ကျန်းမာသန်စွမ်း အာဟာရဖွံ့ဖြိုးရန်အတွက် အိမ်ခြံဝန်း ဟင်းသီးဟင်းရွက် စိုက်ပျိုးခြင်း

20/12/2017 22:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

အိမ်ခြံဝန်းသီးနှံစိုက်ပျိုးခြင်းဖြင့် ကျန်းမာရေးအတွက် အာမခံချက်ရရှိစေမဲ့အပြင် အသုံးစရိတ်ချွေတာနိုင်ပြီး ပိုလျှံတာတွေကို ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေပါတိုးပွားလာနိုင်တယ် ဆိုတာကို ပြောပြပေးထားတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဤ အစီ အစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ လူသားတိုင်း အသက်ရှည်ရှည်နဲ့ ကျန်းမာစွာ နေထိုင်နိုင်ဖို့ အာဟာရဟာ အရေးကြီးပါတယ်။ ဒါ့ကြောင့် အာဟာရဆိုတာ ဘာပါလဲ။ ကျန်းမာသန်စွမ်းဖို့အတွက် ဘယ်လို အာဟာရဖြစ်စေမယ့် အစားအစားတွေကို စားသောက်သင့်ပါ သလဲ။ ဒါ့အပြင် Home Garden လို့ခေါ်တဲ့ အိမ်ခြံဝင်းသီးနှံစိုက်ပျိုးခြင်းအားဖြင့် ကျန်းမာရေးအတွက် ဘယ်လိုအာမခံချက် အပြည့်အဝရရှိတယ် ဆိုတဲ့အကြောင်းတွေကို ကိုယ်တိုင်သွားရောက် လေ့လာမေးမြန်းထားတဲ့ မြန်မာ့ အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်က စုစည်းတင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင့်…မိမိခန္ဓာကိုယ်ကြီး သက်ရှည်ကျန်းမာဖွံ့ဖြိုးဖို့နဲ့ မိမိရဲ့ အနာဂတ်မျိုးဆက်သစ်ဘဝများကို သာယာလှပပြီး ကျန်းမာဖွံ့ဖြိုးတဲ့ ဘဝအဖြစ် ပိုင်ဆိုင်ချင်တယ်ဆိုရင်တော အစားအစာ အာဟာရဓာတ်တွေကို ပညာရပ် တစ်ခုသဖွယ် မှတ်ယူလေ့လာပြီး စနစ်တကျ အချိုးကျ မျှတစွာ စားသုံးတတ်ဖို့ အလွန်ပဲ အရေးကြီး လှပါတယ်။ ဒီလို အစားအစာအာဟာရကို စနစ်ကျမျှတစွာ အသုံးချတတ်ဖို့ကိုလည်း ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ ရည်ရွယ်ချက် (၄) ရပ်ချမှတ်ပြီးတော့ ပြည်သူတွေကို နည်းပညာများ ဖြန့်ဝေအကောင်ထည်ဖော်လျှက် ရှိပါတယ်။ အဲ့ဒီနည်းပညာများအနက် က စိုက်ပျိုးသင့်တဲ့ သီးနှံအုပ်စု (၇) စုအကြောင်းနဲ့ ပတ်သက်ပြီး World Vision ရန်ကုန်ရုံးချုပ်မှ စိုက်ပျိုးရေးတာဝန်ခံ ဦးခွန်ကျော်ဇင်ထွဋ်ကလည်း သောတရှင်တွေအတွက် အခုလို မျှဝေပေးခဲ့ပါတယ်။

ဦးခွန်ကျော်ဇင်ထွဋ်။ ။ ရည်ရွယ်ချက် (၄) ချက် သတ်မှတ်ထားပါတယ်။ မိသားစုဝင်တိုင်း သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေကို ကိုယ်တိုင်စိုက်ပျိုး ကိုယ်တိုင်စားသုံးနိုင်ဖို့ ရည်ရွယ်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းသီး ဟင်းရွက်တွေ စိုက်ပျိုးလာပြီဆိုရင် မီးဖိုချောင်အသုံးစရိတ် ဝယ်ဖို့မလိုတော့ဘဲ လျော့ကျလာမယ်။ ဒါ့အပြင် ပိုလျှံလာတာကို ရောင်းမယ်ဆိုရင် အပိုဝင်ငွေတွေ တစ်ဖက်တစ်လမ်းက တိုးလာနိုင်ပါတယ်။ လူငယ်တွေ လူကြီးတွေနောက်လိုက်ပြီး သင်ကြားမယ် ပြန်လည်လုပ်ကိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ အတွေ့အကြုံကောင်းတွေ ရလာဖို့ရည်ရွယ်ပါတယ်။ နောက် ဆုံးအချက်အနေနဲ့ဆိုရင် သန့်ရှင်းလတ်ဆတ်တဲ့ ကိုယ့်ခြံထဲမှာစိုက်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားခြင်းအားဖြင့် လူကြီး လူငယ်မရွေး ကျန်းမာရေး ကောင်းပါမယ်။ ပိုပြီးတော့မှ ဦးတည်ထားတာကတော့ ငါးနှစ်အောက်ကလေးတွေနဲ့ ကိုယ်ဝန် ဆောင်မိခင်တွေ အဟာရပိုပြီး ပြည့်စုံလာစေဖို့ ဆိုပြီတော့ ရည်ရွယ်ချက် (၄) ချက် ချမှတ်ခဲ့ပါတယ်။ အဓိက ပို့ချပေး တာကတော့ သီးနှံအုပ်စု (၇) စုရှိတယ်ဆိုတဲ့ အကြောင်းချပြတယ်။ စိုက်သင့်တဲ့ ဟင်းသီးဟင်းရွက် အုပ်စု (၇) စု ကိုလည်း သူတို့ သိလာတယ်ဆိုတော့ စဉ်ဆက်မပြတ် နေ့စဉ်နီးပါး သို့မဟုတ် တစ်ရက်ခြားလောက် ရလာနိုင်အောင် ပို့ချပေးပါတယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များ အခုနားဆင်ခဲ့ရတာကတော့ စိုက်ပျိုးသင့်တဲ့ သီးနှံအုပ်စု (၇)စုရှိကြောင်းနဲ့ ပတ်သက်ပြီးတော့ ဦးခွန်ကျော်ဇင်ထွဋ်က ရှင်းလင်းတင်ပြသွားတာပဲ ဖြစ်ပါတယ်။ ဆက်လက်တင်ပြလိုတာကတော့ ကျွန်မတို့ နေ့စဉ် စားသုံး နေတဲ့ သား၊ ငါး ၊ ဟင်းသီးဟင်းရွက်၊ ဥအမျိုးမျိုး စသဖြင့် အစား အစာတွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အာနိသင် တွေများစွာပါရှိပါတယ်။

ဒေါက်တာထင်လင် (အစာအာဟာရဌာန၊ ကျန်းမာရေးဝန်ကြီးဌာန)။ ။ ကျနော် ဒေါက်တာ ထင်လင်ပါဗျ။ ရှမ်းပြည် နယ်မြောက်ပိုင်း ပြည်သူ့ကျန်းမာရေး ပြည်နယ်ဦးစီးမှူးအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ အဲ့ဒီမတိုင်ခင်ကတော့ အာဟာရဌာနက ဒုတိယညွှန်ကြားရေးမှူးပါ။ အစားအစာကို လူတွေလက်ပွန်းသတီး ခေါ်ဝေါ်တဲ့ အစားအစာအုပ်စုတွေ ပေါ်မှာ မူတည်ပြီးတော့ အစာအုပ်စုတွေကိုပြောတာ ဖြစ်ပါတယ်။ စပါးတွေ၊ ဂျုံတွေ အစေ့ အဆံတွေဟာ ကောက်နှံ အုပ်စု တွေထဲမှာပါတယ်။ ပြီးမှ အသားငါး အုပ်စု၊ တချို့က အသားနဲ့ ငါးကို တွဲပြောတယ်၊ တစ်ချို့ကတော့ အသားသက်သက် ငါးသက်သက် ခွဲပြောကြတယ်။ ပြီးရင် နို့နဲ့နို့ထွက်အစားအစာတွေ မျက်လုံးထဲမှာ မြင်အောင်ကြည့်လို့ရတဲ့အုပ်စုတွေ ကျွန်တော်ပြောမယ်။ နောက်ဥအမျိုးမျိုးပေါ့၊ ကြက်ဥ ဘဲဥ ငုံးဥတို့ အဲတာတွေ ပါတယ်။ နောက်အုပ်စုကျတော့ ဟင်းသီး ဟင်းရွက်တွေရယ်၊ နောက်တစ်အုပ်စုကတော့ သစ်သီးဝလံတွေ ဖြစ်တယ်။ ဒီလိုမျိုး အုပ်စုခွဲတာ ဖြစ်ပါတယ်။ အစာအုပ်စု တွေအကုန်လုံးစုံအောင်စားနိုင်ရင်ကောင်းပါတယ်။ အဲလိုစုံအောင်မစားနိုင်တောင်မှ အနည်းဆုံး တစ်ခုနှစ်ခုပါအောင် စားရ မယ်။ တစ်နပ်နဲ့တစ်နပ်ဆိုရင် ဖလှယ်ပြီးစားရမယ်။ ဥပမာ ကြက်သားနဲ့နွားနို့ မနက်မှာ စားမယ်ဆိုရင် နောက်တစ်နပ်မှာ ပဲနဲ့ဥတစ်မျိုးမျိုးကို ပါအောင်စားပေးရမယ်။ ဒါက ခန္ဓာကိုယ်ကြီးထွားစေတဲ့ အဟာရဓါတ်တွေရအောင် အစာအုပ်စု ရွေးချယ် တာဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ အာနိသင်ရဖို့ဆိုရင် အဓိက အစာအုပ်စု (၂) ခု ရွေးရပါမယ်။ တစ်ခုက ဟင်းသီး ဟင်းရွက်နဲ့သစ်သီးဝလံ။ နောက်တစ်ခုကျတော့ အစာအတွက် ပြင်ဆင်တော့မယ်ဆိုရင် ကျွန်တော်တို့က ထမင်းပူပူလေး ကိုချက်ပြီး ကြက်သားကြော်လေးနဲ့ ဆီလေးဆမ်းပြီးစား၊ အဲလိုပြီးသွားလို့ မဖြစ်ဘူး။ ဟင်းသီးဟင်းရွက်တွေလည်းပါအောင် ဟင်းအမယ်ရအောင်ချက်မယ်။ ပြီးရင် သစ်သီးဝလံတွေလည်းပါအောင် စားပေးရမယ်။ အင်အားဖြစ်စေမယ့် အစားအစာ အုပ်စုတွေ ရှိပါတယ်။ အဲဒီအုပ်စုက အစားအစာတွေကတော့ အဓိကစားသောက်နေတဲ့ ထမင်းပေါ့။ ပြီးတော့ အာလူး၊ ကန်စွန်းဥ၊ ပိန်းဥ ဒါတွေကလည်း အင်အားကိုဖြစ်စေတယ်။ ဒါ့အပြင် ဆီအမျိုးမျိုး ကလည်း အင်အားကိုဖြစ်စေတယ်။ အချိုအမျိုးမျိုးကလည်း အင်းအားကိုဖြစ်စေတယ်။ သို့သော် အချိုအမျိုးမျိုးကတော့ တန်ဆေးလွန်ဘေး ပေါ့နော်။ အခြား ရောဂါတွေ လက်ဆင့်ကမ်း ဖြစ်လာနိုင်တယ်။ အလွန်အကျွံစားရင် ဆီးချိုတို့ဘာတို့ အသက်အရွယ်ရလာရင် အချိုစားများ တဲ့လူက ပိုပြီးဖြစ်နိုင်တယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင် World Vision အနေနဲ့ ကျေးလက်နေတောင်သူပြည်သူတွေရဲ့ အားသာချက်၊ အားနည်း ချက်များကို ကွင်းဆင်းလေ့လာပြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လဲ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြ မြို့နယ်၊ အိမ်မဲမှာရှိတဲ့ တောင်သူကျေးရွာမှ စိုက်ပျိုးရေးသင်တန်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဒီစိုက်ပျိုးရေးသင်တန်း ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းအမျိုးအစားတွေအကြောင်း အသေးစိတ်ကိုတော့ World Vision မှ ဒေသဖွံ့ဖြိုး ရေး တာဝန်ခံ ဦးစိုးသူရက အခုလို ရှင်းလင်းတင်ပြပေးထားပါတယ်ရှင်။

ဦးစိုးသူရ (World Vision)။ ။ တောင်သူကျေးရွာမှာ ၂၀၀၅ ခုနှစ် ဧပြီလမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ကျဘမ်းနေ့စားတွေ လယ်သမားတွေ တခြားသောစိုက်ပျိုးသူတွေ မွေးမြူသူတွေကို ကျွန်တော်တို့ဆွေးနွေး ပါတယ်။ သူတို့ ရဲ့အားနည်းချက်တွေ အာသာချက်တွေ အခက်အခဲတွေ အဲဒါတွေကိုတွေ့ရှိပြီးတဲ့အခါမှာ ဒီကျေးရွာမှာ ဘယ်လို လုပ်ငန်း တွေက လုပ်ရင်ပိုပြီးအဆင်ပြေမလဲဆိုပြီးတော့ ကျွန်တော်တို့ အိမ်ခြံဝင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို ရွေးချယ်ခဲ့တယ်။ နောက်တစ်ခုက ဝက်မွေးမြူရေးလုပ်ငန်းတွေ၊ နောက်တစ်ခုကျတော့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ဆောင် ခဲ့ပါတယ်။ အခုတော့ ကျန်းမာရေးအားဖြင့်လည်း ကောင်းလာခဲ့တယ်။ နေ့စဉ်စားသုံးစရိတ်တွေကို လျှော့နိုင်ခဲ့တယ်။ တပိုင်တနိုင် စိုက်ပျိုးခြင်းအားဖြင့် တပိုင်တနိုင်အလေ့အထတွေလည်း ရှိလာသလို ကျွမ်းကျင်မှုတွေလည်း ရရှိလာပါတယ်။ နောက်တစ်ခုကတော့ အရင်းအနှီးနဲနဲလေးနဲ့ ကိုယ်ပိုင်စိုက်ပျိုးရေးတွေကို လုပ်နိုင်ခဲ့တယ်။ ဒီခြံဝင်းသီးနှံစိုက်ပျိုးရေးနဲ့ပဲ ကျေးရွာမှာ ကျန်းမာရေးဟောပြောပွဲတွေကိုလည်း နှစ်လတစ်ကြိမ် လုပ်ပါတယ်။ လုပ်ကြည့်တဲ့အခါမှာ အာဟာရချို့တဲ့တဲ့ ကလေးတွေ တော်တော်များများတွေ့ရတယ်။ အခုနောက်ပိုင်းမှာ အာဟာရချို့တဲ့တာ နည်းနည်းပဲကျန်တော့တယ်။ အပြည့်အဝတော့ မချနိုင်သေးဘူးပေါ့။ အခုအချိန်မှာ သူတို့စိုက်ထားတာတွေကို လတ်လတ်ဆတ်ဆတ် ခူးစားတဲ့အခါမှာ နေ့စဉ်သူတို့ရဲ့ စားသုံးစရိတ်တွေလည်း မထွက်တော့ဘူး။ တခါတရံမှာဆိုလို့ရှိရင် သူတို့အပြင်မှာရောင်းစားလို့ရှိရင် သုံး ထောင် ငါးထောင် ဝန်းကျင်လောက် နေ့စဉ်ဝင်ငွေတွေ ရှိလာတာတွေ့ရတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီကျေးရွာလေး မှာ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အခါမှာ အရင်ကထက် အများကြီးတိုးတက်လာတာကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ လည်း အိမ်တိုင်းအိမ်တိုင်းမှာ ဒီလိုအိမ်ခြံဝန်းအတွင်း အသီးအနှံစိုက်ပျိုးလာတာမျိုးကိုကျွန်တော် လုပ်သွားမှာ ဖြစ်ပါတယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင်…ကျွန်မတို့ရဲ့ အိမ်တွင်းသမားတော်ကြီးများ ဖြစ်ကြတဲ့ အိမ်ရှင်မတွေအတွက် အစားအစာကို စီမံခန့်ခွဲ ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ မူလပါဝင်တဲ့ ဗီတာမင်ဓာတ်များ ဆုံးရှုံးမှု မရှိရလေအောင် ဘယ်လိုချက်ပြုတ် ပြင်ဆင်သင့်တယ် ဆိုတာနဲ့ ပတ်သက်ပြီး အစိမ်းစားခြင်းနဲ့ ချက်ပြုတ်ပြီး စားခြင်းဆိုတဲ့ အပိုင်း (၂) ပိုင်းကို အာဟာရဌာနမှ ဒေါက်တာ ထင်လင်းက အခုလို ခွဲခြမ်း ရှင်းလင်းတင်ပြထားပါ သေးတယ်ရှင်။

ဒေါက်တာထင်လင်း။ ။ အစားအစာတွေကို လှီးဖြတ်ပြီးမှ ရေနဲ့ဆေးမယ်ဆိုရင် အစားအစာထဲမှာပါတဲ့ အာဟာရ တွေဆုံးရှုံးမယ်။ အဲလိုမဆုံးရှုံးရလေအောင် အစားအစာကို မလှီးဖြတ်ခင်မှာ ရေနဲ့ဆေးကြောဖို့လိုတယ်။ ဆန်တောင်မှ အကြိမ်ကြိမ် ရေနဲ့ပွတ်တိုက်ပြီး ဆေးမယ်ဆိုရင် ဆန်မှာပါတဲ့ အဟာရဓါတ်တွေဆုံးရှုံးသွားမယ်။ ဒါက ပြင်ဆင်တဲ့အပိုင်းမှာ အဟာရဓါတ်မဆုံးရှုံးရအောင် လိုက်နာရမယ့်အရာဖြစ်တယ်။ နောကတစ်ပိုင်းက ပြင်ဆင်ပြီးသားကို အစိမ်းလိုက်စားတာ ရှိတယ်၊ ချက်ပြုတ်ပြီး စားတာရှိတယ်။ ချက်ပြုတ်ပြီးစားတဲ့အခါမှာ အပူရှိန်ပြင်းပြင်းနဲ့ ကြာကြာချက်ပြုတ်မယ်ဆိုရင် အချို့သော အဟာရဓါတ်တွေ အလွယ်တကူဆုံးရှုံးမယ်။ ဗီတာမင်ကြွယ်ဝတာ ဟင်းသီးဟင်းရွက်တွေ သစ်သီးဝလံတွေ ဖြစ်တဲ့အတွက် ကြာကြာပြုတ်ခြင်းမလုပ်ဘဲနဲ့ အစိမ်းစားလို့ရမယ်ဆိုရင် အစိမ်းစားမယ် (သို့မဟုတ်) ချက်ပြုတ်ပြီး စားရမယ့် အရာဆိုရင် အပူူချိန်နဲနဲ အချိန်တိုတိုနဲ့ ဥပမာ အစိမ်းကြော်လိုဟာမျိုးပေါ့၊ အဲဒါဆိုရင် အာဟာရဓာတ် ဆုံးရှုံးမှု နည်းစေ တယ်ပေါ့။

နွဲ့နွဲ့ခိုင်။ ။ အစားအစာတစ်ခုဆီမှာ ပါဝင်တဲ့ အဟာရဓါတ်တွေဟာ တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဒါပေမယ့် လူတွေက ဟင်း အဖြစ်ချက်ပြုတ်တဲ့အခါမှာ တစ်မျိုးတည်းမဟုတ်ဘဲ ဥပမာ အစိမ်းကြော်ကြော်မယ်ဆိုရင် မုန်လာဥနီ ထည့်မယ်၊ ဂေါ်ဖီ လည်းထည့်မယ်၊ အရွက်တွေလည်းထည့်မယ် ဒါဆိုရင် လူနဲ့ပိုသင့်တော်တဲ့ အာဟာရကို ပေါင်းစပ်စားသုံးချင်းကနေ ရရှိမျာ ဖြစ်ပါတယ်။ ဒေါက်တာထင်လင်းက အဓိကအားဖြင့် ပြောပြထားတာကတော့ ဟင်းသီးဟင်းရွက်မှာရှိတဲ့ vitamin တွေ မဆုံးရှုံးရအောင် ကြာကြာမပြုတ်ဘဲ ခတ်စိမ်းစိမ်းလေး ကြက်ရုံလေးပဲ ချက်ပြုတ်စားမှသာ အဟာရတွေ မဆုံးရှုံးဘူးလို့ ဆိုပါတယ်။
ဒေါက်တာထင်လင်း။ ။ နောက်တစ်ခုကျတော့ ချက်ပြုတ်နည်းမှာ ဆီနဲ့ကြော်တာဖြစ်တဲ့အတွက် အစားအစာကနေရ တဲ့ အင်အားထပ်ပိုလာပါတယ်။ ဆီကအင်အားဓါတ်ကိုပေးစွမ်းနိုင်သလို အရသာကိုလည်း ပြောင်းသွားစေပါတယ်။ ပိုပြီးတော့ ခံတွင်းတွေ့စေတယ်။ ဒါကြောင့် ချက်ပြုတ်ပြီးစားသောက်ဖို့ လိုအပ်တယ်။ ဒါကနံပတ်တစ်။ နံပတ်နှစ်က ရောဂါ ပိုးတွေကို ကင်းရှင်းစေတယ်။ နံပတ်သုံးက သူ့ရဲ့အရသာကပြောင်းလဲသွားပြီးတော့ နှစ်သက်ဖွယ်အရသာကို အရောင် အဆင်းအနံ့ ပြောင်းသွားတယ်။ ဒါကြောင့်မို့လို့ ချက်ပြုတ်ပြီးစားရတယ်။ အဲလိုချက်ပြုတ်ပြီးစားတဲ့ အချိန်မှာ အပူချိန် လွန်လွန်ကဲကဲ ချက်ပြုတာ ရှောင်မယ်ဆိုရင် အဟာရဓါတ်ဆုံးရှုံးမှုကင်းမယ်။ ပုံမှန်အားဖြင့် အစားအစာတွေဟာ အဖုံး အုပ်ပြီး ချက်ပြုတ်တာ ရေနွေး ပွက်ပွက်ဆူမှာ ထည့်တာတွေဟာ အဟာရဓါတ်ဆုံးရှုံးမှုကို လျော့နည်းစေပါတယ်။ အဲဒါတွေ လည်း လိုက်နာဖို့လိုတယ်။

နွဲ့နွဲ့ခိုင်။ ။ သောတရှင်များရှင့် အစားအစာအာဟာရများရဲ့ အကျိုးအာနိသင်တွေကို အချိုးကျကျ မျှတစွာ စီမံဆောင်ရွက် ချက်ပြုတ် စားသုံးပြီး ရှောင်ရန် ဆောင်ရန်တွေကို လိုက်နာကာ မိမိ မိသားစု အနာဂတ်ဘဝကို သာယာလှှပ ပျော်ရွှင် ကျန်းမာသော အနာဂတ်ဘဝတစ်ခုအဖြစ် ဖန်းတီး တည်ဆောက်ကြပါစို့လားရှင်။
ဇင်ဝိုင်း။ ။ သောတရှင်များခင်ဗျာ မိသားစုဝင်တိုင်းက အိမ်ခြံဝန်းသီးနှံစိုက်ပျိုးခြင်းဖြင့် သန့်ရှင်းလတ်ဆပ်တဲ့ ဟင်းသီးဟင်း ရွက်တွေကို ကိုယ်တိုင်စိုက်ပျိုးလာတဲ့အတွက် ပိုမိုပြည့်ဝတဲ့ အာဟာရဓာတ်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင်လည်း သန့် ရှင်းလတ်ဆပ်တဲ့ သဘာဝဟင်းသီးဟင်းရွက်တွေကို သူ့အစာအုပ်စုအလိုက် ဂရုစိုက်ပြီးမှာ သေချာပြင်ဆင်ချက်ပြုတ်စား သောက်သွားမယ်ဆိုရင် လူကြီးလူငယ်မရွေး ပိုမိုကျန်းမာသန်စွမ်းတဲ့ဘဝကို ပိုင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။ အလားတူပဲ မီးဖို ချောင်အသုံးစရိတ်ကို လျော့ချနိုင်ပြီးတော့ ပိုလျှံတာတွေကို ရောင်းချခြင်းအားဖြင့် မိသားစု ဝင်ငွေတိုးလာမှာ ဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို နားစဉ်ကြတဲ့ သောတရှင် မိဘပြည်သူတွေ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ နောက်လာမယ့် သတင်း ပတ်တွေမှာလည်း စိတ်ဝင်စားဖွယ်ရာ အစီအစဉ်ကောင်းတွေကို တင်ဆက်ပေးသွားအုံးမှာဘဲ ဖြစ်ပါတယ်ခင်ဗျာ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်