ရောဂါပျိုးချိန် (Incubation period)
မွေးမြူသူများအနေဖြင့် တိရစ္ဆာန်ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ရာတွင်လည်းကောင်း၊ ရင်ဆိုင်ကြုံတွေ့ရချိန်တွင်လည်းကောင်း၊ အရေးကြီးသည့် ကိန်းဂဏန်းအချက်အလက်တစ်ခုကို သိရှိရန် လိုအပ်လာမည် ဖြစ်ပါသည်။ ယင်းမှာ "ရောဂါပျိုးချိန် (Incubation period)” ဟူသော အချက်အလက်ပင် ဖြစ်ပါသည်။
ရောဂါပျိုးချိန်ဆိုတာ ဘာလဲ။
ရောဂါပိုးမွှားတစ်ခု တိရစ္ဆာန်၏ ခန္ဓာကိုယ်အတွင်းသို့ စတင်ကူးစက်ရောက်ရှိလာချိန်မှ တိရစ္ဆာန်တွင် ရောဂါလက္ခဏာများ စတင်၍ ပြသချိန်အထိ ကြားကာလကို ရောဂါပျိုးချိန်ဟု ခေါ်ပါသည်။
ဘာကြောင့် ရောဂါပျိုးချိန် ရှိရတာလဲ။
ရောဂါပိုးမွှားတစ်မျိုး တိရစ္ဆာန်၏ ခန္ဓာကိုယ်ထဲသို့ စတင်ကူးစက်ရောက်ရှိချိန်တွင် ရောဂါလက္ခဏာ ပြသနိုင်လောက်အောင် များပြားသည့် ပိုးမွှားအရေအတွက် ကူးစက်လာခြင်း မဟုတ်ပါ။ ပမာဏအနည်းငယ်သာ ကူးစက်လာခြင်း ဖြစ်ပါသည်။
ထိုပိုးမွှားများသည် ခန္ဓာကိုယ်အတွင်း ၎င်းတို့နှင့် သက်ဆိုင်သည့် အင်္ဂါအစိတ်အပိုင်းများ၊ တစ်သျှူး များသို့ ရောက်ရှိရန် လိုအပ်ပါသည်။ ထိုနေရာများသို့ ရောက်ရှိမှသာ ရောဂါလက္ခဏာ ပြသလာနိုင် လောက်အောင် များပြားသည့် ပိုးမွှားအရေအတွက် ရောက်ရှိသည်အထိ ပွားများကြရပါသည်။ ထို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ ကြာမြင့်နိုင်ပါသည်။ ယင်းကာလကို ရောဂါပျိုးချိန်ဟု သတ်မှတ်ခြင်းဖြစ်သည်။ ပိုးမွှားများ လုံလောက်သည့်ပမာဏရောက်ရှိသည်အထိ ပွားများရသည့် အချိန်ကို ဆိုလိုခြင်းဖြစ်ရာ အချို့က ပိုးပျိုးချိန်ဟုလည်း ခေါ်ဝေါ်ကြသည်။
ရောဂါပျိုးချိန်ကို ဘယ်လိုသတ်မှတ်သလဲ။
ရောဂါအများစုတွင် ရောဂါပျိုးချိန်မှာ နာရီ၊ ရက် စသည်ဖြင့် အတိအကျ ပြောရန်ခက်ခဲပါသည်။ ရောဂါပျိုးချိန် အတိုဆုံး မည်မျှကြာမည်၊ အရှည်ဆုံး မည်မျှကြာမည် စသည်ဖြင့်သာ ဖော်ပြနိုင်ပါသည်။
ဥပမာ - ခွာနာ လျှာနာရောဂါ၏ ရောဂါပျိုးရက်မှာ (၂-၁၄) ရက် ဖြစ်သည် ဆိုပါစို့။ ကျွဲ၊ နွား၊ သိုး၊ ဆိတ် တို့၏ ခန္ဓာကိုယ်ထဲသို့ ခွာနာလျှာနာဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ပြီးနောက် အစောဆုံး ၂ ရက်အကြာတွင် ရောဂါလက္ခဏာပြသပါမည်။ ယင်းထက်စော၍ ရောဂါလက္ခဏာပြသပါက ခွာနာလျှာနာရောဂါ မဟုတ်ဖို့ များပါသည်။ ထို့အတူ တိရစ္ဆာန်၏ ခန္ဓာကိုယ်ထဲသို့ ခွာနာလျှာနာဗိုင်းရပ်စ်ပိုး စတင်ဝင်ရောက်ပြီးနောက် နောက်အကျ ဆုံး ၁၄ ရက်အထိ ကာလအတွင်း ရောဂါလက္ခဏာပြသနိုင်ပါသည်။ ၁၄ ရက်နောက်ပိုင်းမှ ရောဂါလက္ခဏာ ပြသပါက ကူးစက်ခံရသည့် ပိုးမွှားသည် ခွာနာလျှာနာ ရောဂါ မဟုတ်ဖို့ များပါသည်။ ထို့ကြောင့် တိရစ္ဆာန်တွင် ခွာနာလျှာနာရောဂါပိုး အမှန်တကယ် ကူးစက်ခံရပါက ကူးစက်ခံရပြီးနောက် ၂ ရက်မှ ၁၄ ရက်အတွင်း တစ် ရက်ရက်တွင် တိရစ္ဆာန်၌ ရောဂါလက္ခဏာပြသမည် ဖြစ်ပါသည်။
ရောဂါပျိုးချိန်ကို သိဖို့ ဘာကြောင့် အရေးကြီးတာလဲ။
- ကူးစက်ရောဂါတစ်ခု၏ ရောဂါပျိုးချိန်ကို သိရှိခြင်းအားဖြင့် မည်သည့်ရောဂါဖြစ်ပွားနေသည် ဟူသည့် ရောဂါအမည်ဖော်ထုတ်ခြင်း (diagnosis) ပြုလုပ်ရာတွင် အထောက်အကူပြုပါသည်။
- ခြံတစ်ခြံအတွင်း သို့မဟုတ် ဒေသတစ်ခုအတွင်း ကျယ်ကျယ်ပြန့်ပြန့်ကြုံတွေ့နေရသည့် ရောဂါဖြစ်ပွားမှု (outbreak) ကို ထိန်းချုပ်ရာတွင် အထောက်အကူပြုပါသည်။
- ရောဂါစတင်ဖြစ်ပွားသည့် တိရစ္ဆာန် (Index case) ကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။
- ရောဂါစတင်ပျံ့နှံ့နေသည့်နေ့မှ ရောဂါပျံ့နှံ့မှုရပ်တန့်သွားသည့်နေ့အထိ ကြားကာလကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။
- ယင်းကြားကာလအတွင်း ရောဂါပျံ့နှံ့သွားသွားသည့် လမ်းကြောင်းများကို ရှာဖွေဖော်ထုတ်နိုင်မည်။
- ဖော်ထုတ်ရရှိသည့် ရောဂါကူးစက်ပျံ့နှံ့ရာလမ်းကြောင်းများမှ အခြားနေရာများသို့ ဆက်လက်၍ ရောဂါ ထပ်မံကူးစက်ပျံ့နှံ့သွားခြင်း မရှိစေရန် ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။
ရောဂါပျိုးချိန်ကို လွှမ်းမိုးတဲ့အချက်တွေက ဘာတွေလဲ။
ရောဂါပျိုးချိန်မှာ ကွာခြားချက်ရှိရာ၊ ယင်းကာလအတိုအရှည်ကို မည်သည့်အချက်များက လွှမ်းမိုးထားသည်ကို သိရှိရန် လိုအပ်ပါသည်။ အောက်ပါတို့က ရောဂါပျိုးချိန်ကို လွှမ်းမိုးနိုင်ပါသည် -
ရောဂါအမျိုးအစား
- ရောဂါပိုးမွှားတစ်ခုနှင့်တစ်ခု ပိုးပျိုးချိန် ကွာခြားမှု ရှိပါသည်။ အချို့ပိုးမွှားများမှာ နာရီပိုင်း အတွင်း ရောဂါလက္ခဏာပြသနိုင်ပြီး၊ အချို့မှာ လနှင့်ချီ၍ ကြာနိုင်ပါသည်။
ကူးစက်ခံရသည့် ရောဂါပိုးမွှားပမာဏ
- ကူးစက်ခံရသည့် ရောဂါပိုးမွှားပမာဏ များလျှင် ပိုးပျိုးချိန် တိုတောင်းပြီး၊ ရောဂါပိုးမွှား ပမာဏ နည်းလျှင် ပိုးပျိုးချိန် ရှည်လျားနိုင်ပါသည်။
ရောဂါပိုး ဝင်ရောက်သည့် လမ်းကြောင်း
- ရောဂါပိုးမွှားများသည် ခန္ဓာကိုယ်ထဲသို့ ကူးစက်ဝင်ရောက်ရာတွင် ၄င်းတို့ ဦးတည်တိုက်ခိုက်မည့် အစိတ်အပိုင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်လေလေ ပိုးပျိုးရက် လျင်မြန်လေလေ ဖြစ်သည်။ အဆုတ်ကို တိုက်ခိုက်မည့် ရောဂါပိုးမွှားများသည် အသက်ရှူလမ်းကြောင်းမှ ဝင်ရောက်ပါက ရောဂါလက္ခဏာ ပို၍လျင်မြန်စွာ ပြနိုင်ပါသည်။
တိရစ္ဆာန်၏ ကျန်းမာရေးအခြေအနေ
- အခြေခံကျန်းမာရေးညံ့ဖျင်းသည့် တိရစ္ဆာန်တွင် ရောဂါကူးစက်ရန် လွယ်ကူသကဲ့သို့ပင် ရောဂါပိုးများ ခန္ဓာကိုယ်အတွင်း ပွားများမှုလည်း လျင်မြန်မည် ဖြစ်ပါသည်။
တိရစ္ဆာန်အား ထားရှိသည့် ပတ်ဝန်းကျင်အခြေအနေ
- တိရစ္ဆာန်အား ထားရှိသည့်ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အတွက် သက်သောင့်သက်သာမရှိပါက ယင်းတိရစ္ဆာန်တွင် ဒဏ် (stress) ဖြစ်ပေါ်နေမည် ဖြစ်ပါသည်။ ထိုအခြေအနေတွင် တိရစ္ဆာန်၏ ခုခံအားစနစ်မှာ အားနည်းနေမည်ဖြစ်ရာ ရောဂါပိုးမွှားများ အလွယ်တကူပွား များနိုင်မည် ဖြစ်သည်။
သတိပြုရမည့်အချက်
- အရေးအကြီးဆုံးမှတ်သားရန်အချက်တစ်ချက်မှာ “ရောဂါပိုးမွှားများသည် တိရစ္ဆာန်တစ်ကောင်ကို ကူးစက်ပြီးနောက် ရောဂါလက္ခဏာမပြသေးသည့်တိုင် ပိုးပျိုးချိန်အတွင်းမှာပင် ယင်းတိရစ္ဆာန်၏ ခန္ဓာကိုယ်အတွင်း ပွားများနေသကဲ့သို့ပင် ယင်းတိရစ္ဆာန်မှ အခြားတိရစ္ဆာန်များထံသို့လည်း ဆက်လက်ကူးစက်နေနိုင်သည်” ဟူသည့်အချက်ဖြစ်သည်။
- တနည်းအားဖြင့် တိရစ္ဆာန်တစ်ကောင်တွင် ရောဂါလက္ခဏာ စတင်ပြသသည့်အချိန်တွင် ယင်းရောဂါမှာ အခြားတိရစ္ဆာန်များသို့ ကူးစက်ပျံ့နှံ့ပြီး ဖြစ်ကြောင်း သတိပြုရမည် ဖြစ်ပါသည်။
ထို့ကြောင့် တိရစ္ဆာန်အုပ် တစ်ခုအတွင်း ရောဂါလက္ခဏာ စတင်တွေ့ရှိပါက -
- ရောဂါလက္ခဏာပြသသည့် တိရစ္ဆာန်များကို ဆေးဝါးကုသပေးရန် လိုအပ်ပါသည်။
- ကူးစက်ပြီးနိုင်ချေရှိသော တိရစ္ဆာန်များကိုလည်း ရောဂါကြိုတင်ကုသမှုများ ဆောင်ရွက်ရပါမည်။
- ရောဂါ မကူးစက်ခြင်း မခံရသေးသော တိရစ္ဆာန်များကို ကြိုတင်ကာကွယ်ရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်