ရောဂါအမည်ကပေးတဲ့ဒုက္ခနှင့် ရောဂါအမှန်သိခြင်း၏အကျိုးကျေးဇူးများ

24/01/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

တိရစ္ဆာန်ရောဂါကာကွယ်တားဆီးရေးအခြေခံများ(၂) 

ရောဂါအမည်တပ်ခြင်း (Diagnosis)

တိရစ္ဆာန်များတွင် ကူးစက်ရောဂါကျရောက်သည့်အခါ "မည်သည့်ရောဂါဖြစ်ပွားနေသည်" ဆိုသည့် အ ချက်ကို ဖော်ထုတ်ရမည် ဖြစ်ပါသည်။ ယင်းကို ရောဂါအမည်တပ်ခြင်း (Diagnosis) ဟု ခေါ်ပါသည်။ 

မိရိုးဖလာ ရောဂါအမည်ပေးပုံ

မိရိုးဖလာအားဖြင့် ရောဂါများကို အမည်တပ်ရာတွင် ထင်ရှားသည့် ရောဂါလက္ခဏာတစ်ခုကို အစွဲပြု၍ ရောဂါအမည်ကို မှည့်ခေါ်ထားကြပါသည်။ အထူးသဖြင့် ထိုရောဂါကို ပထမဆုံးအကြိမ် စတင်တွေ့ရှိချိန်က အများဆုံးနှင့် အထင်ရှားဆုံး တွေ့ရှိရသည့် လက္ခဏာကို အစွဲပြု၍ မှည့်ခေါ်ကြခြင်း ဖြစ်ပါသည်။

သို့ရာတွင် ထိုရောဂါများမှာ ရောဂါအမည်တွင်ပါဝင်သည့် လက္ခဏာတစ်မျိုးတည်းသာ ပြတတ် သည်မဟုတ်ဘဲ အခြားသော ရောဂါလက္ခဏာပေါင်းမြောက်များစွာကိုလည်း ပြသနိုင်သည်ကို သတိပြုရမည် ဖြစ်ပါသည်၊ 

ဥပမာ ကျွဲ၊ နွား၊ သိုး၊ ဆိတ် များတွင် ခွာနာလျှာနာရောဂါ (Food and Mouth Disease) ဖြစ်ပွားပါက ခွာအရင်း (ခွာပန်းကုံး)နှင့် လျှာတို့တွင် အရည်ကြည်ဖုများ ဖြစ်ပေါ်ကာ အနာများဖြစ်ပေါ်လာသဖြင့် “ခွာနာ လျှာနာ” ရောဂါဟု မှည့်ခေါ်ထားခြင်း ဖြစ်သည်။ လက်တွေ့တွင် ခွာနာလျှာနာရောဂါဗိုင်းရပ်စ်ပိုးသည် ခွာနှင့်လျှာကိုသာ တိုက်ခိုက်ခြင်းမဟုတ်ပါ။ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများစွာကိုလည်း တိုက်ခိုက်ကြပါသည်။

နွားငယ်လေးများတွင် ခွာနာလျှာနာရောဂါဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက ယင်းဗိုင်းရပ်စ်ပိုးသည် နှလုံးကြွက်သားများကို တိုက်ခိုက်ဖျက်ဆီး ပစ်နိုင်ပါသည်။ ထို့ကြောင့်ပင် နွားငယ်လေး၏ နှလုံးကြွက်သားများတွင် ကျား၏ ခန္ဓာကိုယ်ကဲ့သို့ အစင်းကြောင်းများ ဖြစ်ပေါ်နေတတ်ပြီး၊ ယင်းကို အစွဲ ပြု၍ ခွာနာလျှာနာရောဂါကို “Tiger Heart Syndrome (ကျားနှလုံး)” ဟု မှည့်ခေါ်သည်လည်း ရှိပါသည်။

နောက်ထပ်ထင်ရှားသည့် ဥပမာတစ်ခုမှာ ကြက်၊ ငှက်များတွင် ဖြစ်ပွားသည့် လည်လိမ်ရောဂါ (New-castle Disease – ND) ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ယင်းရောဂါကို စတင်တွေ့ရှိခါစက ကြက်များ၏ အာရုံကြောစနစ်ကို တိုက်ခိုက်ခံရသည့်အတွက် လည်ပင်းများလိမ်သွားသည့် လက္ခဏာကို စတင်တွေ့ရှိခဲရသည်။ ထို့ကြောင့် ယင်းရောဂါကို “လည်လိမ်ရောဂါ” ဟု အမည်ပေးခဲ့ကြသည်။ သို့သော် လည်လိမ်ရောဂါဗိုင်းရပ်စ် ကူးစက်ခြင်းခံရသည့် ကြက်၊ ငှက်များတွင် အာရုံ ကြောစနစ်မဟုတ်ဘဲ၊ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများ (ဥပမာ အသက်ရှူလမ်းကြောင်း၊ မျိုးပွားလမ်းကြောင်း၊ မျက်လုံး စသည်ဖြင့်) တွင်လည်း ရောဂါလက္ခဏာဖြစ်ပေါ်နိုင်ပါသည်။ လက်တွေ့တွင်လည်း လည်ပင်းမလိမ်ဘဲ ကြက်များ လည်လိမ်ရောဂါဖြင့် သေဆုံးနိုင်သကဲ့သို့၊ လည်ပင်းလိမ်သည့် လက္ခဏာတွေ့ရသော်လည်း လည်လိမ်ရောဂါမဟုတ်ဘဲ အခြားရောဂါတစ်ခု ဖြစ်နေသည့် သာဓကပေါင်းများစွာ ရှိနေပြန်ပါသည်။  

ရောဂါအမည်ကပေးတဲ့ ဒုက္ခ

အချို့မွေးမြူရေးသမားများ (အထူးသဖြင့် မွေးမြူရေးလုပ်ငန်းကို ယခုမှ စတင်ထိတွေ့ဖူးသူများ) အ တွက် ကြုံတွေ့ရတတ်သည့် ဒုက္ခများစွာထဲတွင် ရောဂါအမည်က ပေးသော ဒုက္ခသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ မိမိမွေးမြူထားသည့် ကြက်တစ်ကောင် လည်ပင်းလိမ်နေသည်ကို တွေ့လျှင် “လည်လိမ်ရောဂါ” ဟု ချက်ချင်း ရောဂါအမည်တပ်ကာ လည်လိမ်ရောဂါကို ကုသရန် ကြိုးစားခြင်းမျိုး ဖြစ်သည်။ အကျိုးဆက်က ရောဂါအမှန်ကို မဖော်ထုတ်နိုင်ဘဲ၊ တောင်စမ်းစမ်း၊ မြောက်စမ်းစမ်း ကုသရင်း ဆုံးရှုံးလေလွင့်မှုများ ဖြစ်ပေါ်လာခြင်းပင်။ လည်လိမ်ရောဂါ ဆက်လက်ပြန့်ပွားမသွားရအောင် ထိန်းချုပ်ရမည့်အစား၊ လည်ပင်းလိမ်နေတာကို ဆေးကုဖို့ ကြိုးစားရင်း ခြံလုံးပြုတ်ကြရသည့် အသေးစားမွေးမြူရေးသမားများမှာ ဒုနှင့်ဒေးပင် ဖြစ်ပါသည်။ 

ရောဂါနှင့် ရောဂါလက္ခဏာ

တကယ်တမ်းတွင် ထိုမွေးမြူရေးသမားများပြောသော “ရောဂါ” ဆိုသည်မှာ “ရောဂါ၏လက္ခဏာ” တနည်းအားဖြင့် “ရောဂါကြောင့် တိရစ္ဆာန်တွင် တွေ့ရသည့်ပြောင်းလဲမှုများ” သာ ဖြစ်ပါသည်။ လည်ပင်းလိမ်ခြင်းသည် “လည်လိမ်ရောဂါ” သို့မဟုတ် “အခြား အာရုံကြောကို ထိခိုက်စေသည့် ရောဂါတစ်ခုခု” ကူးစက်ဖြစ်ပွားခြင်းကြောင့် ခန္ဓာကိုယ်တွင် တွေ့ရှိလာရသည့် လက္ခဏာတစ်ရပ်သာ ဖြစ်ပါသည်။ လည်ပင်းလိမ်ခြင်းနှင့်အတူ အခြားသော လက္ခဏာများ များစွာရှိနေနိုင်ပါသေးသည်။ 

ထို့ကြောင့် မိမိရှေ့တွင် တွေ့နေရသည့် ရောဂါလက္ခဏာကို အခြေခံကာ ဘာရောဂါ၊ ဘာရောဂါ စသည်ဖြင့် မိမိဘာသာရောဂါအမည်တပ်လိုက်ခြင်းမျိုးကို ရှောင်းရှားသင့်ပါသည်။ ကျွမ်းကျင်သူများနှင့် နည်းပညာတို့၏ အကူအညီဖြင့် စနစ်တကျ ရောဂါအမည်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ရန် လိုအပ်ပါသည်။ 

ရောဂါအမည်တပ်ဖို့ ဘာကြောင့်ခက်ခဲတာလဲ

  • ရောဂါအမည်တပ်သည့်လုပ်ငန်းမှာ လွယ်ကူရိုးရှင်းသည့် လုပ်ငန်းမဟုတ်ပါ။ စမ်းသပ်စစ်ဆေးချက် ရလဒ်များနှင့် အခြားအချက်အလက်ပေါင်းများစွာကို ပေါင်းစပ်ကာ ပြန်လည်သုံးသပ်ပြီးမှ ရောဂါအမည်ကို မှန်ကန်စွာ ဖော်ထုတ်ရရှိနိုင်ပါသည်။ ထိုသို့ ခက်ခက်ခဲခဲဆောင်ရွက်ရခြင်းမှာ အကြောင်းအရင်းများစွာ ရှိနေပါသည်။
  • တိရစ္ဆာန်များသည် လူတို့ကဲ့သို့ ၎င်းတို့ခံစားနေရသည့် ဝေဒနာများကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိပါ။ ထို့ကြောင့် မကျန်းမာသော တိရစ္ဆာန်များထံမှ ရောဂါနှင့်ပတ်သက်၍ ရရှိသည့် အချက်အ လက်မှာ (လူမမာများနှင့် နှိုင်းယှဉ်ပါက)နည်းပါးလှပါသည်။
  • တိရစ္ဆာန်ရောဂါအများအပြားသည် ရောဂါဖြစ်ပွားသည့်အခါ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုတည်း ကိုသာ တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ ခန္ဓာကိုယ်အစိတ်အပိုင်းများ၊ ခန္ဓာကိုယ်စနစ်များ (ဥပမာ အစာ ချေစနစ်၊ အသက်ရှူလမ်းကြောင်းစနစ် စသည်ဖြင့်) အများအပြား သို့မဟုတ် ခန္ဓာကိုယ် တစ်ခုလုံး ကိုလည်း တိုက်ခိုက်နိုင်သည်။ ထိုအခြေအနေတွင် ရောဂါလက္ခဏာတစ်မျိုးကို တွေ့ရုံဖြင့် မည် သည့်ရောဂါဖြစ်သည်ကို ချက်ချင်းကောက်ချက်ချရန် ခက်ခဲမည် ဖြစ်သည်။ 
  • တိရစ္ဆာန်ကို ရောဂါဖြစ်ပွားစေရန် အထောက်အကူပြုနိုင်သည့် နောက်ခံအကြောင်းအရင်းများ (ဥ ပမာ - မျိုး၊ အစာ၊ မွေးမြူပုံစနစ်၊ ပတ်ဝန်းကျင်၊ ရာသီဥတု၊ ဒဏ်ဖြစ်စေသည့် အရာများ စသည်ဖြင့်) များစွာရှိရာ ဖြစ်ပွားစေသည့် အကြောင်းအရင်းပေါ်မူတည်၍ ဖြစ်ပွားနိုင်သည့် ရောဂါအမျိုးအစား များလည်း များစွာရှိနေသည်။ 
  • တိရစ္ဆာန်များတွင် ကျရောက်သည့် ကူးစက်ရောဂါအများအပြားသည် ရောဂါလက္ခဏာ ဆင်တူကြ သဖြင့် ရောဂါလက္ခဏာတစ်ခုကို တွေ့ရှိရုံမျှဖြင့် မည်သည့်ရောဂါဖြစ်ပွားနေသည်ဟု ကောက်ချက် ချရန် မလွယ်ကူပါ။ အကယ်၍ မှားယွင်းစွာ ကောက်ချက်ချမိပါက အနာနှင့်ဆေး တည့်အောင် ပေးနိုင်တော့မည် မဟုတ်ပါ။ 
  • တိရစ္ဆာန်များတွင် ယခင်က မဖြစ်ပေါ်ခဲ့ဖူးသော်လည်း၊ အသစ်ထပ်မံဖြစ်ပွားလာသည့် ရောဂါသစ် များ (emerging diseases) နှင့် ယခင်ကဖြစ်ပွားခဲ့ဖူးပြီး၊ နှစ်ကာလအတော်ကြာ တိမ်မြုပ်ပျောက် ကွယ်ပြီးခါမှ နောက်တစ်ကြိမ် ပြန်လည်ဖြစ်ပွားလာသည့် ရောဂါများ (reemerging diseases) များ နှစ်စဉ်နီးပါး ပေါ်ထွက်လာလျက်ရှိရာ၊ ထိုကဲ့သို့ ရောဂါသစ် ဖြစ်ပေါ်နေပါက အလွယ်တကူ မ သိရှိနိုင်ပါ။ 

ရောဂါအမည်ကို မှန်ကန်စွာဖော်ထုတ်နိုင်ခြင်းက ဘယ်လို အကျိုးကျေးဇူးရနိုင်သလဲ 

  • မွေးမြူရေးခြံများတွင် ကျရောက်ဖြစ်ပွားနေသည့် ကူးစက်ရောဂါ၏ အမည်ကို မှန်ကန်စွာ ဖော်ထုတ်နိုင်ပါက အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ 
  • မှန်ကန်သော ကုသမှုပြုလုပ်ပေးနိုင်ခြင်း
  • ကုသ၍ ပျောက်ကင်းနိုင်သည် သို့မဟုတ် မပျောက်ကင်းနိုင်ဆိုသည်ကို ဆုံးဖြတ်နိုင်ခြင်း
  • အနာနှင့် ဆေးကို တည့်အောင်ပေး၍ ကုသနိုင်သဖြင့် မလိုအပ်ဘဲ သုံးစွဲရသည့် ဆေးဝါး (အထူး သဖြင့် ပဋိဇီဝဆေးဝါးများ) လျှော့ချလာနိုင်ပြီး ဆေးအတွက်‌လေးရသည့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချလာနိုင်ခြင်း
  • စီးပွားရေးအရ ထိခိုက်ဆုံးရှုံးနိုင်ချေကို ခန့်မှန်းနိုင်ကာ မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင် ခြင်း
  • အခြားတိရစ္ဆာန်များသို့ ထပ်မံ၍ ကူးစက်မှုမရှိအောင် တားဆီးသည့်လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်း
  • ကူးစက်ဖြစ်ပွားလျက်ရှိသည့် ရောဂါသည် လူသို့ကူးစက်နိုင်သည့်ရောဂါ (zoonosis) ဖြစ်ပါက ထို သို့ ကူးစက်လာခြင်း မရှိအောင် ဆောလျင်စွာကာကွယ်နိုင်ခြင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်