတယ်။ 

၎င်းအမြစ်တွေဟာ လေနဲ့ထိတွေ့ရတာကြောင့် ခြောက်သွေ့နိုင်ခြေပိုများပြီး သဘာဝမှာဆိုရင် အထူးသဖြင့် အပူပိုင်းမိုးသစ်တောများကဲ့သို့ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာ ပေါက်ရောက်တဲ့ အပင်တွေမှာ အများဆုံးတွေ့ရလေ့ရှိတာ ဖြစ်ပါတယ်။ အချို့သော လေရှူမြစ်တွေဆိုရင် နေရဲ့စွမ်းအင်ကို အစာအဖြစ်သို့ ပြောင်းလဲပေးနိုင်တဲ့ ကလိုရိုဖီးလ်ပါရှိတာကြောင့် ကိုယ်တိုင် အစာချက်လုပ်နိုင်ကြတာ ဖြစ်ပါတယ်။  

လေရှူအမြစ်များအကြောင်း သိထားရမဲ့ အချက်ငါးချက်

၁။ အပင်တွယ်ကပ်နိုင်ရန် ကူညီပေးခြင်း

လေရှူအမြစ်တွေ ပေါက်လာရတဲ့ အကြောင်းအရင်းများစွာရှိပြီး ထိုအကြောင်းရင်းတွေထဲက တစ်ခုကတော့ တွယ်ကပ်ပေါက်ရောက်ပြီး ရှင်သန်ကြီးထွားနိုင်ဖို့ ဖြစ်ပါတယ်။ တိုက်ကပ်နွယ်ပင်၊ ရွှေလာငွေလာနဲ့ ကျားလက်ဝါးပင် အပါအဝင် တွယ်ကပ်ပေါက်ရောက်နိုင်တဲ့ အပင်အများအပြားရဲ့ အမြစ်တွေဟာ သစ်ပင်၊ နံရံ (သို့မဟုတ်) အဆောက်အအုံတွေပေါ်ကို နေရာချဲ့ထွင်ပေါက်ရောက်ခြင်းဖြင့် ၎င်းတို့ရဲ့ နွယ်ပင်တွေကို တည်ငြိမ်စေပြီး လုံခြုံမှုရှိစေဖို့ ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ အပင်တွေရဲ့ အနီးနားမှာ စင် (ဒါမှမဟုတ်) တိုင်တစ်ခုကို စိုက်ထူထားမယ်ဆိုရင် ၎င်းတို့ဟာ လုံခြုံတဲ့နည်းလမ်းနဲ့ ကြီးထွားရှင်သန်လာဖို့အတွက် ၎င်းတို့ရဲ့ လေရှူမြစ်တွေနဲ့အတူ စင် (သို့မဟုတ်) တိုင်ရဲ့ မျက်နှာပြင်ပေါ်သို့တက်လာပြီး တွယ်ကပ်ချည်နှောင်ထားလိုက်မှာ ဖြစ်ပါတယ်။ သဘာဝမှာဆိုရင်လည်း နွယ်ပင်များစွာဟာ အခြားသောသစ်ပင်တွေပေါ် တွယ်ကပ်ပေါက် ရောက်နိုင်ဖို့ လေရှူအမြစ်တွေကို အသုံးပြုခြင်းဖြင့် ၎င်းတို့အတွက် အလင်းရောင်ပိုမိုရရှိတဲ့ နေရာတွေဆီကို အရောက်သွားနိုင်တာဖြစ်ပါတယ်။

၂။ အပင်များ တောင့်တင်းသန်မာစေရန် ထောက်ပံ့ကူညီပေးခြင်း 

Ficus မျိုးစိတ်အပါအဝင် အခြားသော အပင်မျိုးစိတ်အချို့မှာဆိုရင် ၎င်းတို့ရဲ့ လေရှူမြစ်တွေဟာ အပင်ကနေ မြေဆီလွှာပေါ်ကို ကျဆင်းလာပြီးတဲ့နောက်မှာ ခိုင်ခံ့တောင့်တင်းလာပြီး သစ်ပင်ရဲ့ အကိုင်းအခက်တွေကို ထောက်ပံ့ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

ညောင်မျိုးရင်းဝင်အပင်တွေကတော့ ဒီအချက်အတွက် ထင်ရှားတဲ့ ဥပမာတစ်ခုပါပဲ။ ညောင်ပင်တွေမှာ တွေ့ရလေ့ရှိတဲ့ ခြေထောက်ပုံစံနဲ့တူတဲ့ အကိုင်းတွေက အမှန်တကယ်တော့ လေရှူအမြစ်တွေ ဖြစ်ကြပါတယ်။

၎င်းတို့ဟာ အလွန်ခိုင်ခံ့ပြီး နှာမောင်းနဲ့တူတဲ့ ပင်စည်ပုံစံမျိုးတွေရှိနေတာ ဖြစ်ပါတယ်။ လေရှူမြစ်တွေဟာ တဖြည်းဖြည်း တောင့်တင်းခိုင်မာလာပြီး အပင်ရဲ့အကိုင်းအခက်တွေ ပြုတ်မကျစေဖို့အတွက် ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ 

၃။ အစိုဓာတ် စုပ်ယူပေးနိုင်ခြင်း

လေသန့်ပင် (Air plant) နဲ့ သံလျှပ်ပန်းကဲ့သို့ Tillandsia မျိုးရင်းဝင် အပင်အများအပြားနဲ့ သစ်ခွကဲ့သို့ သစ်ကပ်ပင် (Epiphytic) တွေဟာဆိုရင် လေထု၊ မိုးရေနဲ့နှင်း၊ မြူခိုးတွေဆီက အစိုဓာတ်ကို စုပ်ယူဖို့အတွက် ၎င်းတို့ရဲ့ လေရှူအမြစ်တွေကို အသုံးပြုကြတာ ဖြစ်ပါတယ်။ အကယ်လို့ ရေချိုးခန်းထဲမှာ စိုထိုင်းဆများတာကို ကြိုက်နှစ်သက်တဲ့အပင်တွေ ထားရှိမယ်ဆိုရင် ရှည်လျားတဲ့ လေရှူ မြစ်တွေ ထွက်လာမှာဖြစ်ပြီး အခန်းတွင်းမှာ ပိုလျှံနေတဲ့ အစိုဓာတ်တွေကို စုပ်ယူပေးမှာဖြစ်ပါတယ်။

၄။ အပင်အမျိုးအစားများစွာကနေ လေရှူမြစ်များထွက်လာနိုင်ခြင်း 

ပတ်ဝန်းကျင်အခြေအနေသာ မှန်ကန်သင့်တော်နေမယ်ဆိုရင် အမျိုးမျိုးသော အပင်တွေကနေလည်း လေရှူမြစ်တွေ ထွက်ရှိနိုင်ပါတယ်။ အထူးသဖြင့် ကျားလက်ဝါးပင်၊ ရွှေလာငွေလာ၊ ဖီလိုဒန်ဒရွန်၊ rhaphidophora ၊ scindapsus စတဲ့ လူကြိုက်များတဲ့ အလှစိုက် သစ်ကပ်နွယ်ပင် အမျိုးအစားတွေမှာ လေရှူမြစ်တွေထွက်ရှိတာ အများဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်္ဂလိပ်အိုင်ဗီ (တိုက်ကပ်နွယ်) နဲ့ ခြောက်လပန်းနွယ်ပင် (Climbing Hydrangea) တွေမှာလည်း လေရှူမြစ်တွေကို တွေ့နိုင်ပါသေးတယ်။ အစိုဓာတ်ကို စုပ်ယူဖို့အတွက် လေထဲမှာ လေရှူမြစ်တွေ ပေါက်လေ့ရှိတဲ့ အပင်တွေကတော့ သစ်ခွပင်တွေနဲ့ ferns လို့ခေါ်ဆိုကြတဲ့ ငါးရိုးပင်၊ ငှက်သိုက်ပင် စတဲ့အပင်အမျိုးအစားတွေ ပါဝင်နေတာ ဖြစ်ပါတယ်။ 

နောက်ထပ် လေရှူမြစ်တွေ တွေ့နိုင်တဲ့ အပင်တွေကတော့ ပင့်ကူဂမုန်း (spider plant)၊ ကြွေပန်း (သို့မဟုတ်) ဘီဂိုးနီးယား (Saxifraga stolonifera) နဲ့ ရွက်ကျပင်ပေါက် (Kalanchoe daigremontiana) ကဲ့သို့ အပင်တွေဖြစ်ကြပါတယ်။ 

စိုထိုင်းဆရှိနေတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုးမှာ ညောင်ဘွန်ဆိုင်း၊ ညောင်ကြား (Ficus benjamina) နဲ့ စင်္ကာပူဗန်ဒါ (Ficus lyrata) ကဲ့သို့ Ficus မျိုးစိတ်အပင်တွေကို စိုက်ပျိုးထားမယ်ဆိုရင် လေရှူမြစ်အများအပြား ထွက်ရှိလာတာကို တွေ့ရမှာဖြစ်ပါတယ်။ 

၅။ ပြောင်းရွှေ့စိုက်ပျိုးတာမျိုး (သို့မဟုတ်) ဖယ်ရှားတာမျိုး မပြုလုပ်သင့်ပါ

လေရှူအမြစ်ပါရှိနေတဲ့ အပင်တွေကို မပြုလုပ်သင့်တဲ့ အရာများစွာရှိပါတယ်။ ၎င်းတို့ထဲကမှ တစ်ခုကတော့ အပင်မှာ လေရှူအမြစ်တွေ စတင်ထွက်ရှိလာတာကို တွေ့ရတဲ့ခါ လက်ရှိစိုက်ပျိုးထားတဲ့နေရာနဲ့ မသင့်တော်ဘူးဆိုပြီး ရွှေ့ပြောင်းစိုက်ပျိုးတတ်ကြတဲ့ အလေ့အထဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ လူအတော်များများအနေနဲ့  အမြစ်တွေဟာ မြေဆီလွှာအောက်မှာသာရှိတယ်လို့ ယူဆထားတာဖြစ်တဲ့အတွက် လေရှူမြစ်တွေထွက်လာတာကို တွေ့ရတဲ့အခါ အမြစ်ကြပ် (rootbound) နေတယ်လို့ယူဆကာ ပြောင်းရွှေ့တာမျိုး ဖယ်ရှားတာမျိုး ပြုလုပ်တတ်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လေရှူမြစ်ရှိနေတဲ့ အပင်တွေကို နေရာအသစ်ပြောင်းရွှေ့တာမျိုးပြုလုပ်ခြင်းက  အပင်အတွက် အကျိုးမရှိတာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ 

နောက်ထပ် မလုပ်သင့်တဲ့ အချက်တစ်ချက်ကတော့ လေရှူမြစ်တွေကို ဖယ်ရှားဖြတ်တောက်တာမျိုး ဖြစ်ပါတယ်။ ၎င်းဟာ အပင်ကို တိုက်ရိုက်မထိခိုက်စေပေမဲ့လည်း ဖြတ်တောက်လိုက်တဲ့ ဒဏ်ရာအနာကနေ ပိုးမွှားနဲ့ ရောဂါတွေဝင်ရောက်နိုင်ပြီး အပင်ကိုထိခိုက်ပျက်စီးစေနိုင်တာကြောင့် သတိပြုရမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

Ref:https://www.thespruce.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်