ပဲတီစိမ်း၊မတ်ပဲ အပင်ငယ်ညှိုး​သေ​ရောဂါ

14/12/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • မြန်မာအမည် = ခါးရိ/ညှိုး​သေ​ရောဂါ
  • အင်္ဂလိပ်အမည် = damping off
  • ရောဂါဖြစ်စေခြင်းအ​ကြောင်း = Pythium sp,

​ရောဂါဖြစ်စဉ်အကျဉ်း

ဆောင်းရာသီစိုက် ပဲတီစိမ်း၊ မတ်ပဲသီးနှံ​တွေမှာ နှစ်စဉ် ဖြစ်​လေ့ဖြစ်ထရှိတဲ့ ​မြေ​ဆောင်​ရောဂါတမျိုးဖြစ်ပါတယ်။

အထူးသဖြင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ​ဧရာဝတီတိုင်း များကဲ့သို့ စပါးအပြီး၊ ပဲစိုက်​သော လယ်သီးထပ်များတွင် ပိုမို ဖြစ်ပွား​လေ့ရှိတာ ​တွေ့ရပါတယ်။

​ရောဂါဖြစ်​စေ သက်ရှိအနေနဲ့လည်း တမျိုးတည်း​ကြောင့်မဟုတ်ဘဲ...

  • Rhizoctonia solani,(မြစ်​​ခြောက်​ဆွေး​ရောဂါ)
  • Fusarium spp, (ဖျူ​ဆေရိယန် ခါးရိပင်ညှိုး​ရောဂါ)
  • Botrytis, (မီးခိုး​မှို/ကြပ်ခိုးမှို​ရောဂါ)
  • Phytophthora  sp,(အပင်နာ ​ရောဂါ)
  • Sclerotinia,Sclerotium, (ပင်​ခြေပုပ်​ရောဂါ)

စတဲ့ ​ရောဂါတမျိုးမျိုး သို့မဟုတ် အများနဲ့ ​ရော​နှောလျက် ကျ​ရောက်တတ်ပါတယ်။

များ​သောအားဖြင့်က​တော့ ..

pythium  (ပစ်သီယံခေါ် အပင်ငယ်ခါးရိ​ရောဂါ) ​ကြောင့် ဖြစ်တာ ပိုများပါတယ်။

ဒါ​ကြောင့်လည်း 

​ရောဂါဖြစ်​ကြောင်း(causal organism )ကို ပစ်သီယံရောဂါလို့ ​ဖော်ပြလိုက်တာဖြစ်ပါတယ်။

ရောဂါလက္ခဏာ

ပစ်သီယံ​ရောဂါ ဆိုတာ ​ရေကြိုက်မှို တမျိုးဖြစ်တဲ့ အူးမိုက်ဆိ(Oomycetes)မှို အမျိုးအစားဖြစ်ပါတယ်။

မှိုအစစ်(true fungi)မဟုတ်ဘဲ မှိုနဲ့တူ​သောသက်ရှိ(fungus like organism)လို့ ​ခေါ်ကြပါတယ်။

(ဒါ​ကြောင့် သာမန်မှိုသတ်​ဆေး​တွေက အူးမိုက်ဆိရောဂါအတွက် အသုံးမတည့်ပါဘူး)

  • စိုက်ချိန်မှာ ​မြေစိုလွန်းလျှင်ဖြစ်​စေ
  • အပင်ငယ်စဉ် မိုးများ/​ရေဝပ်လျှင်ဖြစ်​စေ

ရာသီဥတု ​အေး/စို အ​ခြေအ​နေမှာ ​မြေထဲက မှိုစပိုး​တွေ ပွားများ​စေပါတယ်။

ဦးစွာ သိသာ​စေ​သောလက္ခဏာမှာ အပင်ငယ်( အရွက်စစ် ၂ ရွက်ထွက်ချိန်) အစိမ်း​ရောင်မှ တဖြည်းဖြည်း အစိမ်း​ဖျော့လာပါတယ်။

​ရောဂါရအပင်ရဲ့ ​မြေကြီးနဲ့ထိစပ်ရာ​နေရာကို ယက်ကြည့်ရင် နီညိုရောင်အ​ပြောက် ဒဏ်ရာ​လေး​တွေ့ရပါတယ်။

ခါးရိဒဏ်ရာမှတဆင့်  အမြစ်​အောက်ပိုင်းအထိ ကူးစက်ပြီး ပင်စည်ပုပ်၊ အမြစ်ပုပ်ကာ အပင်ညှိုးသေ​စေပါတယ်။

ရောဂါကို ပွားများ​စေ​သော အ​ကြောင်းရင်းများ

  • စပါးရိုးပြတ်၊ ရိုးငုတ်များ ​ကောင်းစွာမ​ဆွေး​မြေ့ဘဲ ပဲစိုက်လိုက်သဖြင့်...အစိုဓာတ်များပြီး organic acid(အချဉ်ပေါက်ခြင်း) အပင်ခြေလောင်​စေခြင်း။
  • မူလ ​မြေကြီးရဲ့ ​မြေချဉ်ငန်ကိန်း(pH) နိမ့်သဖြင့် အစိုဓာတ်များချိန်တွင် ​မြေ​ဆောင်မှိုများ ပိုမိုပွားများ ​စေခြင်း။
  • စပါးစိုက်စဉ် ​မြေမညှိခဲ့သဖြင့် ​ရေထိုင်မညီဖြစ်ကာ ​ရေဝပ်/ခါးကျပ်ခြင်း
  • ပေါင်းသတ်​ဆေးများနှင့် အက်ဆစ်ပါ​သော ဓာတ်​မြေသြဇာများ ဓာတ်ကြွင်းကျန်ခြင်း။
  • သဘာဝ​မြေဇာအသုံးနည်းခြင်းနှင့် ​မြေတွင်းသစ်​ဆွေးဓာတ်ချို့တဲ့ခြင်း

စသည့်အချက်များသည်  အပင်ငယ်ညှိုး​သေ​ရောဂါကို ဖိတ်​​ခေါ် သလို ဖြစ်​စေပါတယ်။

ကြိုတင်ကာကွယ်ခြင်း

ရောဂါဖြစ်ရခြင်းအ​ကြောင်းရင်းကို သိပြီဆိုရင်..

မဖြစ်​အောင် ဘယ်လိုကာကွယ်ထိန်းသိမ်းရမလဲဆိုတာ အလိုလို သိပြီးသားပါပဲ။

  • စပါးစိုက်ချိန် ​မြေပြင်စဉ်မှာ  ​မြေလယ်ဗယ်ညီ​အောင်ညှိပါ၊
  • မြေချဉ်ငန် တိုင်းပြီး ၅.၅ ​အောက်ဆိုရင် မ​ဖောက်ထုံးထည့်ပြီး ​မြေပြင်ပါ။
  • စပါးပြီး စပါးရိုးပြတ်​တွေကို ဆွေး​မြည့်အောင် ပြုလုပ်ပြီးမှ ပဲကြဲပါ။
  • မျိုး​ကောင်းမျိုးသန့် အသုံးပြုပါ။

​အော်ဂဲနစ်နည်းဖြင့် ကာကွယ်ခြင်း

  • ပဲမစိုက်မီ ထရိုင်ကိုဒါးမားကို ​မြေကြီးဖျန်းပါ။
  • မျိုး​စေ့လူး​ဆေး အသုံးပြုပါ (ဥပမာ။   #ဂရိုးမက်စ် ပဲမျိုးစုံ မျိုး​စေ့အထူးလူးနယ်​ဆေး အသုံးပြုပါ။)
  • အီးအမ်ဘိုကာရှီ​မြေ​ဆွေး များများထည့်ပါ။

ဓာတုနည်းဖြင့် ကာကွယ်/ကုသခြင်း

  • မက်တလက်ဇီး/သိုင်ရမ်/ ကက်ပ်တန် ဆေးတမျိုးမျိုးကို လူးစိုက်ပါ။
  • အပင်ငယ်စဉ် မိုးများ/​ရေဝပ်ပါက ကန့် ၈၀% မှို​ဆေး ဖျန်း​ပေးပါ။

အောက်ပါမှိုသတ်​ဆေး တမျိုးမျိုးကို  အလှည့်ကျ ဖျန်းပါ။

  • အဇိုဇီစထိုဘင် + ဖို့စတိုင်းအလူမီနီယံ (Azoxystrobin + Fosetyl Aluminium)
  • အဇိုဇီစထိုဘင်+ ဒိုင်ဖန်နိုကိုနာဇိုး (Azoxystrobin + Difenoconazole)
  • မန်ကိုဇက်+ မက်တလက်ဇီး (Mancozeb + Metalaxyl)
  • ဆိုင်မောက်ဇနေး (Cymoxanil)

(အစွမ်းရှိပစ္စည်း AI များကိုသာ ဖော်ပြပေးခြင်းဖြစ်ပါသည်)

​စေတနာများစွာဖြင့်....

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်