စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်..

07/07/2025 14:00 PM တွင် Thu Ra Nyi Nyi Thu Ra Nyi Nyi မှ ရေးသား

ခုလို မိုးရာသီကာလတလျှောက်  အပင်လေးတွေပေါ်မှာ အထူးသဖြင့် အုန်းပင်၊ ထန်းပင်တွေမှာ မြင်တွေ့ရတတ်တာက စီရရီနဲ့ ရှိနေကြတဲ့ ဗူးထောင်းငယ်လေးတွေပဲ ဖြစ်ပါတယ်။ လေတိုက်လိုက်တိုင်း ရမ်းခါသွားတတ်တဲ့ တွဲလောင်း တွဲလောင်း ဗူးတောင်းငယ်လေးတွေက မိုးရာသီကို အလှပိုစေတယ်လို့ ပြောမယ်ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး။ ဒီလိုချစ်စရာကောင်းတဲ့ ဗူးတောင်းလေးတွေရဲ့ လက်ရာရှင်ကတော့ စာဗူးတောင်းငှက်(Baya Weavers)လေးတွေပဲ ဖြစ်ပါတယ်။​

ဗူးတောင်းပုံအသိုက်ကို အစွဲပြုပြီး စာဗူးတောင်းငှက်လို့ ခေါ်ကြတဲ့ ဒီကောင်လေးတွေကို အိန္ဒိယကျွန်းဆွယ်နဲ့ အရှေ့တောင်အာရှ တစ်ဝိုက်မှာ တွေ့ရပါတယ်။ ကိုင်းတောတွေ၊ စိုက်ပျိုးမြေတွေနဲ့ လူနေအိမ်ဧရိယာတွေနားမှာ ကျက်စားတတ်ကြပြီးတော့ ရေနဲ့နီးတဲ့ နေရာမျိုးမှာ အသိုက်ဆောက်လေ့ရှိကြပါတယ်။​ မျိုးစိတ်ခွဲ ၅ခု ရှိပြီး မြန်မာနိုင်ငံမှာ တွေ့ရများတာကတော့ (P. p. Burmanicus မျိုးစိတ်) ခေါင်းဝါဝါနဲ့ ကောင်လေးတွေပဲ ဖြစ်ပါတယ်။ မိတ်လိုက်ရာသီမဟုတ်တဲ့အချိန်မှာ အထီးနဲ့ အမ ပုံစံတူလေးတွေဖြစ်ပြီးတော့​ အရောင်အသွေးက စာကလေးလိုမျိုး တောင်ပံ၊ ကျောနဲ့ ခေါင်းတွေက အညိုရင့်နဲ့ အညိုဖျော့ အရောင်ဖောက်ထားသလိုပါ။​ ဝမ်းဗိုက်ပိုင်းကတော့ ဖြူဖျော့ဖျော့ပြင်ပဲ ဖြစ်ပါတယ်။ ။ မိတ်လိုက်ရာသီရောက်တဲ့အခါမှာ အမတွေက ဒီပုံစံတိုင်း ဆက်ရှိပြီးတော့ အထီးတွေက ခေါင်းနဲ့ ရင်အုံပိုင်းမှာ အဝါရောင်ဖြစ်လာပြီး အရောင်အသွေး ပိုလှလာပါတယ်။ 

ဗူးတောင်းငှက်လေးတွေမှာ အသိုက်ဆောက်ကြတာက အထီးကောင်လေးတွေပဲ ဖြစ်ပါတယ်။​ အဓိက ရည်ရွယ်ချက်ကတော့ အမတွေကို ဆွဲဆောင်ဖို့ပါ။​ မိတ်လိုက်ရာသီရောက်တာနဲ့ ဗူးတောင်းငှက်ထီးလေးတွေက အုပ်စုဖွဲ့ပြီး အသိုက်ဆောက်ဖို့ နေရာရှာကြပါတယ်။ နေရာတွေ့ပြီဆိုတာနဲ့ အပြိုင်အဆိုင် အသိုက်ဆောက်ကြတော့တာပါ။ ဗူးတောင်းငှက်မလေးတွေက အသိုက်ပေါ်ကိုကြည့်ပြီးတော့ အထီးကောင်လေးတွေရဲ့ လုပ်ရည်ကိုင်ရည်ကို အကဲဖြတ်လေ့ရှိပါတယ်။​

ဒီအသိုက်တွေက သူတို့ရဲ့ နောက်မျိုးဆက်ဖြစ်လာမဲ့ ဥတွေနဲ့ အကောင်ပေါက်လေးတွေအတွက် အကာအကွယ်ဖြစ်လာမှာပါ။ 

ဗူးတောင်းငှက်ထီးလေးတွေ အကြောင်းပြန်ဆက်ရရင် ဒီကောင်လေးတွေက ငရှုပ်လေးတွေပါ။​ အသိုက်တစ်ခု ဆောက်ပြီး ငှက်မတစ်ကောင်ရရုံနဲ့ မပြီးပါဘူး။​ နောက်ထပ် အသိုက်တွေထပ်ဆောက်ပြီး မယားပြိုင်ထားတတ်ကြပါတယ်။​ တရာသီမှာ အသိုက်လေးလုံးလောက်ထိ ဆောက်တတ်ကြတယ်လို့ ဆိုပါတယ်။​ ဒီဘရုတ်ကျတဲ့ကောင်လေးတွေက အသိုက်ဆောက်နေစဉ်မှာလဲ ကောင်းကောင်းမနေပါဘူး။ တခြားအကောင်ရဲ့အသိုက်က မြက်ခြောက်တွေကို အလစ်မှာ ဖြုတ်ခိုးတတ်သေးတာပါ။ 

ဗူးတောင်းငှက်ထီးလေးတွေ အသိုက်ဆောက်ကြပုံကို အဆင့်ခွဲရရင် ၄ဆင့် ရှိပါတယ်။ ပထမဆုံးအဆင့်တော့ အုတ်မြစ်ချတဲ့အဆင့် (Wad Stage) ဖြစ်ပါတယ်။​ ဒီအဆင့်မှာ သစ်ပင်က ကိုင်းလေးလေးတွေမှာ မြက် ဒါမှမဟုတ် ကောက်ရိုးမျှင်လေးတွေနဲ့ ပူးချည်ပါတယ်။ ဒုတိယအဆင့်ကတော့ တိုင်ထူတဲ့အဆင့် (Ring Stage) ပဲဖြစ်ပါတယ်။ အသိုက်ရဲ့ အဓိက ကျောရိုးဖြစ်လာမဲ့  ကွင်းပုံစံလေးကို စပြီး တည်ဆောက်ပါတယ်။ တတိယအဆင့်ကတော့ အုံအဆင့်(Helmet Stage) ပါ။ ဒီအဆင့်မှာတော့ ဦးထုပ်ပုံစံအုံလေး တည်ဆောက်ပါတယ်။​ တတိယအဆင့်ပြီးတဲ့အချိန်မှာ ငှက်မလေးတွေကို ခေါ်ပြပါတယ်။ အကယ်၍ ငှက်မလေးက လက်ခံတယ်၊ သဘောကျတယ်ဆိုရင် စတုတ္ထဆင့်ဖြစ်တဲ့ ဝင်ပေါက်က်ို ဆောက်လုပ်ပြီး အသိုက်ကို အပြီးသတ်ပါတယ်။ အကယ်၍ ငြင်းခံရရင်တော့ အဲ့ဒီဆောက်လက်စ ဗူးတောင်းကို ဖြုတ်ချလိုက်ပါတယ်။​ (ဆိုတော့ ပြုတ်ကျနေတဲ့ စာဗူးတောင်းလေးထဲမှာ ခေါင်းဝါလေးရဲ့ ကွဲကြေနေတဲ့ နှလုံးသားတစ်စုံပါပါသည်ပေါ့ - ဤကား စကားချပ်)။ 

ဒါပေမဲ့ အငြင်းခံရတဲ့ ကောင်လေးတွေက လောကကြီးကို အရှုံးမပေးသွားကြပါဘူး။ ပိုကောင်း ပိုသန့်တဲ့ နောက်ထပ် အသိုက်အသစ်ထပ်ဆောက်ပြီး နောက်ထပ်အမတွေကို ဆွဲဆောင်ပါတယ်။​

အသိုက်ဆောက်တဲ့ ဖြစ်စဉ်က ယေဘုယျအားဖြင့် ပထမအဆင့်မှာ ၂ရက်၊ ဒုတိယအဆင့်မှာ ၅ရက်၊ တတိယအဆင့်မှာ ၈-၁၀ ရက်ကြာပြီး အသိုက်တစ်ခုလုံး အပြီးသတ်ဖို့ကတော့ ၁၈ ရက်ခန့် ကြာတတ်ပါတယ်။​

ဆိုတော့ ဗူးတောင်းငှက်မလေးတွေကရော အသိုက်ကို ဘယ်လိုရွေးချယ်ကြလဲ?

​ ဒီနေရာမှာ ဒီငှက်မလေးတွေ အသိုက်ကို ကြည့်ပုံက လက်တွေ့ဆန်ပါတယ်။ လက်ရာမြောက်ပြီး လှပတာထက် နေရာအနေအထားကို ပိုကြည့်ပါတယ်။ အပင်ရဲ့ အမြင့်ဆုံးနဲ့ အစွန်ဆုံးကျတဲ့ကိုင်းတွေမှာ ဆောက်ထားတဲ့ ဗူးတောင်းတွေက ရွေးချယ်ခံရနိုင်ခြေပိုများပါတယ်။​ ဘာလို့လဲဆိုတော့ သူတို့ရဲ့ သဘာဝရန်သူတွေဖြစ်တဲ့ မြွေနဲ့ တခြားအကောင်တွေ လာရောက်ဖို့ မလွယ်ကူနိုင်လို့ပါ။ နောက်တခုက အဲ့ဒီ အသိုက်ဆောက်ထားတဲ့ အပင်မှာ ရှိနေတဲ့ တခြားသော ဗူးတောင်း အရေအတွက်ပါ။ ဘာကြောင့်လဲဆိုတော့ တခြားသော ငှက်တွေနဲ့ စည်းစည်းလုံးလုံး အုပ်စုဖွဲ့နေခြင်းအားဖြင့် သဘာဝရန်သူတွေကို ပူးပေါင်းကာကွယ်နိုင်ကြမှာမို့ပါ။ ဆိုတော့ အုပ်စုနဲ့ ခွဲထွက်ပြီး တစ်လုံးစ နှစ်လုံးစရှိနေတဲ့ ဗူးတောင်းမျိုးဆိုရင်တော့ ဒီငှက်မလေးတွေက လျစ်လျူရှုလိုက်မှာပဲ ဖြစ်ပါတယ်။  

ဆိုတော့ ဂေဟစနစ်အတွက်ကော ဒီကောင်တွေက ဘယ်လို အကျိုးပြုနေသလဲ?

မြင်သာတဲ့ အကျိုးပြုမှုတစ်ခုကို ပြောရရင် ပိုးမွှားတွေကို ထိန်းချုပ်ပေးတာပါ။​ ဒီကောင်လေးတွေရဲ့ အဓိက အစာက အစေ့အဆန်တွေ ဖြစ်ပေမဲ့ မိုးရာသီကာလ မိတ်လိုက်သားပွားချိန်မှာတော့ သူတို့ရဲ့မျိုးဆက် အကောင်ပေါက်လေးတွေ လိုအပ်တဲ့ အသားဓါတ်အတွက် ပိုးကောင်နဲ့ ဘောက်ဖတ်ကောင်လေးတွေကို ရှာဖွေကျွေးမွေးပါတယ်။​ ဒါက စိုက်ပျိုးရေးကဏ္ဍအတွက် အရေးပါတဲ့ အကျိုးပြုမှုပဲ ဖြစ်ပါတယ်။​ တဖန် အစာကွန်ယက်မှာလဲ သူတို့ရဲ့ ဥတွေ သားပေါက်လေးတွေက သားရဲကောင်တွေဖြစ်တဲ့ မြွေနဲ့ စွန်လိုမျိုးကောင်တွေအတွက် အစာပဲ ဖြစ်ပါတယ်။​ ဒါတွေအပြင် သဘာဝပတ်ဝန်းကျင်ကို တိုင်းတာတဲ့ နေရမှာလဲ ဒီကောင်လေးတွေကို ကြည့်နိုင်ပါတယ်။​ စာဗူးတောင်းငှက်လေးတွေ အများအပြားရှိနေရင် အဲ့ဒီနေရာက ရေအရင်းမြစ် ရှိတယ်၊​ စိုက်ပျိုးမြေကောင်းမွန်တယ်၊ ငှက်ကလေးတွေ နားခိုဖို့ အပင်တွေရှိနေတယ် စသည်ဖြင့် ကျန်းမာတဲ့ သဘာဝပတ်ဝန်းကျင်အဖြစ် သတ်မှတ်နိုင်ပါတယ်။​ 

ဗူးတောင်းငှက်လေးတွေအကြောင်းကတော့ ဒီလောက်ပါပဲ။ အားလုံးပဲ ဘေးရန်ကင်းကြပါစေ ခင်ဗျာ။ 

ကိုးကား 

Wikipedia

Pandian, M., & Ahimaz, P. (2018). Nesting Behaviour of the Baya Weaver Bird, Ploceus philippinus (Linnaeus) (Passeriformes: Ploceidae) in Rural Tamil Nadu, India. International Journal of Ecology and Environmental Sciences, 44(1), 33–42. [ISSN: 2320-5199]

Quader, S. (2006). What makes a good nest? Benefits of nest choice to female Baya Weavers (Ploceus philippinus). The Auk, 123(2), 475–486.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်