မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်း ဈေးအားလုံး သိသိသာသာမြင့်တက်

02/02/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့အပတ်ဈေးအပိတ် ဇန်နဝါရီ ၂၇ ရက်နဲ့ယှဉ်ရင် ဒီနေ့ ဖေဖော်ဝါရီ ၂ ရက်မှာတော့ မတ်ပဲ၊ ပဲစင်းငုံနီ၊ ပဲတီစိမ်းတွေဟာ ဈေးကွက်အားလုံးမှာ ဈေးတွေ သိသိသာသာမြင့်တက်လာပါတယ်။ 

ဇန်နဝါရီ ၂၃ ရက်တုန်းက ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၁၆၅၇၀၀၀ ကျပ် (တစ်တင်း ၅၃၂၈၀ ကျပ်) သာ ဈေးရှိခဲ့တဲ့ မတ်ပဲ(FAQ/RC – 2022) ဟာ ဒီနေ့မှာတော့ တစ်တန်ကို ၁၈၈၀၀၀၀ ကျပ် (တစ်တင်း ၆၀၄၅၀ ကျပ်) ထိဖြစ်လာတာမလို့ ၁၀ ရက်အတွင်း တစ်တန်ကို ကျပ် ၂၂၀၀၀၀ ကျော် ဈေးမြင့်တက်သွားတာပါ။

မတ်ပဲ(SQ/RC – 2022) ကလည်း ဇန်နဝါရီ ၂၃ ရက်တုန်းက တစ်တန်ကို ၁၈၈၇၅၀၀ကျပ် (တစ်တင်း ၆၀၆၉၀ ကျပ်) သာ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၂၀၃၃၀၀၀ ကျပ် (တစ်တင်း ၆၅၃၇၀ ကျပ်) ထိဖြစ်သွားပြီး သူလည်း ၁၀ ရက်အတွင်း တစ်တန်ကို ကျပ် ၁၄၅၀၀၀ ကျော် ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။

အခြားဈေးကွက်တွေဖြစ်တဲ့ မန္တလေး၊ အောင်လံ၊ ပေါင်းတည် ဈေးကွက်တွေအားလုံးမှာလည်း ဈေးတွေတက်လာတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်ဈေးအပိတ် ဇန်နဝါရီ ၂၇ ရက်နဲ့ယှဉ်ရင်ကို ဈေးတွေ ဆက်တိုက်မြင့်တက်လာတာဖြစ်ပါတယ်။

ပဲစင်းငုံနီဟာလည်း မတ်ပဲနဲ့အပြိုင် ဇန်နဝါရီ ၂၃ ရက်နောက်ပိုင်း ဈေးတွေပြန်တက်နေတာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်တုန်းက ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၁၈၁၁၀၀၀ ကျပ် (တစ်တင်း ၅၈၂၃၀ ကျပ်) သာရှိရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၁၉၅၇၅၀၀ (တစ်တင်း ၆၂၉၄၀ ကျပ်) ဖြစ်လာလို့ ၁၀ ရက်အတွင်း တစ်တန်ကို ၁၄၆၅၀၀ ကျပ် မြင့်တက်သွားတာဖြစ်ပါတယ်။

မန္တလေး၊ ပခုက္ကူ၊ ပြည် ဈေးကွက်အားလုံးမှာလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင်တောင် အတော်လေးမြင့်တက်လာတာဖြစ်ပါတယ်။

ပဲတီစိမ်းဈေးတွေဟာလည်း ဆက်တိုက်အတက်ပြနေပြီး အမျိုးအစားကိုလိုက်လို့ တစ်တင်းကို ကျပ် ၅၀၀၀၀ ကျော် ၆၀၀၀၀ နီးပါးကနေ ၇၀၀၀၀ ကျော်ထိ ဈေးတွေဖြစ်လာတာတွေ့ရပါတယ်။ (ရန်ကုန်ဈေးကွက်ဟာ ၁ ပိဿာဈေးနှုန်းတွေဖြစ်ပြီး ၁ တင်းဈေးနှုန်းသိချင်ရင်တော့ ၂၀ နဲ့ မြှောက်ကြည့်လို့ရပါတယ်။ မန္တလေးဈေးကွက်ကတော့ ၃ တင်းဝင်တစ်အိတ် ဈေးနှုန်းတွေဖြစ်ပါတယ်)

ဈေးတွေဘယ်လောက်ထိ တက်သွားတယ်ဆိုတာကိုတော့ အောက်ပါဇယားမှာ နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။ ( ဇယားမှာတော့ ပြီးခဲ့တဲ့ အပတ်သောကြာနေ့ (၂၇.၁.၂၀၂၃) ဈေးတွေနဲ့ပဲ နှိုင်းယှဉ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။)

ပြည်ပပို့ကုန်ပဲဈေးကွက်မှာ အိန္ဒိယရဲ့ပဲလိုအပ်ချက်ကြောင့် ဝယ်ယူမှုတွေမြင့်တက်နေတာ၊ ငွေလဲဈေးနှုန်းမြင့်တက်လာတာတွေအပြင် တရုတ်ဘက်ကပါ ဝယ်ယူမှုတွေ ရှိနေတာကြောင့် ဈေးတွေကောင်းနေတာဖြစ်တယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဈေးကွက်သတင်း အေဂျင်စီ(AMIA) ရဲ့ သတင်းပေးပို့ထားချက်တွေအရ သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်