နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)

10/08/2022 10:19 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အသားတိုးမွေးမြူမည့် နို့စားနွားထီးငယ်များအား ပြုစုပျိုးထောင်ခြင်း 

နွားငယ်လေးတွေရဲ့ တစ်သက်တာမှာ အရေးအကြီးဆုံး၊ ဂရုစိုက်ဖို့ အလိုအပ်ဆုံးအချိန်ကတော့ အမိဝမ်းကကျွတ်ပြီးနောက် ပထမဆုံး အချိန် ၁ နာရီပဲ ဖြစ်ပါတယ်။ Golden Hour လို့ သတ်မှတ်ထားတဲ့ အချိန် ၁ နာရီအတွင်းမှာ ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုတွေထဲမှာ မွေးခါစ နွားငယ်လေးကို နို့ဦးရည် (Colostrum) တိုက်ကျွေးခြင်းဟာလည်း အလွန်အရေးကြီးတဲ့ လုပ်ငန်းတစ်ရပ် ဖြစ်ပါတယ်။ နို့ဦးရည်ဆိုတာ ဘာလဲ၊ ဘာကြောင့် အရေးကြီးတာလဲ၊ ဘယ်လောက် တိုက်ကျွေးရမှာလဲ၊ ဘယ်လို တိုက်ကျွေးရမှာလဲ စသည်ဖြင့် နို့ဦးရည်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ စီမံခန့်ခွဲမှုတွေနဲ့ နောက်ကွယ်က သိပ္ပံအချက်အလက်တွေကို အသေးစိတ် ဆက်လက်ဆွေးနွေးသွားလိုပါတယ်။ 

“နို့ဦးရည် (Colostrum)” ဆိုသည်မှာ

နွားငယ်လေးမွေးပြီးနောက် မိခင်နွားမကြီးထံက ပထမဆုံးအကြိမ်ရရှိတဲ့နို့ကို နို့ဦးရည် (colostrum) လို့ ခေါ်ပါတယ်။ 

မွေးမြူရေးသမားအများစုကတော့ နွားငယ်လေးမွေးဖွားပြီးနောက် ပထမ ၂-၃ ရက်အထိ မိခင်နွားမကြီးထံက ရတဲ့ နို့ကို နို့ဦးရည်လို့ လွယ်လွယ်ခေါ်ကြပါတယ်။ ဒါပေမယ့် တိတိကျကျ ပြောကြကြေးဆိုရင်တော့ ပထမဆုံးအကြိမ် ရရှိတဲ့ နို့ကိုသာ နို့ဦးရည်လို့ ခေါ်တာ ဖြစ်ပါတယ်။ ဒုတိယအကြိမ်ကနေ ၈ ကြိမ်မြောက် (အဌမအကြိမ်) အထိ ရရှိတဲ့ နို့ကို “Transition milk” လို့ ခေါ်ပါတယ်။ [“Transition milk” ကို မြန်မာဘာသာနဲ့ ဘာသာပြန်ထားတာ (စာရေးသူ လေ့လာမိသလောက်) မရှိပါဘူး။ “နို့ဦးရည် (colostrum)” ကနေ “ပုံမှန်နို့ (normal milk)” ဆီကို ကူးပြောင်းတဲ့ကာလမှာ ရရှိတဲ့ နို့ဖြစ်တာကြောင့် “Transition milk” ကို “နို့ကူးရည်” လို့ (စာရေးသူတစ်ယောက်တည်းသဘောနဲ့) ဘာသာပြန်ကြည့်မိပါတယ်။]

နို့ဦးရည်နှင့် ပုံမှန်နို့ ကွာခြားချက်

နို့ဦးရည်ထဲမှာ အာဟာရဓာတ်တွေ ပုံမှန်နို့ထက် အမြောက်အများ ပိုမိုပါဝင်နေပါတယ်။ နွားငယ်ကလေး လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးဖို့အတွက် ဖြစ်ပါတယ်။ နို့ဦးရည်ထဲမှာ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရဲ့ ပါဝင်မှုပမာဏဟာ ပုံမှန်နို့ထက် အများကြီး ပိုမိုမြင့်မားနေပါတယ်။ နို့ဦးရည်ရဲ့အရောင်ဟာ ပုံမှန်နို့ထက် ပိုပြီး ဝါနေတာဟာ အဆီနဲ့ ဗီတာမင်တွေ ပါဝင်မှု မြင့်မားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ 

နို့ဦးရည်၊ နို့ကူးရည်နှင့် ပုံမှန်နို့ တို့တွင် ပါဝင်သည့်အရာများ 

နို့ဦးရည်ထဲမှာ ပုံမှန်နို့ထက် အာဟာရဓာတ်တွေ ပိုမိုပါဝင်နေတဲ့အပြင် နွားငယ်လေးအတွက် အလွန်အရေးကြီးတဲ့ အခြားသောအရာတွေလည်း အများအပြားပါဝင်နေပါသေးတယ်။ 

နို့ဦးရည်မှာ နွားငယ်လေးကို ရောဂါပိုးမွှားတွေရဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်တဲ့ အင်မြူနိုဂလိုဗြူလင် (Immunoglobulin) ခေါ် အသားဓာတ်(ပရိုတင်း) တွေ ပါဝင်နေပါတယ်။ မိခင်နွားမကြီးရဲ့ သွေးထဲကနေ နွားငယ်လေးဆီကို နို့ဦးရည်ကတဆင့် လွှဲပြောင်းပေးတာ ဖြစ်ပါတယ်။ အဲဒီ ပရိုတင်းတွေဟာ သာမန်ကြီးထွားမှုအတွက်သာမဟုတ်ဘဲ ရောဂါပိုးတွေကို ခုခံကာကွယ်ဖို့ အထူးပြုလုပ်ထားတဲ့ ပရိုတင်းတွေ ဖြစ်ပါတယ်။ အင်မြူနိုဂလိုဗြူလင် တွေကို ပဋိပစ္စည်း (Antibody) လို့လည်း ခေါ်ပါတယ်။ နို့ဦးရည်ဟာ ပုံမှန်နို့ထက်ပိုပြီး သိသိသာသာ ပြစ်နေတာဟာ အင်မြူနိုဂလိုဗြူလင်ပရိုတင်းတွေ အမြောက်အများ ပါဝင်နေလို့ ဖြစ်ပါတယ်။ မွေးဖွာခါစ နွားငယ်လေးတွေကို နို့ဦးရည် မဖြစ်မနေ တိုက်ကျွေးပေးဖို့ လိုအပ်ရတဲ့ အခြေခံအကျဆုံး အကြောင်းအရင်းဟာ အင်မြူနိုဂလိုဗြူလင်တွေ ရရှိသွားစေဖို့ပဲ ဖြစ်ပါတယ်။ 

နို့ဦးရည်ထဲမှာ နွားငယ်လေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အရေးပါတဲ့ ဓာတ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။ အဲဒါတွေကိုတော့ Growth factor တွေလို့ ခေါ်ပါတယ်။

နို့ဦးရည် တိုက်ကျွေးရမည့် အချိန်နှင့်ပမာဏ

နွားငယ်လေးတွေကို နို့ဦးရည်တိုက်ကျွေးရာမှာ “၁ - ၂ - ၃” ဆိုတဲ့ နိယာမကို မှတ်သားထား လိုက်နာပြီး ဆောင်ရွက်သင့်ပါတယ်။ 

  • “၁” ဆိုတာက မိခင်နွားမကြီးထံက “ပထမဆုံးအကြိမ် (၁ ကြိမ်မြောက်)” ရရှိတဲ့ နို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ 
  • “၂” ဆိုတာကတော့ နွားငယ်လေး မွေးဖွားပြီးနောက် “၂ နာရီအတွင်း” နို့ဦးရည်ကို တိုက်ကျွေးပေးရမယ်လို့ ဆိုလိုတာပါ။ 
  • “၃” ဆိုတာကတော့ အဲဒီ အချိန်ကာလအတွင်းမှာ နို့ဦးရည်ကို အနည်းဆုံး “၃ လီတာ” ပြည့်အောင် တိုက်ကျွေးပေးရမယ်လို့ ဆိုလိုပါတယ်။ 

ဒီနေရာမှာ မြန်မာနိုင်ငံက မွေးမြူသူတွေအတွက် ဒွိဟဖြစ်စရာတစ်ခု ရှိလာပါတယ်။ နို့ဦးရည် ၃ လီတာ ဆိုတာ မများလွန်းဘူးလား ဆိုတဲ့ ဒွိဟ ပါ။ မြန်မာနိုင်ငံက နို့စားနွားတွေဟာ ကပြားမျိုးတွေသာ ဖြစ်တာမို့ အအေးပိုင်းနိုင်ငံတွေက နို့စားနွားမျိုးအစစ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် အရွယ်အစား သေးငယ်ပါတယ်။ ဒါကြောင့် မွေးခါစနွားငယ်လေးတွေရဲ့ အရွယ်အစားကလည်း သေးငယ်ပါတယ်။ ဒါကြောင့် နို့ဦးရည်ကို အအေးပိုင်းဒေသက နို့စားနွားအစစ်တွေလောက် ပမာဏများများ လိုအပ်ပါ့မလားလို့ တွေးဆနိုင်ပါတယ်။ ဒါ့အပြင် ကပြားနွားမတွေက နို့ဦးရည်ကို အလုံအလောက် ထုတ်ပေးနိုင်ပါ့မလား ဆိုတာမျိုးလည်း တွေးဆစရာ ရှိပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ နို့ဦးရည်ကို အနည်းဆုံး ၃ လီတာ တိုက်ရမယ်ဆိုတဲ့ နည်းလမ်းအစား နွားငယ်လေးရဲ့ ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး အတိုးအဆုတ် ပြုလုပ်ပြီး နို့ဦးရည်တိုက်တဲ့နည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ နို့ဦးရည်ကို နွားငယ်လေးမွေးဖွားခါစ အလေးချိန်ရဲ့ ၈.၅ ရာခိုင်နှုန်း တိုက်ကျွေးပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။

ဥပမာ မွေးဖွားခါစမှာ နွားငယ်လေးဟာ ခန္ဓာကိုယ်အလေးချိန် ၃၅ ကီလိုဂရမ် ရှိတယ်ဆိုပါစို့။ နွားငယ်လေးကို နို့ဦးရည် ၃ လီတာ (၃၅ ကီလိုဂရမ် x ၀.၀၈၅ = ၂.၉၇၅ လီတာ) တိုက်ကျွေးပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ နွားငယ်လေးရဲ့ ခန္ဓာကိုယ်အလေးချိန်ဟာ ၃၀ ကီလိုဂရမ်ပဲ ရှိတယ်ဆိုရင်တော့ ၂.၅၅ လီတာ (၃၀ ကီလိုဂရမ် x ၀.၀၈၅ = ၂.၅၅ လီတာ) ပဲ တိုက်ကျွေးရင် လုံလောက်တယ်လို့ ယူဆနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တွက်ချက်လို့ရတဲ့ နို့ဦးရည်ပမာဏကို မွေးဖွားပြီး ၂ နာရီအတွင်း တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ 

လေ့လာမှုတွေအရ..

  • နို့ဦးရည်ကို သတ်မှတ်အချိန်အတွင်း လုံလုံလောက်လောက် မသောက်စို့ရတဲ့ နွားငယ်လေးတွေမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ (scours) ဖြစ်ပေါ်ဖို့ အန္တရာယ် ပိုပြီးများလာတယ်လို့ ဆိုပါတယ်။ 
  • ဒါ့အပြင် အသက် ၂၁ ရက်သားအတွင်း နွားငယ်လေး သေဆုံးမှုနှုန်းဟာလည်း ၇၄ ရာခိုင်နှုန်း ပိုမိုမြင့်မားလာနိုင်တယ်လို့ သုတေသနတွေက အခိုင်အမာ ဆိုပါတယ်။ 

နွားငယ်လေးကို မိခင်ထံက တိုက်ရိုက် နို့စို့စေမယ်ဆိုရင် နွားငယ်လေးဟာ မွေးဖွားပြီး ၂ နာရီအတွင်း နို့ဦးရည်ကို အနည်းဆုံး ၃ လီတာ ပြည့်အောင် သောက်၊ မသောက် ဘယ်လိုမှ မသေချာနိုင်ပါဘူး။ ဒါကြောင့် မွေးဖွားပြီး ၂ နာရီ အတွင်းမှာ မိခင်နွားမကြီးထံက နို့ဦးရည်ကို ညှစ်ယူပြီး နွားငယ်လေးကို အနည်းဆုံး ၃ လီတာ နို့ဗူးနဲ့ တိုက်ကျွေးပေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ နွားငယ်လေးလိုအပ်တဲ့ ပမာဏကို တိတိကျကျ တိုက်ကျွေးပေးနိုင်မှာ ဖြစ်ပါတယ်။ 

အဲဒီလို နို့ဦးရည်ကို မိခင်နွားမကြီးထံက ညှစ်ယူပြီး ချိန်တွယ်တိုက်ကျွေးခြင်းအားဖြင့် နောက်ထပ်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ နွားငယ်လေးတိုက်ကျွေးပြီးနောက် နို့ဦးရည်တွေ ပိုလျှံနေဦးမယ်၊ အဲဒီ နို့ဦးရည်ကလည်း အရည်အသွေးပြည့်ဝကောင်းမွန်တယ်ဆိုရင် ပိုလျှံနေတဲ့ နို့ဦးရည်တွေကို သန့်စင်တဲ့ နို့ဗူးအလွတ်တွေထဲမှာ ထည့်ပြီး အေးခဲသိမ်းဆည်းထားနိုင်ပါတယ်။ အပူချိန် အနုတ် ၂၀ ဒီဂရီ စင်တီဂရိတ် (ရေခဲသေတ္တာ အခဲခန်း) ထဲမှာ သိမ်းဆည်းထားရမှာပါ။ 

တကယ်လို့များ မိမိရဲ့ နွားခြံမှာ အခြားနွားမကြီးတစ်ကောင်က နွားလေးမွေးဖွားပြီး အကြောင်းတစ်ခုခုကြောင့် နို့ဦးရည် မတိုက်ကျွေးနိုင်တဲ့ အခြေအနေမျိုး (ဥပမာ နွားမကြီးက ကလေးမွေးလိုက်ရတဲ့ အရှိန်ကြောင့် ဖျားနာပြီး နို့မပေးနိုင်တာမျိုး) ဖြစ်ပေါ်လာရင် အေးခဲသိမ်းဆည်းထားတဲ့ နို့ဦးရည်ကို ပြန်ဖျော်ပြီး နွားငယ်လေးကို တိုက်ကျွေးပေးနိုင်ပါတယ်။ 

မှတ်သားစရာ သော့ချက်များ

နို့ဦးရည်ဟာ နွားငယ်လေးရဲ့ ဘဝတစ်သက်တာမှာ ပထမဆုံး စားသုံးရမယ့် အစာ၊ အာဟာရပဲ ဖြစ်ပါတယ်။ အစကောင်းမှ အနှောင်းသေချာ ဆိုသလို နွားငယ်လေးရဲ့ ဘဝတစ်သက်တာလုံး ကျန်းမာဖွံ့ဖြိုးပြီး ထုတ်လုပ်မှုကောင်းမွန်စေဖို့အတွက် ပထမဆုံးစားသုံးတဲ့ နို့ဦးရည်ဟာ အလွန်အရေးကြီးပါတယ်။

ဒီဆောင်းပါးမှာ နို့ဦးရည်ဆိုတာ ဘာလဲ၊ ဘယ်လောက်တိုက်ရမလဲ၊ ဘယ်အချိန်တိုက်ရမလဲ၊ ဘယ်လိုတိုက်ရမလဲ ဆိုတာတွေကို ဆွေးနွေးထားခဲ့တာ ဖြစ်ပါတယ်။ သော့ချက်အဖြစ် မှတ်သားထားစေလိုတာကတော့ - 

  • နွားငယ်လေးမွေးပြီးနောက် မိခင်နွားမကြီးထံက ပထမဆုံးအကြိမ်ရရှိတဲ့နို့ကို နို့ဦးရည်(colostrum) လို့ ခေါ် ပါတယ်။ 
  • နို့ဦးရည်မှာ ပုံမှန်နို့ထက် အာဟာရဓာတ်တွေ ပိုမိုကြွယ်ဝစုံလင်များပြားစွာ ပါဝင်သလို၊ အခြားအရေးကြီးတဲ့ ဓာတ်ပေါင်းတွေလည်း ပါဝင်ပါတယ်။
  • နို့ဦးရည်ထဲမှာ ပဋိပစ္စည်းတွေ ပမာဏအများအပြားပါဝင်ပြီး အဲဒါတွေက နွားငယ်လေးကို ရောဂါပိုးမွှားတွေရဲ့ ရန်ကနေ ကာကွယ်ပေးနိုင်ပါတယ်။ 
  • နွားငယ်လေးမွေးဖွားပြီး ၂ နာရီအတွင်း နို့ဦးရည်ကို အနည်းဆုံး ၃ လီတာ တိုက်ကျွေးရပါမယ်။ ဒါမှမဟုတ် နွားငယ်လေး မွေးခါစ ခန္ဓာကိုယ်အလေးချိန်ရဲ့ ၈.၅ ရာခိုင်နှုန်း တိုက်ကျွေးရပါမယ်။ 
  • သတ်မှတ်ချိန်အတွင်း နို့ဦးရည်ကို နွားငယ်လေးက အလုံအလောက် သောက်သုံးနိုင်ဖို့ နို့ဦးရည်ကို ညှစ်ပြီး ဗူးနဲ့ ချိန်တွယ်တိုက်ကျွေးသင့်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်