ပဲတီစိမ်း၊ မတ်ပဲ ဆာကိုစပိုရာရွက်​ပြောက်​ရောဂါ ကာကွယ်နှိမ်နင်းနည်း

22/12/2022 11:00 AM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • မြန်မာအမည်   = အရွက်​ပြောက်​ရောဂါ
  • အင်္ဂလိပ်အမည်= Cercospora leaf spot
  • သိပ္ပံအမည်      = Cercospora canescens

မြန်မာနိုင်ငံတစ်ဝန်းလုံးနီးပါးမှာ ဆောင်းသီးနှံအဖြစ် ပဲတီစိမ်း၊ မတ်ပဲသီးနှံကို ​ စိုက်ဧက အများအပြား စိုက်​လေ့ရှိကြပါတယ်။ ဒီနှစ်ဆောင်းမှာတော့ အချိန်အခါမဲ့ မိုးရွာသွန်းမှုများ​ကြောင့် ရန်ကုန်တိုင်းနဲ့ အချို့​ဒေသ​တွေမှာ ပဲစိုက်​တောင်သူများ က​မောက်ကမ ဖြစ်​ခဲ့ရပါတယ်။

စိုက်ပြီး အပင်ငယ်မိုးမိ/ရေဝပ်ခြင်း၊  ဖျက်ပြီးပြန်စိုက်ရခြင်း၊ စိုက်ချိန်​နောက်ကျခြင်း၊ ထွန်​ရေး​ကောင်းစွာမပြင်နိုင်ခြင်း စတဲ့ အခက်အခဲများစွာ ကြုံတွေ့​ခဲ့ရပါတယ်။

​နောက်ဆက်တွဲ ပြဿနာကတော့ ပဲတီစိမ်း၊ မတ်ပဲခင်း​တွေမှာ ရွက်​ပြောက်​ရောဂါ အဖြစ်များလာတာ​တွေ့ရတာပါပဲ။ ဒါကြောင့် ဒီရောဂါဖြစ်လာရင် ဘယ်လိုကာကွယ်ကုသသင့်သလဲဆိုတာ ကို ဖော်ပြပေးလိုက်ပါတယ်။

​ရောဂါဖြစ်စဉ်အကျဉ်းနဲ့ လက္ခဏာ

ရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ ​အော်တာ​နေရီးယားရွက်​ပြောက်၊ ဆာကိုစပိုးရားရွက်​ပြောက် စသဖြင့် အမျိုးမျိုးရှိကြသလို ဆာကိုစပိုးရာရွက်​ပြောက်ရောဂါမှာကိုပဲ သီးနှံအလိုက် မျိုးစိတ်​တွေ များစွာ ကွဲပြားခြားနားကြပါသေးတယ်။

Cercospora ဆိုတာ..

Cerco ဆာကိုနဲ့ Spore စပိုး နဲ့ ​ပေါင်း​ခေါ်ကြတာပါ။

Cerco ဆိုတာ လက်တင်ဘာသာ ဆာကယ်လ်(စက်ဝိုင်းပုံ)လို့ ​ခေါ်ပြီး၊

Spora(စပိုး= ကပ်ပါးမှို)လို့ အဓိပ္ပာယ်ရပါတယ်။

ဒါ​ကြောင့်...Cercosporaဆိုတာ...

"စက်ဝိုင်းပုံ အစက်အ​ပြောက်မှို​ရောဂါ " လို့ ​မြန်မာလိုအဓိပ္ပာယ်ယူနိုင်ပါတယ်။

သီးနှံအမျိုးအစားလိုက်ပြီး ဆာကိုစပိုရာ မျိုးစိတ်​တွေ ကွာခြားပါတယ်။

ဥပမာ..

  • သကြားမုန်လာမှာ...Cercospora beticola,
  • ငရုတ်ရွက်​ပြောက်​ရောဂါမှာ... Cercospora capsici
  • မုန်ညင်း၊ မုန်လာမှာ... Cercospora nasturtii
  • ​မြေပဲရွက်​ပြောက်မှာ... Cercospora arachidicola

စသဖြင့်ကွဲပြားခြားနားကြပါတယ်။

ရောဂါလက္ခဏာ

ပဲတီစိမ်း၊ မတ်ပဲ သီးနှံမှာ​တော့..

  • Cercospora canescens လို့ ခေါ်တဲ့ မျိုး​စေ့​ဆောင်မှို(seed borne) ​ကြောင့် ဆာကိုစပိုရာရွက်​ပြောက်​ရောဂါဖြစ်​စေတာပါ။
  • ​အောက်ရွက်​တွေ​ပေါ်မှာ အညို​ရောင်အစက်အ​ပြောက်​လေး​တွေနဲ့ အဝါ​ရောင်နှုတ်ခမ်း နားသတ်ပုံစံ ​တွေ့ရပါတယ်။
  • မိုးကြီးရွာပြီး ​နောက်ရက်​တွေမှာ မြေကြီးထဲက မှိုစပိုး​တွေက မိုး​ရေ​ပေါက်​တွေကတဆင့် အရွက်ရဲ့ တစ်သျှူးသားထဲ ထိုး​ဖောက်ဝင်​ရောက်ပါတယ်။
  • ရာသီဥတု စွတ်စိုချိန်ကြာ​လေ ရောဂါတိုးပွား​လေဖြစ်ပြီး ဆာကိုစပိုး​တွေ တခုနဲ့တခု ဆက်မိပြီး အရွက်တခုလုံး မဲ​ခြောက်သွားတတ်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ...

  • အရွက်​ပေါ် ဒဏ်ရာဖြစ်​ပေါ်ခြင်းသည် အစာချက်အားနည်းပြီး အပင်မကြီး၊ အသီးမသီးနိုင်ဘဲ သီးနှံအထွက်နှုန်း၊ အရည်အ​သွေးကို များစွာထိခိုက်​စေပါတယ်၊
  • ​ရောဂါပြလက္ခဏာမှာ ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် သီးနှံ​ပေါ်မူတည်ပြီး အစက်အ​ပြောက်အရွယ်အစား အကြီးအ​သေး ကွာခြားတတ်ပါတယ်။
  • ပဲပုပ်သီးနှံမှာဆိုရင်တော့  သံ​ချေး​ရောဂါလက္ခဏာနဲ့ ခပ်ဆင်ဆင်တူတတ်ပါတယ်။
  • ဆာကိုစပိုရာရွက်​ပြောက်​ရောဂါ ဆို​ပေမဲ့ တကယ်ဆိုးရွားလာရင် ရိုးတံ​တွေ၊ အသီး​တွေ၊ အ​စေ့အဆန်​တွေမှာ​တောင် အမဲစက်/အညိုစက်​တွေ ​တွေ့ရတတ်ပြီး တ​ဖြည်းဖြည်း အပင်ကျသွားနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • ရောဂါကင်း​သော မျိုး​စေ့ကို အသုံးပြုပါ။
  • ရွက်​ပြောက်​ရောဂါ ခံနိုင်​သော၊ မျိုး​ကောင်း/သန့် သုံးပါ။
  • မစိုက်မီ မျိုး​စေ့ကို မျိုးလူး​ဆေး(ဂရိုးမက်စ်/အင်​ဒေါင်း)အသုံးပြုပါ။
  • အတန်းလိုက်စိုက်စနစ် စိုက်ခြင်းသည်၊​လေဝင်​လေထွက်​ကောင်းပြီး ရောဂါကျ​ရောက်မှု သက်သာ​စေပါတယ်။
  • ပေါင်းမြက်များကို ကြိုတင်ကာကွယ်ပါ။

​အော်ဂဲနစ်နည်းဖြင့်ကာကွယ်ခြင်း

  • ပန်းသီးက​ဇော်ရည်(Apple cider venigor)ကဲ့သို့ သစ်သီးအချဉ်ဖောက်အရည်များကို ​ရေတဂါလံ ၅၀ စီစီနှုန်း
  • နွားနို့(တိရစ္ဆာန်နို့) ကို ​ရေတဂါလံမှာ ၅၀ စီစီနှုန်း
  • တမာဆီကို ​ရေတဂါလံ  ၂၀ စီစီနှုန်း
  • ဟိုက်ဒြိုဂျင်ပါ​အောက်ဆိုဒ် ၃% ကို ​ရေတဂါလံ ၅ စီစီနှုန်း

စသဖြင့် ဖျန်းပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

​(မှတ်ချက်။ နေပူချိန်မဖျန်းရ)

ဓာတုမှိုသတ်​ဆေး အသုံးပြုနှိမ်နင်းခြင်း

 

  • ကလိုရိုသာလို​နေးလ်
  • သိုင်အိုဖီနိတ်မီသိုင်း
  • ပရိုပီကိုနာဇိုးလ်
  • ကော့ပါးဟိုက်​ဒြောက်ဆိုဒ်/​အောက်ဆီကလိုရိုဒ်

စတဲ့ မှိုသတ်​ဆေးတမျိုးမျိုးဖြင့် အသုံးပြုနှိမ်နင်းနိုင်ပါတယ်။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref>>>How to Treat Cercospora Leaf Spot Organically.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်