- သိပ္ပံအမည် - Daucus carota
- မျိုးရင်း - Apiaceae
မုန်လာဥနီကို နေရာဒေသတော်တော်များများတွင် ဥရောင်းချရန်ရည်ရွယ်ချက်ဖြင့် တစ်ရာသီခံပင်အဖြစ် စိုက်ကြသည်။ အမှန်တကယ်တွင် အစေ့စတင်အညှောက်ပေါက်ချိန်မှ အပင်ကောင်းစွာကြီးထွားဖွံ့ဖြိုးပြီး အစေ့ပြန်ထုတ်ပေးသည်အထိဆိုလျှင် မုန်လာဥနီသည် နှစ်ရာသီခံပင် (biennial) ဖြစ်သည်။ ဆိုလိုသည်မှာ ဘဝစက်ဝန်းတစ်ခုပြီးမြောက်ရန် (၂) ရာသီ ဖြတ်သန်းရမည်ဖြစ်သည်။
မျိုးစေ့ထုတ်လုပ်ရာတွင် အစေ့ကစစိုက်၍ မျိုးစေ့ထုတ်ကြသည်ရှိသလို အသင့်ရှိပြီးသားဥကိုပြန်စိုက်၍လည်း မျိုးစေ့ထုတ်လုပ်နိုင်ပါသည်။ မုန်လာဥနီသည် အအေးကြိုက်သော ဟင်းသီးဟင်းရွက်အမျိုးအစားတွင် ပါဝင်သောကြောင့် သမပိုင်းဇုန်တွင် နွေဦးရာသီ၌ စိုက်နိုင်ပြီး အပူလေျာ့ပိုင်းဇုန်တွင် ဆောင်းဦးရာသီ/ဆောင်းရာသီတို့၌ စိုက်နိုင်ပါသည်။
ဥကို ပြန်စိုက်၍ မျိုးစေ့ထုတ်ခြင်း
ဥသည် ပထမကြီးထွားရာသီ (အပင်ပိုင်းကြီးထွားမှု)ကို ဖြတ်ကျော်ပြီးသွားပြီဖြစ်၍ မျိုးစေ့ထုတ်ချိန်ထိဆိုပါက ဒုတိယကြီးထွားရာသီ (မျိုးပွားမှု) လုပ်ငန်းစဉ်များကိုသာ လုပ်ဆောင်ရန် လိုအပ်တော့သည်။
မျိုးဥရွေးချယ်ခြင်း
- မျိုးဥအဖြစ် ရွေးချယ်ရာတွင် လတ်ဆတ်သော ဥများကို ရွေးချယ်အသုံးပြုသင့်သည်။ အနာအဆာပါသောဥ၊ ပိုမွှားရောဂါကျရောက်နေသောဥ၊ အမွေးအမှင်များ၍ မျက်နှာပြင်ကြမ်းနေသောဥများ စသဖြင့် မိမိမကြိုက်သော လက္ခဏာပါရှိသော ဥများကို ဖယ်ရှား၍ စိုက်သင့်ပါသည်။
- သို့မှသာ ဘဝစက်ဝန်းကို အောင်မြင်စွာ ပြီးမြောက်၍ အောင်သောအစေ့/ကျန်းမာသောအစေ့များကို ရရှိနိုင်မည် ဖြစ်သည်။
- ပါကင်ထုတ်ပြီးရောင်းသောဥများထက် ကွင်းမှ လတ်လတ်ဆတ်ဆတ်ရသော ဥများ (သို့) ဖြန့်ရောင်းသော ဥများကို ရရှိနိုင်လျှင် ပို၍ ရှင်သန်အားကောင်းပါသည်။
မြေနေရာရွေးချယ်ခြင်းနှင့် ပြင်ဆင်ခြင်း
- မုန်လာဥနီကို အစေ့ထုတ်ရန် ကွင်းပြင် (open field) တွင် စိုက်မည်ဆိုပါက တခြားမျိုးများနှင့် မျိုးမရောစေရန် အကွာအဝေး ၂၀၀၀ မီတာ ( ပေ ၆၅၀၀ ကျော်) ခြားစိုက်ဖို့လိုပါသည်။ ဖန်လုံအိမ်၊ ပလက်စတစ်မိုးအိမ် (in closed area) တွင် စိုက်မည်ဆိုပါကမူ ၆၀၀ မီတာ (ပေ ၂၀၀၀ ခန့်) အကွာအဝေးထားရုံဖြင့် လုံလောက်ပါသည်။
- ဥကောင်းစွာရှင်သန်လာနိုင်ရန် အာဟာရပြည့်ဝသောမြေဖန်တီးထားရပါမည်။
- စိုက်မြေသည် အလေ့ကျပေါက်ပင်များကင်းလွတ်ရမည်။
- နီမတုပ်၊ ဘတ်တီးရီးယား၊ မှိုကဲ့သို့သော မြေအောင်း ရောဂါများကို ကာကွယ်နိုင်ရန် မြေအောင်းပိုးသတ်ဆေးကို မြေတွင် ကြိုတင်သုံးထားသင့်ပါသည်။ သို့မှသာ ဒဏ်ရာရထားသော မျိုးဥများပြန်စိုက်ရာတွင် မြေအောင်း ရောဂါများ ကူးစက်ခြင်းမှ ကာကွယ်နိုင်မည်ဖြစ်သည်။
- နေရောင်ခြည်နှင့် အလင်းရောင် အပြည့်အဝရသောမြေ၊ မြေချဉ်ငန်ဓာတ် 6.0-6.8 ရှိ၍ မွသောမြေတို့တွင် ကောင်းစွာကြီးထွားနိုင်ပါသည်။ မြေခံတွင် သဘာဝမြေဩဇာများ၊ ဖော့စဖော့ရပ် (P) တို့ ထည့်ထားသင့်ပါသည်။
စိုက်ပေါင်ပြင်ဆင်ခြင်းနှင့် စိုက်ပျိုးခြင်း
- ပိုးသန့်ပြီးသောဓားကို အသုံးပြု၍ ဥထိပ် (၁) လက်မခန့်အရှည်ဖြတ်ယူပြီး ကျန်အောက်အစိတ်အပိုင်းများကို ပြန်လည်စားသုံးနိုင်ပါသည်။
- ဥပေါ်ပိုင်းရှိ အရွက်များကိုလည်း အညွန့်နှင့်အတူ တစ်လက်မခန့်ချန်ပြီး ဖယ်ပေးရပါမည်။
- ထိုဥထိပ်တွင် ကြီးထွားအားကျန်ရှိနေသောကြောင့် ပြန်စိုက်သောအခါ အပင်တစ်ပင်အဖြစ် ပြန်လည်ရှင်သန် လာပြီး ပန်းပွင့််ခြင်း၊ အစေ့ထုတ်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ခြင်း ဖြစ်ပါသည်။
- မြေအောက်ပိုင်းတွင် စိုက်ထားသော အဝါရောင်ဥအစိတ်ပိုင်းမှ မြစ်မွှားများ အောက်သို့ထိုးထွက်လာပြီး အပင် ဆက်လက်ရှင်သန်လာနိုင်မည် ဖြစ်သည်။
- ထိုဥမှ အသစ်မုန်လာဥထွက်လာမည်မဟုတ်သော်လည်း အပင်မှ ရွက်သစ်များ ထွက်လာပြီး ပန်းပွင့်၍ မျိုးစေ့ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။
- မျိုးစေ့ထုတ်သူများအနေဖြင့် စိုက်ပေါင်ပြုလုပ်၍ မျိုးထုတ်လျှင် အပင်များကို ကောင်းစွာပြုစုနိုင်မည်၊ ဂရုစိုက်နိုင်မည်ဖြစ်သည်။ စိုက်ဖို့လည်း နေရာကျယ်ကြီးမလိုအပ်တော့ပါ။
- ပေါင်ပေါ်တွင် တန်းကြားအကွာအဝေး ၇၅ စင်တီမီတာ၊ ပင်ကြားအကွာအဝေး ၃၀ စင်တီမီတာဖြင့် ဥများကို စိုက်နိုင်ပါသည်။
- ဥများ စိုက်ပြီးလျှင် ပေါင်ပေါ်တွင် ကောက်ရိုးဖုံးပေးသင့်ပါသည်။
- ကောက်ရိုးဖုံးပေးခြင်းဖြင့် အစိုဓာတ်ထိန်းပေးသည့်အပြင် ပေါင်းပေါက်မှုကိုလည်းထိန်းချုပ်ပေးပါသည်။
- ပုံမှန်ရေေလာင်းပေးဖို့လည်း လိုအပ်ပါသည်။ မြေကြီးအစိုဓာတ်ပေါ်မူတည်ပြီး (၁-၂) ရက် ခြား၍ ဖျန်းပုံးဖြင့် လောင်းပေးနိုင်ပါသည်။ ပေါင်း ပေါက်ရောက်မှုပေါ်မူတည်ပြီး ခါးဆွခြင်း၊ ပေါင်းလိုက်ခြင်းတို့ကို လိုအပ်သလို ပြုလုပ်ပေးရန် လိုအပ်ပါသည်။
- ပျားများသည် ဝတ်မှုန်ကူးပေးသူများဖြစ်သဖြင့် ဧကကျယ်ကျယ်ဖြင့် မျိုးစေ့ထုတ်သူများအနေဖြင့် ကွင်းဘေးတွင် ပျားအုံများထားပေးခြင်းဖြင့် ဝတ်မှုန်ကူးမှုကောင်းစေပါသည်။
- ရုတ်တရက်အပွင့်စဲ၍ အစေ့တည်ချိန် (bolting) အဆင့်တွင် 150 ppm NAA ဟော်မုန်းဖျန်းပေးခြင်းက အောင်စေ့တင်မှုကို ရာခိုင်နှုန်း ပိုကောင်းလာစေပါသည်။
- မုန်လာဥနီသည် အင်းဆက်များနှင့် ဝတ်မှုန်ကူးသော အပင်အမျိုးအစားဖြစ်သဖြင့် (၅၀၀) မီတာအတွင်းရှိ အခြားမုန်လာဥနီမျိုးကွဲနှင့် ပင်ခြားဝတ်မှုန်ဝတ်ကူးခြင်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် မျိုးစေ့ထုတ်သူများအနေဖြင့် ဂရုတစိုက်စစ်ဆေး၍ မျိုးကွဲများတွေ့ရှိပါက ဖယ်ထုတ်ပေးဖို့လိုအပ်ပါသည်။
ပိုးမွှားရောဂါထိန်းချုပ်ခြင်း
- ခါကျက်ဥတွင် အဓိကဖျက်စီးနေသော ပိုးမွှားများမှာ ကောက်နှံပိုး weevil၊ နှံကောင် spotted leaf hopper ၊ ယင်ကောင် fly တို့ဖြစ်ပါသည်။ Malathion 5% အမှုန့် သို့မဟုတ် Carbaryl တို့ ဖျန်းပေးခြင်းဖြင့် ထိန်းချုပ်နိုင်ပါသည်။
အခြားသောရောဂါများအနေဖြင့်..
- ရွက်ပျောက်ရောဂါ ( leaf spot),
- အော်တာနေးရီးယားရွက်ခြောက်ရောဂါ Alternaria leaf blight,
- ဘတ်တီးရီးယားရွက်ခြောက်ရောဂါ Bacteria leaf blight,
- အမြစ်ဖုဖြစ်စေသောနီမတုပ် Root knot nematode (Meloidogyne hapla),
- အဖြူရောင်မှိုရောဂါ White mould (Sclerotinia sclerotiorum),
- အခေါင်းပေါက်နှင့် မြစ်ခြောက်ရောဂါ Cavity Spot and Root Dieback (Pythium spp.),
- ပင်ခြေပုပ်ရောဂါ Crown Rot (Rhizoctonia carotae),
- အမြစ်ပုပ်ရောဂါ Black Root Rot (Thielaviopsis basicola)
စသည်တို့သည်လည်း မုန်လာဥနီတွင် ကျရောက်တတ်သော ရောဂါများ ဖြစ်သည်။
- မန်ကိုဇက် (Mancozeb) ဖျန်းပေးထားခြင်းဖြင့် ရွက်ခြောက်ရောဂါ၊ ရွက်ပျောက်ရောဂါတို့ကို ကာကွယ်နိုင်သည်။ ဖျူရာဒန် (Furadan)၊ ကာဘင်ဒါဇင် Carbendazim တို့ကို အသုံးပြုခြင်းဖြင့်လည်း မြေအောင်းအင်းဆက်များ၊ ရောဂါများကို ကာကွယ်ထိန်းချုပ်ပေးနိုင်ပါသည်။
- သားရဲ Lady bug ပိုးတောင်မာကောင်၏ (predatory ladybird) သားလောင်းနဲ့ အရွယ်ရောက်ကောင်များ တွေ့ရပြီဆိုလျှင် ပျရှိနေပြီဆိုတာ သတိထားသင့်ပါသည်။ ၎င်းတို့သည် ပျစားပိုးများဖြစ်သောကြောင့် ဖြစ်သည်။
ရင့်မှည့်ခြင်းနှင့် ရိတ်သိမ်းခြင်း
- ဥထိပ်မှ ပြန်စိုက်ထားသောအပင်သည် စိုက်ပြီး (၄-၆) ပတ်ခန့်တွင် ပန်းများပွင့်လာပြီး အစေ့များ တည်လာပါသည်။
- အပင်သည် ထီးပုံစံပန်းခိုင်များထွက်လာပြီဆိုပါက မြေပြင်အထက် (၁) မီတာအမြင့်ထိ ရောက်နိုင်ပါသည်။
- ပန်းပွင့်များသည် အဖြူရောင်ဖြစ်ပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းအညိုရောင်ပြောင်းလာပြီး ရင့်လာကြသည်။
- အပင်မှ ပန်းခိုင်များထွက်လာပြီဆိုလျှင် ပန်းခိုင်များ ယိုင်ခြင်း၊ ကျိုးကျခြင်းတို့ကို ကာကွယ်နိုင်ရန် ထောက်တိုင်ထောက်ပေးခြင်း (သို့) ကြိုးတန်းပေးခြင်းတို့ကို ပြုလုပ်ပေးရပါမည်။
- ပန်းပွင့်ရှိ အဖိုအင်္ဂါ (pollen) သည် အမအင်္ဂါ(stigma)က ဝတ်မှုန်လက်ခံချိန်မရောက်ခင် ကြွေကျသဖြင့် ဝတ်မှုန်ကူးခြင်းကို အင်းဆက်များကသာ အဓိကလုပ်ဆောင်ပါသည်။
- အင်းဆက်များမှတဆင့် ပင်ခြားဝတ်မှုန်ကူးခြင်း တွေ့ရသလို ပင်တည်းဝတ်မှုန်ကူးခြင်းလည်း တွေ့ရပါသည်။
- ပန်းပွင့်များသည် သေးငယ်၍ ဝတ်မှုန်ကူးပြီး ပန်းပွင့်တစ်ခုမှ အစေ့နှစ်စေ့ ထုတ်ပေးပါသည်။ အပင်တစ်ပင်မှ ပန်းပွင့် (၁၀၀၀)ကျော် ထုတ်ပေးပါသည်။
- ပန်းခိုင်တစ်ခုနှင့်တစ်ခု ရင့်ချိန်မတူကြသဖြင့် ရိတ်သိမ်းချိန် (သို့) ကိုင်းချိုးချိန်တို့လည်း မတူကြပေ။
- ယေဘုယျအားဖြင့် အဖြူရောင် ပန်းပွင့်များ အညိုရောင်ပြောင်းချိန်၊ ခြောက်လာချိန်တို့တွင် ချိုးနိုင်ပါသည်။
- ချိုးရာတွင် လက်ဖြင့်ကြမ်းကြမ်းတမ်းတမ်းချိုးခြင်းထက် ရိုးတံကို ကတ်ကြေးဖြင့် ညှပ်၍ ချိုးခြင်းက အပင်ကို ထိခိုက်မှု သက်သာစေပါသည်။
- (၂-၃) ကြိမ်ခွဲပြီး ရိတ်သိမ်းရန် လိုအပ်ပါသည်။ ဖြတ်ယူလာသော အခိုင်များကို အခြောက်ခံထားပြီး ခြေွပေးရပါသည်။
- အခြောက်ခံရာတွင် မီးဖို၊ အခြောက်ခံစက်တို့ကို အသုံးမပြုသင့်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့မှ အပူဓာတ်သည် အလွန်မြင့်မားသောကြောင့် အစေ့များရှင်သန်နိုင်မှု ကျသွားနိုင်ခြင်းကြောင့် ဖြစ်သည်။
- အမွေးအမှင်များကျွတ်သည်အထိ လက်ဖြင့်ပွတ်ပြီး သန့်ရှင်းရေးလုပ်ပေးရပါသည်။ အစေ့များကို (၈) ရာခိုင်နှုန်း အစိုဓာတ်ကျန်သည်အထိ အခြောက်ခံထားပြီး အေးမြခြောက်သွေ့ သော၊ လေလုံသော၊ အလင်းရောင်လုံသော ပုလင်းတို့တွင် သိမ်းဆည်းထားသင့်ပါသည်။
မုန်လာဥနီစိုက်ပျိုးနည်းအကြောင်းကိုသိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/cultivation-of-carrot
Ref;
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။