၂၀၁၉ ခုနှစ်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဒီ အာဖရိက ဝက်အပြင်းဖျားရောဂါ (African Swine Fever) ဟာ လျော့နည်းသွားပြီဆိုပေမယ့် လက်ရှိအချိန်ထိ အမြစ်မပြတ်သေးတဲ့အတွက် ဝက်မွေးမြူရေးသမားတွေ ဆက်လက်သတိထားသင့်လို့ ဒီရောဂါအကြောင်း ဖော်ပြပေးလိုက်ပါတယ်..။
အာဖရိကဝက်အပြင်းဖျားရောဂါဆိုတာ ၁၉၀၇ ခုနှစ်မှာ အာဖရိကတိုက်၊ ကင်ညာနိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်..။ ဆိုတော့ အာဖရိကမှာ စတင်ဖြစ်ပွားတာမို့ ‘အာဖရိက ဝက်အပြင်ဖျားရောဂါ’ လို့ အမည်တွင်ရတာ ဖြစ်ပါတယ်..။
အဲ့ဒီကတဆင့် ဥရောပတိုက်နဲ့ အမေရိကတိုက်များသို့ ဆက်လက်ပျံ့နှံ့ခဲ့ပါတယ်..။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ပထမပါတ်ကစလို့ အာရှနဲ့အိမ်နီးချင်းနိုင်ငံများဖြစ်တဲ့ တရုတ်၊ မွန်ဂိုးလီးယား ၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယား၊ မြောက်ကိုးရီးယားနဲ့လာအိုနိုင်ငံများမှာ ပျံ့နှံ့လျက်ရှိပြီး ဝက်အများ အပြားသေဆုံးခဲ့ရပါတယ်.။
မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်မှာ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလား ဒေသတို့မှာ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ လားရှိုး၊ ကလေး ၊ရွှေဘိုဒေသတို့မှာ ဖြစ်ပွားခဲ့ကာ၂၀၂၁ ခုနှစ်မှာတော့ ကျိုင်းတုံဒေသမှာ နောက်တကြိမ် ထပ်မံဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်..။
မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ ရောဂါဖြစ်ပွားမှုနှုန်းလျော့နည်းစေရေးနဲ့ ထိန်းချုပ်နိုင်ရေးအတွက် ဆောင်ရွက်နေပေမယ့် ဝက်မွေးမြူရေးသမားတွေအနေနဲ့ သတိဆက်ထားသင့်တုန်းပါပဲ..။
ဒီရောဂါဖြစ်စေတဲ့ပိုးကတော့ -
စက်ဝိုင်းပုံရှိ DNA အမျိုးအစားဗိုင်းရပ်စ်ပိုးကြောင့်ပါ..။
ရောဂါဖြစ်တဲ့ တိရိစ္ဆာန်တွေကတော့ -
အိမ်မွေးဝက်တွေနဲ့ တောဝက်တွေမှာ အဖြစ်များပြီး အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်..။
ရောဂါကူးစက်ပျံ့နှံ့ခြင်းကတော့ -
ရောဂါပိုးကူးစက်ခံထားရတဲ့ ဝက်အညစ်အကြေးများ၊ ဝက်သား၊ ဝက်ထွက်ပစ္စည်းများ၊ မျက်ရည်၊ နှာရည်၊ သွားရည်၊ ဆီး၊ဝမ်း၊သွေးနှင့် အသားများနှင့် တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားကဲ့သို့သော ကြားခံလက်ခံကောင်များ တွယ်ခြင်း၊ ကိုက်ခြင်းနဲ့ ရောဂါပိုးနှင့် ထိတွေ့ထားသော ဆေးထိုးအပ်၊ အသုံးအဆောင်ပစ္စည်း၊ ဖိနပ်၊ အဝတ်အစား နဲ့ ယာဉ်တို့ကတဆင့် ကူးစက်ပျံ့ နှံ့တာပါ..။ (၃-၆)လအထိ အေးခဲထားသော ရောဂါပိုးကူးစက်ခံထားရတဲ့ ဝက်သားများနဲ့ ထိတွေ့ခြင်းကတဆင့်လည်း ကူးစက်နိုင်ပါတယ်..။
ရောဂါလက္ခဏာတေွကတော့ -
- နာတာရှည် ကူးစက်ခံရသောဝက်တွေမှာ ခြေလက်အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ဝမ်းဗိုက်)နီရဲခြင်း၊
- နာတာရှည်ကူးစက်ခံရသောဝက်တွေမှာ ကိုယ်အပူချိန် မမှန်ခြင်း၊ ကိုယ်အလေးချိန်လျော့ကျခြင်း။
- ရောဂါကူးစက်ခံရတဲ့ ဝက်တွေမှာ အရေပြားနီရဲခြင်း၊ ပန်းခရမ်းပြာအရောင်များပြောင်းပြီး ရုတ်တရက် သေဆုံးခြင်းတို့ ဖြစ်ပွားတတ်ပါတယ်..။
ရောဂါပျိုးချိန်ကတော့ -
- ပုံမှန်အားဖြင့် (၄-၁၉)ရက် ကြာပါတယ်..။ ရောဂါပြင်းထန်ပါက ရာနှုန်းပြည့်သေနှုန်းထိ ရှိနိုင်ပါတယ်.။
- (၃-၄)ရက်အတွင်း ရုတ်တရက်ဖြစ်ပွားသော အခြေအနေ များလည်း ရှိပြီးရောဂါပြင်းထန်တတ်ပါတယ်..။
ဆိုတော့ ဘယ်လိုကာကွယ်ကုသတာတွေလုပ်မလဲ..?
- ရောဂါကို ကြိုတင်ကာကွယ်နိုင်သောဆေးနှင့် ထိထိရောက် ရောက်ကုသနိုင်တဲ့ဆေးများ မရှိသေးပါဘူး..။ အဲ့ဒါကြောင့် ကူးစက်ရောဂါအနေနဲ့ ကာကွယ်ထိန်းချုပ်ဖို့ လိုပါတယ်..။
ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းကတော့ -
- ရောဂါဖြစ်ပွားနေသောဝက်နဲ့ အတူနေဝက်များကို သီးသန့် ခွဲခြားထားပါ။ ရောင်းချခြင်း၊ အခြားနေရာ သို့ သယ်ဆောင်ခြင်း မပြုရပါဘူး..။
- ရောဂါဖြင့်သေဆုံးတဲ့ ဝက်နဲ့ ဝက်ရဲ့အညစ်အကြေးများ၊ စားကြွင်းစားကျန်များနဲ့ အသုံးအဆောင် ပစ္စည်းများကို မြေမြှုပ်မီးရှို့ဖျက်ဆီးပါ။ ရေမျှောခြင်း၊ မြစ်/ချောင်း နဲ့ ရေတွင်း၊ရေကန်အနီး မြေမြှုပ်ခြင်း မပြုရပါဘူး။
- ပြန်လည်အသုံးပြုလို့ရတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသတ်သန့်စင်ပြီးမှ ထပ်မံအသုံးပြုရပါမယ်..။
- မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာနဲ့ ဝက်ခြံကို မွေးမြူရေးလုပ်ငန်းသုံး ပိုးသတ်ဆေးဖျန်းပေးပါ။
- မွေးမြူရေးခြံများရဲ့ ဇီဝလုံခြုံမှုကို မြှင့်တင်ပါ..။
- တိရစ္ဆာန်၊ လူ၊ ယာဉ် စတာတွေ ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ပါ။
- ဝက်ခြံလုပ်သားများအနေနဲ့ နှာခေါင်းစည်း၊လက်အိတ် စတာတွေ အသုံးပြုပါ။ လက်ကိုသေချာစွာ ဆေးကြောသန့် စင်ပါ။တစ်ကိုယ်ရည်သန့်ရှင်းရေး ဆောင်ရွက်ပါ။
- ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနရဲ့ အကူအညီကို ရယူပါ။
ဒီရောဂါပိုးဟာ အေးခဲအသားမှာ ၁၅ ပတ်၊ ဝက်ပေါင်ခြောက် မှာ ရက်ပေါင်း ၇၀၀၊ အေးခဲထားတဲ့ အသေကောင် တွေမှာ ၁၅ နှစ်လောက်ထိ နေထိုင်နိုင်ကြပါတယ်..။
ဒါပေမဲ့ ဒီအာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကို လုံးဝကူးစက်ခြင်း မရှိဘဲ တိရစ္ဆာန်အချင်းချင်းသာ ကူးစက်တတ်တာကြောင့် ဝက်ခြံတွေနဲ့ သားငါးစျေးများမှာ စနစ်တကျပိုးသတ်ဆေးဖျန်းခြင်းကို ပုံမှန်ဆောင်ရွက်ခြင်းနဲ့ ကာကွယ်သင့်ပါကြောင်း အကြံပြုအပ်ပါတယ်..။
ရေးသားသူ - ဦးဇော်(dof)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်