ဈေးကြီးလွန်းသည့်ကြက်စာများနေရာတွင် အေဇိုလာကို အစားထိုးအသုံးချနည်း

18/08/2022 17:00 PM တွင် Htet Zaw Htun (organic Farming Coach) Htet Zaw Htun (organic Farming Coach) မှ ရေးသား

Azolla ကို လတ်လတ်ဆတ်ဆတ် သို့မဟုတ် အခြောက်ပုံစံတို့ဖြင့် တိရစ္ဆာန်များကို ကျွေးနိုင်သည်။ နွား၊ ကြက်၊ သိုး၊ ဘဲ၊ ဆိတ်၊ ဝက် နှင့် ယုန် စသည့်တိရစ္ဆာန်များအား တိုက်ရိုက် သို့မဟုတ် အခြားအစာများဖြင့် ရောစပ်ကျွေးမွေးနိုင်ပေသည်။ 

တိရစ္ဆာန်အများစုသည် Azolla ၏ အရသာကို ကြိုက်နှစ်သက်ရန် အချိန်ယူရ၍ ရက်အနည်းငယ်ကြာအောင် တဖြည်းဖြည်း ကျွေးပေးရသည်။ ထို့ကြောင့်ပထမအဆင့်တွင် တဖြည်းဖြည်း အနံ့အရသာတို့အပေါ် ကြိုက်နှစ်သစ်လာအောင် စနစ်တကျကျွေးပေးရမည်ဖြစ်သည်။ 

Azolla ၏ အရသာကို တိရစ္ဆာန်များသိရန် ရက်အနည်းငယ်ကြာတတ်သောကြောင့် ကနဦးအဆင့်တွင် လတ်ဆတ်သော Azolla ကို စီးပွားဖြစ်အစာနှင့်အတူ 1:1 အချိုးဖြင့် ရောစပ်ကျွေးမွေးသင့်သည်။ 

Azolla ရောစပ်အစာကို နှစ်ပတ်ကြာကျွေးပြီး အဆင်ပြေသွားပြီဆိုပါက နောက်ပိုင်းတွင် အခြားအစာမထည့်တော့ဘဲဖြင့်လည်း ကျွေးနိုင်သည်။ လတ်ဆတ်သော Azolla သည် အလွန်ပျက်စီးလွယ်သောကြောင့် ပိုလျှံနေသည့်အခါ နောက်ပိုင်းတွင် အသုံးပြုရန်အတွက် အရိပ်ထဲတွင် အခြောက်ခံသိမ်းဆည်းထားသင့်ပေသည်။ 

Azolla ကို တိရစ္ဆာန်များအတွက် အာဟာရရှိပြီး စျေးပေါသော အော်ဂဲနစ်အစာ အစားထိုးအဖြစ်  အသုံးပြုနိုင်ရုံသာမက ဇီဝမြေသြဇာအဖြစ်ပါ အသုံးပြုနိုင်ပေသည်။ 

Azolla သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး သံဓာတ်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်စ်၊ ကြေးနီ၊ မန်းဂနိစ်စသည့် ဗီတာမင် A နှင့် ဗီတာမင် B-12 တို့ကဲ့သို့ မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များ ပါဝင်သည်ကို တွေ့ရှိရသည်။ ထို့ပြင် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်များ၊ ပရိုဘိုင်အိုတစ်များ၊ ဇီဝပိုလီမာများနှင့် ဘီတာကာရိုတင်းအားလုံးနီးပါးလည်း ပါဝင်သည်ကို တွေ့ရှိရသည်။ 

အေဇိုလာအခြောက်တွင် သတ္တုဓာတ် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း၊ ပရိုတင်း ၂၅ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းနှင့် အမိုင်နိုအက်ဆစ် ၇ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နိုင်ပြီး မြင့်မားသော ပရိုတင်းနှင့် လစ်နင်ပါဝင်မှုနည်းသောကြောင့် တိရစ္ဆာန်များအနေဖြင့် အလွယ်တကူ အစာချေဖျက်နိုင်သည်။ 

Azolla ကို ကြက်အစာအဖြစ် လက်တွေ့အသုံးချနည်း 

လတ်ဆတ်သော Azolla များကို ကြက်နှင့်ဘဲများအား အစားအသောက်များတွင် ထည့်သွင်းကျွေးမွေးနိုင်သည်။ ကျွန်တော်တို့နိုင်ငံတွင် ဒေသကြက်(တိုင်းရင်းကြက်)  မွေးမြူရေးလုပ်ငန်းသည် နှစ်ပေါင်းများစွာကတည်းက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် အမြတ်အစွန်းရှိသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး လူသားများအတွက် အတိုဆုံးအချိန်အတွင်း အာဟာရပြည့်ဝသော အသားများနှင့် ဥများကို ထောက်ပံ့ပေးနိုင်သည်။ 

သို့သော်လည်း ယခုအချိန်အခါတွင် အစာစျေးနှုန်းကြီးမြင့်မှုနှင့် အစားအစာပါဝင်ပစ္စည်းများ မရရှိနိုင်မှုများက တိရစ္တာန်စာ လုံလောက်စွာရရှိနိုင်မှုကို ခြိမ်းခြောက်နေသည်။ တပိုင်တနိုင်ကြက်မွေးမြူရေးကုန်ကျစရိတ် စုစုပေါင်း၏ 60 မှ 65% ခန့်အထိ ပါဝင်နေသော အစားအစာကုန်ကျ စရိတ်များက စိုက်မွေးသမားများအတွက် အခက်အခဲဖြစ်လာနေသည်။

ထို့ကြောင့် စိုက်ပျိုးမွေးမြူရလွယ်ကူသော အေဇိုလာမှာ ကြက်များအတွက် ဖြည့်စွက်စာအဖြစ်အသုံးဝင်လာသည်။ အေဇိုလာကို ကြက်သားပေါက်များမှအစ ကြက်ကြီးများအထိ ကျွေးနိုင်သည်။ အမျှင်ဓာတ်များကို အလွယ်တကူချေဖျက်နိုင်သောကြောင့် ကြက်ကလေးများကို Azolla ကျွေးခြင်းသည် အသားစားကြက်များ၏ အလေးချိန်ကို တိုးစေသလို  ဥစားကြက်များကိုပါ ဥထုတ်လုပ်မှု တိုးစေနိုင်ပါသည်။ 

လတ်ဆတ်သော Azolla သည် ကြက်စာများ၏ အစားအစာများတွင် စုစုပေါင်း ပရိုတင်းကြမ်း၏ ၂၀ ရာခိုင်နှုန်းခန့်အထိ ပါဝင်သောကြောင့် ပရိုတိန်းဓာတ်အတွက်လည်း တစ်စိတ်တစ်ပိုင်း အစားထိုးနိုင်သည်။ 

Azolla ဖြည့်စွက်စာ ၅% ပုံမှန်အစာရရှိသော ကြက်များသည် စုစုပေါင်းခန္ဓာကိုယ်အလေးချိန် ၁၀ မှ ၁၂ % တိုးလာကြောင်းသုတေသနများတွင်ဖော်ပြကြသည်။ စီးပွားဖြစ်မွေးမြူကြသောကြက်စာအတွက် အစားထိုးရန်ဆိုပါက ကြက်အကောင်ရေ ၁၀၀ အတွက်နေ့စဥ်လတ်ဆတ်သော azolla ၉ ကီလိုဂရမ်ခန့် လိုအပ်ကြောင်း Azolla farming project ၏ သုတေသနက ဖော်ပြထားပေသည်။

အေဇိုလာကျွေးပေးခြင်းဖြင့် ကြက်တစ်ကောင်အတွက် တစ်ကီလိုစာ အစာစရိတ် လျှော့ချနိုင်ပြီး အသားတင်အမြတ် ပိုများနိုင်သည်။ 

တကယ်လက်တွေ့အသုံးချနေသော ကြက်မွေးမြူ‌ရေးသမားများမှာလည်း လက်တွေ့အစားအစာကုန်ကျစရိတ်ကိုလျှော့ချနိုင်ပြီး အောင်မြင်စွာလုပ်ဆောင်နေကြသည်ကို အောက်ဖော်ပြပါ ပုံများတွင် လေ့လာနိုင်ပါသည်။ 

ယခုဖော်ပြထားသည့်ပုံများသည် ကျွန်တော့်ထံမှယူပြီး လက်တွေ့လုပ်ဆောင်နေသည့် ကိုသောမတ်စ်၏ နည်းစနစ်များ ဖြစ်ပါသည်။

သူ့ရဲ့ ကြက်စာစပ်နည်းကတော့ …

  • အေဇိုလာအစို၊ စပ်စာ၊ စပါးအညှောက်ဖောက်အစေ့များကို အချိုးကျ ၁း၁း၁ ဖြင့် စပ်ခြင်းဖြစ်သည်။ 

ကိုသောမတ်စ်မှာ ယင်းအချိုးအတိုင်း လွှတ်ကျောင်းကြက်စာအဖြစ် နေ့စဥ်ကျွေးမွေးပြီး လက်တွေ့အောင်မြင်နေသူတစ်ဦးဖြစ်ကြောင်း ဖော်ပြရင်း  အခြားလိုအပ်သော စိုက်ပျိုးမွေးမြူရေးသမားများအနေဖြင့်လည်း လက်တွေ့လုပ်ဆောင်နိုင်ကြရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်