ဘဲစာမြက် (Duckweed)

28/07/2020 11:30 AM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ရေသိပ်မစီးဖြစ်တဲ့ မြောင်းတွေထဲမှာ အစိမ်းရောင် အဖတ်သေးသေးလေးတွေ အပြည့်နီးပါးလောက်ရှိနေတာကို မြင်ဖူးကြမှာပါ။  အိမ်​ရှေ့မြောင်းမှာတောင် ရှိတတ်ကြတယ်လေ။  အခုက အဲ့အစိမ်းရောင် အဖတ်ကလေးတွေ အကြောင်းကို ပြောကြမယ်။ 

ဘဲစာမြက် (Duckweed) 

    ခုဏကပြောခဲ့တဲ့ အပင်လေးတွေကို ဘဲစာမြက်လို့ ခေါ်ပါတယ်။  အင်္ဂလိပ်လိုဆို Duckweed ပါ။ သူတို့က ရေပေါ်မှာ ပေါ်နေကြပြီး ဘဲဥပုံစံလေးတွေ ရှိပါတယ်။ ရေမရှိတဲ့ သဲကန္တရကနေ ရေခဲနေတဲ့ နေရာတွေအထိ ရှိပါတယ်။ တွေ့ရပါတယ်။ ဆိုတော့ သူက ချေးမများတဲ့သဘောပါပဲ။ အများဆုံးတွေ့ရတာကတော့ အပူပိုင်းနဲ့ သမပိုင်းတွေမှာဖြစ်ပါတယ်။ 

    ရေက တစ်စက္ကန့်ကို (၀. ၃) မီတာ အောက်ပဲ စီးမယ်။ လေလည်း အရမ်း မပြင်းဘူးဆိုရင် သူတို့က ရှိနေမှာပါ။ တကယ်လို့များ အဲ့ရေထဲမှာက အော်ဂဲနစ်အဆွေးပစ္စည်းတွေပါ ရှိနေတယ်ဆိုရင် ပွားများမှုက ပိုလာမှာဖြစ်ပါတယ်။  သူတို့ အရမ်းပွားများလာရင်တော့ ရေထဲက တစ်ခြား နေရောင်လိုအပ်တဲ့ ရေနေပင်တွေကိုတော့ ထိခိုက်နိုင်ပါတယ်နော်။ ဒါကတော့ အပင်အကြောင်းပါ။

ဘဲစာမြက်ကို ဘယ်လိုသုံးသလဲ

(၁)  ​ရေသန့်ဖို့ သုံးတယ်

    အခြေခံအချက်အနေနဲ့ဆိုရင် ဘဲစာမြက်တွေကို ရေကန်ထဲထည့်လိုက်တယ်ဆိုရင် သူတို့က ပွားများတာလည်းမြန်တယ်ဆိုတော့ စစချင်း နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကာဘွန် နဲ့ ကလိုရိုက်တွေကို အရင်ဆုံး ရေထဲကနေ စုပ်ယူစားသုံးပစ်မှာ ဖြစ်ပါတယ်။ ရေထဲမှာ ပျော်ဝင်နေတဲ့ ဓာတ်တွေက လျော့ပါးသွားမှာပါ။ 

(၂) နောက်တစ်ချက်ကတော့ တိရစ္ဆာန်အစာအဖြစ် သုံးပါတယ်။ 

    လတ်လတ်ဆတ်ဆတ်ယူလာတဲ့ အပင်လေးတွေမှာဆိုရင် ရေဓာတ်က (၉၂) ကနေ (၉၄)  ရာခိုင်နှုန်း ပါပါတယ်။  ပရိုတင်းလို့ခေါ်တဲ့ အသားဓာတ်တောင် ပါနေပါသေးတယ်။ အမိုင်နိုအက်ဆစ်၊ ပိုတက်စီယမ် နဲ့ ဖော့စဖောရပ်စ်၊ ကယ်ရိုတင်းနဲ့ ဇန်သိုဖီလ်းလို ရောင်ခြယ်တွေ၊ ဗီတာမင် အေနဲ့ ဗီတာမင် ဘီ တို့လည်းပါဝင်လို့ တိရိစ္ဆာန်အစာအဖြစ် ပြန်သုံးလို့ရပါတယ်။ 

(က)  ငါးစာလုပ်တယ်။ ငါးမွေးရင် အဓိကအခက်အခဲကတော့ ပရိုတင်းများများလိုပြီး အဲ့လိုအပ်တဲ့ အရာတွေကို ပြည်တွင်းကနေ လွယ်လွယ်မရနိုင်တာပါပဲ။  ဈေးလည်းကြီးပါတယ်။  နိုက်ထရိုဂျင်ဓာတ်ပေါင်း (NH3-N) ကို ရေတစ်လီတာကို ၁၀ ကနေ ၃၀ မီလီဂရမ်ထည့်ပြီး စိုက်ထားတဲ့ ဘဲစာမြက်တွေဟာ ပရိုတင်းနဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေအတွက် အရေးပါတဲ့ဓာတ်တွေ (၄၀)  ရာခိုင်နှုန်းတောင် ပါဝင်ပါတယ်လို့ 1978 သုတေသနတွေမှာ ဖော်ပြထားပါတယ်။ အဲ့လိုဆိုတော့ ငါးစာလုပ်ပြီး ကျွေးလို့ရပြီပေါ့။  

(ခ)  ဝက်စာလုပ်တယ်။  အခြောက်လှမ်းပြီး ဝက်စာထဲ ထည့်ကျွေးတာပါ။  

(ဂ)  ကြက်စာ။  

(ဃ) စားမြုံပြန်တဲ့ တိရိစ္ဆာန်တွေအတွက်အစာ (ကျွဲ၊ နွား စတဲ့အကောင်တွေ)

ကြီးထွားဖို့ ဘာတွေလိုအပ်သလဲ။

    ကောင်းတဲ့ အပင်မှန်းသိပါတယ်။ စိုက်ချင်နေပြီ ဘာတွေလိုအပ်သလဲဆိုတော့

(၁)  အပူချိန်က (၆) ကနေ (၃၃)  ဒီဂရီဆဲလ်စီးယပ် အတွင်းပါ။ 

(၂)  ရေရဲ့ ချဉ်ငံကိန်းက (၅) ကနေ (၉) ထိ ရှင်သန်နိုင်ပေမဲ့ အကောင်းဆုံးရှင်သန်နိုင်တဲ့ ချဉ်ငံကိန်းကတော့ (၆.၅) ကနေ (၇.၅) အတွင်းမှာဖြစ်ပါတယ်။ မပူပါနဲ့ ရေချဉ်ငံကိန်းတိုင်းတဲ့ မီတာလေးတွေ အလွယ်ဝယ်လို့ရနေပါပြီ။

(၃) သူက ရေပျော်ဝင်ဆား(ဓာတ်ဆား) ပမာဏက (၁)  လီတာ ကို (၄၀၀၀)  မီလီဂရမ် လောက်အထိ ခံနိုင်ပါတယ်။ 

(၄) မြေသြဇာကျွေးမယ်ဆို N ထက် P နဲ့ K ပိုပါတဲ့ မြေသြဇာမျိုးကို ထည့်ပေးနိုင်ပါတယ်။ 

(၅)  နေရောင်ခြည်ရတာ မရတာနဲ့ အပူချိန်က အဓိကအချက်ဖြစ်ပါတယ်။ အရိပ်တစ်ဝက်လောက်ရှိရင် ပိုကောင်းပါတယ်။ 

(၆)  အပေါ်ကအချက်တွေပြည့်စုံရင် ဘဲစာမြက် တစ်ပင်က (၁၆) နာရီကနေ (၄၈) နာရီအတွင်းမှာ (၂) ဆပွားနိုင်ပါတယ်။  နောက် ၁၀ ရက်ကြာတဲ့အခါမျိုး မှာ (၁၀)  ဆလောက် ပွားနေပါပြီ။ 

(၇)  လက်တွေ့မှာ တစ်ဧကစိုက်ရင် တစ်နှစ်ကို အခြောက်ခံပြီးသား အထွက်က ၄ တန် ကနေ ၈ တန် ကျော်ထိ ထွက်နိုင်ပါတယ်။  အခြောက်ခံပြီး အလေးချိန်ကို ပြောတာပါနော်။ 

(၈)  အခြောက်ခံပြီးသား ဘဲစာမြက်တွေမှာ အမျှင်ဓာတ်က (၅)  ကနေ (၁၅)  ရာခိုင်နှုန်း၊ crude protein  လို့ခေါ်တဲ့ ပရိုတင်းဓာတ်က (၃၅)  ကနေ (၄၃)  ရာခိုင်နှုန်း၊ အဆီဓာတ် က (၅)  ရာခိုင်နှုန်းလောက်အထိ ပါတတ်ပါတယ်။ ပရိုတင်းဆို တစ်ဧက တစ်နှစ်ကို ၁ တန်ခွဲကနေ ၃ တန်ခွဲလောက်ထိ ပြန်ရတယ်ဆိုတဲ့သဘောပါ။ အများကြီးရပါတယ်နော်။ 

    ခုတော့ မြောင်းထဲက အစိမ်းဖတ်ဝိုင်းဝိုင်းလေးတွေဆိုတာလည်း အသုံးအရမ်းဝင်တယ်ဆိုတော့ ကန်လေးသေးသေးတူး ရေလေးဖြည့် စိုက်ကြည့်စမ်းပါ့။ သဘာဝတရားနဲ့အတူတူ အောင်မြင်ပျော်ရွင်နိုင်ကြပါစေ။  

ထွန်းဝင်းကျော်

http://www.fao.org/ag/aga/agap/frg/lrrd/lrrd7/1/3.htm 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်