သံသရာရှည်သည့် အဖလာတောက်ဆင်မှိုဆိပ်

31/05/2023 15:00 PM တွင် ယုဘုန်း ယုဘုန်း မှ ရေးသား

အက်စ်ပါဂျီးလက်စ် (Aspergillus) မှိုမျိုးစိတ်များက ထုတ်လုပ်သည့် မှိုဆိပ် (Mycotoxin) များကို ခြုံငုံ၍ အဖလာတောက်ဆင်(Aflatoxins) ဟုခေါ်သည်။ အက်စပါးဂျီးလက်စ် ဖလဲဗက်စ်(A. flavus) နှင့် အက်စပါဂျီးလက်စ် ပါရာဆိုက်တီးကက်စ်(A. parasiticus) မှိုမျိုးစိတ်များမှာ အဓိကအကျဆုံး မျိုးစိတ်များဖြစ်သည်။ 

အဖလာတောက်ဆင် မှိုဆိပ်မျိုးကွဲများ 

အဖလာတောက်ဆင်များကို  AFB1 ၊ AFB2 ၊ AFG1 ၊ AFG2 နှင့် AFM1 ဟူ၍ ထပ်မံခွဲခြားနိုင်သည်။ အရောင်ပေါ်တွင်မူတည်၍ မျိုးကွဲများ ထပ်မံခွဲခြားထားခြင်းဖြစ်သည်။ 

  • AFB1 နှင့် AFB2 တို့သည် အပြာရောင် (Blue) ကို ရည်ညွှန်းပါသည်။ ၄င်တို့ကို A. flavus နှင့် A. parasiticus ဟူသော မှိုမျိုးစိတ်နှစ်ခုက အဓိကထုတ်လုပ်သည်။။  
  • AFG1 နှင့် AFG2 ကတော့ အစိမ်းရောင် (Green) ကို ရည်ညွှန်းပါသည်။ A. parasiticus မျိုးစိတ်က  ယင်းမှို ဆိပ်နှစ်ခုကို အဓိကထုတ်လုပ်ပါသည်။
  • AFM1 ကတော့ AFB1 ကို စားသုံးမိသည့်တိရစ္ဆာန်က အသည်းတွင် ပုံစံပြောင်းကာ ထပ်ဆင့်ထွက်ပေါ် လာသည့် မှိုဆိပ်ဖြစ်သည်။ 

အန္တရာယ်အကြီးဆုံး မှိုဆိပ် 

အဖလာတောက်ဆင် မျိုးကွဲများအနက် အဖလာတောက်ဆင် ဘီ - ၁ (Aflatoxin B1 – AFB1) သည် လူနှင့် တိရစ္ဆာန်များအတွက် အန္တရာယ်အကြီးဆုံးမှိုဆိပ် ဖြစ်ပါသည်။ ယနေ့အထိ ရှာဖွေတွေ့ရှိပြီးသမျှမှိုဆိပ်များအနက် AFB 1 သည် သဘာဝတွင်တွေ့ရသည့် ကင်ဆာအဖြစ်စေနိုင်ဆုံးသောအဆိပ်အတောက် (most potent naturally occurring carcinogen) ဖြစ်သည်ဟု ဆရာဝန်များ၊ အဆိပ်အတောက်ပညာရှင်များက သတ်မှတ်ထားကြသည်။ ၄င်းသည် အသည်းကို အဓိကဒုက္ခပေးသည့် မှိုဆိပ်ဖြစ်သည်။ 

သို့‌သော် AFB1 သည် ခန္ဓာကိုယ်ကို ၄င်းကိုယ်တိုင် တိုက်ရိုက်တိုက်ခိုက်ခြင်း မဟုတ်ပါ။ ယင်းမှိုဆိပ် ခန္ဓာ ကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက် အသည်းသို့ ရောက်ရှိသွားပါသည်။ အသည်းတွင် cytochrome P450 ဟူသော အင်ဇိုင်း (Enzyme) က AFB1 ကို Aflatoxin B1-8,9-Exo-Epoxide အဖြစ် သို့ ပြောင်းလဲပေးပါသည်။ ယင်းသည် လူနှင့် တိရစ္ဆာန်တို့အတွက် အန္တရာယ်ရှိသည့်အဆင့်ဖြစ်သည်။

AFB1 ကို ထုတ်လုပ်ပေးသည့် မှိုများသည် အပူချိန်မြင့်မားပြီး စိုစွတ်သည့် ရာသီဥတုကို ကြိုက်နှစ်သက်ကြ သည်။ ယင်းပတ်ဝန်းကျင်အခြေအနေမျိုးတွင် AFB1 ကို လွယ်လွယ်ကူကူတွေ့ရနိုင်သည်။ ထို့ပြင် ၄င်းတို့သည့် အဆီဓာတ်မြင့်မြင့်မားမားပါဝင်သည့် ကောက်ပဲသီးနှံများနှင့် စားသောက်ကုန်များတွင် ပေါက်ပွားရသည်ကိုလည်း ကြိုက်နှစ်သက်ကြောင်းတွေ့ရသည်။ ထို့ကြောင့် AFB1 ကို ကောက်ပဲသီးနှံများတွင်သာမက စားသောက်ကုန်များ၊ သစ်သီးများတွင်ပါ တွေ့ရနိုင်သည်။ 

AFB1 နှင့် ကင်ဆာ

သတ္တဝါတို့၏ ခန္ဓာကိုယ်မှ ရေ၊ အဆီနှင့် သတ္တုဓာတ် (ဥပမာ အရိုး) များကို ဖယ်ရှားလိုက်ပါက အသားဓာတ် (Protein – ပရိုတင်း) များသာ ကျန်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် ပရိုတင်းများသည် ခန္ဓာကိုယ်ကို တည်ဆောက်ထားသည့် အခြေခံအကျဆုံးအစိတ်အပိုင်းများ ဖြစ်သည်။ 

ခန္ဓာကိုယ်၏ အစိတ်အပိုင်းများ၊ ယင်းအစိတ်အပိုင်းများ၏ လုပ်ငန်းများ၊ ဇီဝကမ္မဖြစ်စဉ်များမှာ ကွဲပြားခြား နားသည့်အလျောက် ယင်းတို့အတွက် လိုအပ်သည့် ပရိုတင်းများမှာလည်း အမျိုးအစား မတူညီနိုင်ပါ။ ထို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အစိတ်အပိုင်းများနှင့် လုပ်ငန်းများအလိုက် လိုအပ်သည့် ပရိုတင်းအမျိုးအစား မြောက်များစွာကို ခန္ဓာကိုယ်ထဲတွင် တည်ဆောက်ယူကြရပါသည်။

 ထိုသို့ မတူညီသည့် ပရိုတင်းများကို တည်ဆောက်ရန်အတွက် အမိုင်နိုအက်ဆစ် (Amino Acids) အမျိုး ၂၀ ကျော်ကို မှန်ကန်စွာ တွဲစပ်ပေးကာ တည်ဆောက်ရပါသည်။

ပရိုတင်း မော်လီကျုတစ်ခုကို ရောင်စုံပုတီးစေ့ လေးများတွဲဆက်ထားသည့် ပုတီးကုံးလေးတစ်ခုနှင့် အနီးစပ်ဆုံး မြင်ယောင်ကြည့်နိုင်သည်။ အမိုင်နိုအက်ဆစ်များသည် အရောင်မတူညီသည့် ပုတီးစေ့လေးများ ဖြစ်သည်။ ပုတီးကုံးတစ်ခုနှင့်တစ်ခု  ပုတီးစေ့များတွဲဆက်ပုံ ကွာခြားသည်နှင့်အမျှ ပုတီးကုံးတစ်ခုနှင့်တစ်ခုလည်း မတူကွဲပြားခြားနားသွားမည် ဖြစ်သည်။ ထို့အတူ အမိုင်နိုအက်ဆစ်များ၏ အတွဲအဆက် ကွာခြားသွားသည်နှင့်အမျှ ထွက်ပေါ်လာသည့် ပရိုတင်းများ၏ အမျိုးအစားနှင့်၊ လုပ်ငန်းများလည်း ကွာခြားသွားမည် ဖြစ်သည်။ 

အမိုင်နိုအက်ဆစ်များကို မှန်ကန်စွာ တွဲစပ်နိုင်ရန်အတွက် ဖော်မြူလာ(code)ကို ဆဲလ်များအတွင်းရှိ မျိုးဗီဇပစ္စည်း(DNA) က ထိန်းသိမ်းပေးထားသည်။ DNA က ယင်းအမိုင်နိုအက်ဆစ် အတွဲအစပ်ဖော်မြူလာများကို ဖန်တီးရာတွင် နယူကလီယိုဘေ့စ် (nucleobases) ၄ မျိုးဖြင့် ဖန်တီးယူရသည်။ ၄င်းတို့မှာ အက်ဒီနင်း (Adenine - A)၊ ဆိုက်တိုဆင်း(Cytosine – C) ၊ ဂွါနင်း (Guanine - G) နှင့် သိုင်မင်း (Thymine – T) တို့ဖြစ်သည်။ 

AFB1 မှ ပြောင်းလဲလာသည့် Aflatoxin B1-8,9-Exo-Epoxide သည် DNA တွင် ရှိနေသည့် ဂွါနင်း (Guanine – G) ကို ပုံစံပြောင်းပစ်သည်။ တနည်းအားဖြင့် အမိုင်နိုအက်ဆစ်များတွဲစပ်ရန် DNA တွင် ထိန်းသိမ်းထားသည့် ဖော်မြူလာများကို မှားယွင်းသွားစေသည်။ 

 ဂွါနင်းမှာ ပုံမှန်မဟုတ်တော့သဖြင့် အမိုင်နိုအက်ဆစ် အတွဲအစပ်များ မှားယွင်းခြင်းကြောင့် ထွက်ပေါ်လာ သည့် ပရိုတင်းများမှာလည်း ပုံမှန်မဟုတ်တော့ချေ။ ပရိုတင်းများ ပုံမှန်မဟုတ်သည့်အတွက် ပုံမှန်မဟုတ်သည့် ဆဲလ်များထွက်ပေါ်လာသည်။ ၄င်းတို့မှာ ကင်ဆာဆဲလ်များ ဖြစ်ကြသည်။ 

AFB1 ရဲ့ မဆုံးသေးတဲ့ သံသရာ

AFB1 သည် ၄င်းအား စားသုံးမိသည့် လူနှင့်တိရစ္ဆာန်များကို တိုက်ရိုက်ဒုက္ခပေးရုံမျှမကပါ။ AFM1 အဖြစ် ပြောင်းလဲ၍ သွယ်ဝိုက်ကာ ဒုက္ခပေးနိုင်ပြန်ပါသည်။

AFB1 ပါဝင်နေသော ကောက်ပဲသီးနှံ၊ ယင်းကောက်ပဲသီးနှံဖြင့် ထုတ်လုပ်သည့် တိရစ္ဆာန်အစာကို စားသုံး သည့် နို့စားနွားများတွင် AFB1 သည် အသည်းကို အဓိကထား တိုက်ခိုက်ပါသည်။ အသည်းတွင် AFB1 အချို့အား AFM1 အဖြစ် ပုံစံပြောင်းလဲလိုက်ပါသည်။ ၄င်းကို hydroxylated metabolite ဟု ခေါ်ပါသည်။ 

ထူးခြားသည့်အချက်မျာ နွားများသည် AFM1 ကို နို့ထဲတွင် ပြန်လည်စွန့်ထုတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် AFM1 သည် နွားနို့ထဲမှတဆင့် နွားနို့သောက်သုံးသူများထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ပြင် ယင်းနွားနို့ကို အသုံးပြုကာ ထုတ်လုပ်သည့် နို့ထွက်ပစ္စည်းများတွင်လည်း AFM1 ပါဝင်နေမည် ဖြစ်ပါသည်။ ယင်းအချက်မှာ ပြည်သူ့ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်ပါသည်။ AFM1 သည်လည်း AFB1 ကဲ့သို့ပင် ကင်ဆာကို ဖြစ်စေသည့် မှိုဆိပ်ဖြစ်နေပါသည်။ အထူးသဖြင့် ကလေးငယ်များသည် AFM1 ကို ခံနိုင်ရည် ပို၍နည်းကြပြီး နွားနို့ သောက်သုံးမှုနှင့် နို့ထွက်ပစ္စည်းစားသုံး မှု ပိုမိုမြင့်မားကြသည့်အတွက် ပို၍ ဂရုစိုက်ရန် လိုအပ်ပါသည်။ 

စားသောက်ကုန်ထုတ်လုပ်မှု အဆင့်တစ်ဆင့်တည်းသာမက စားသောက်ကုန်၏ တန်ဖိုးကွင်းဆက်အတွင်း သံသရာရှည်လျားစွာ လိုက်လံ၍ ဒုက္ခပေးနိုင်သည့် အဖလာတောက်ဆင်မှိုဆိပ်ကို သတိပြုကာကွယ်ရန်မှာ တန်ဖိုးကွင်းဆက်တလျှောက် ပါဝင်သူ စိုက်ပျိုးမွေးမြူရေးသမားများ၊ ကုန်သည်ပွဲစားများ၊ လက်လီ လက်ကားရောင်းချသူများနှင့် စားသုံးသူများအားလုံးတွင် တာဝန်ရှိမည် ဖြစ်ပါသည်။ 

ယုဘုန်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဆွေးနွေးချက်များ

ဆွေးနွေးရန်