မွေးမြူရေးနဲ့ ရေလုပ်ငန်းမှာ အီးအမ်သုံးပေးမယ်ဆိုရင်..

06/12/2023 14:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

စိုက်ပျိုးရေးတွင် တစ်ဧကအထွက်တိုးနှုန်းနှင့် အရည်အသွေးကောင်းသော သီးနှံများ အထွက်နှုန်းမြင့်မားလာစေရန် ခေတ်မီသိပ္ပံနည်းကျ နည်းပညာများကို တီထွင်အသုံးပြုလာကြသလို မွေးမြူရေးတွင်လည်း ကြီးထွားနှုန်း၊ ရှင်သန်နှုန်း၊ ဥနှုန်း၊ မျိုးပွားနှုန်းများ မြင့်မားလာစေရန် နည်းသစ်များကို တီထွင်လာကြသည်။

ပညာရှင်များမှ စိုက်ပျိုးမွေးမြူရေးနည်းစနစ်သစ် အမျိုးမျိုးကို ဖော်ထုတ်အသုံးပြုလာကြသည့်အနက် ၁၉၈၀ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံ၊ အိုကီနာဝါတက္ကသိုလ်မှ ပညာရှင်ဒေါက်တာ Higo ရှာဖွေတွေ့ရှိခဲ့သော စိုက်ပျိုးရေးနှင့်မွေးမြူရေးတွင် အရေးပါ အရာရောက်သည့် E.M(Effective Microorganisms)ဟုခေါ်သည့် အကျိုးပြုအဏုဇီဝဘက်တီးရီးယားပါဝင်သည့် ဖျော်ရည်ကို  ဖော်ထုတ်ဖြန့်ဖြူးခဲ့ကြပါသည်။ ယခုအခါ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်းတော်တော်များများ၌ စိုက်ပျိုးမွေးမြူရေးနည်းလုပ်ငန်းများတွင်  E.M နည်းပညာကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးတွင် မွေးမြူရေးကဏ္ဍ၌ E.M ၏ အကျိုးသက်ရောက်မှုများကို တင်ပြသွားပါမည်။

 တိရစ္ဆာန်မွေးမြူရေးတွင် အသုံးပြုနိုင်သည့် နည်းလမ်းများမှာ 

  • အစာထဲ၌ အီးအမ်ဘိုကာရှီဖြည့်စွက်အစာအဖြစ် ထည့်သွင်းပေးခြင်း
  • အီးအမ်အရည်ကို သောက်ရေထဲ၌ ထည့်သွင်းပေးခြင်း
  • အီးအမ်အရည်ကို မွေးမြူရေးခြံအဆောက်အအုံ၌ ပက်ဖျန်းပေးခြင်း
  • အီးအမ်ဘိုကာရှီ(E.M Bokashi)အား အောက်ကြမ်းခင်းပြင်၌ ဖြူးပေးခြင်း
  • စွန့်ထုတ်အညစ်အကြေးများ၌ အနံ့ဆိုးနှင့်ယင်ကောင်များ ဖယ်ရှားရန်အတွက် ထည့်သွင်းခြင်း တို့ပြုလုပ်နိုင်သည်။

 

ထိုသို့ပြုလုပ်ခြင်းဖြင့်

  • အမိုင်နိုအက်ဆစ်၊ ဗီတာမင်နှင့် အင်ဇိုင်းများထုတ်ပေးသဖြင့် အစာချေဖျက်မှုနှင့် စုပ်ယူမှု ကောင်းမွန်ကာ ကြီးထွားနှုန်းကောင်းမွန်ခြင်း
  • ခုခံစွမ်းရည်(Immunity) မြင့်မားစေသဖြင့် ကျန်းမာရေးကောင်းမွန်စေခြင်း
  • ခြံအဆောက်အအုံများ၌သုံးလျှင် ယင်၊ မှက်၊ အင်းဆက်များကို ဖယ်ရှားလျော့နည်းစေခြင်း
  • အညစ်အကြေးများ၏ အနံ့ဆိုးများကို ပပျောက်လျော့နည်းစေခြင်း
  • နို့၊ ကြက်ဥ၊ အသားထုတ်လုပ်မှုနှုန်း မြင့်မားလာစေခြင်းနှင့် မျိုးပွားနှုန်းကောင်းမွန်စေခြင်း
  • ပဋိဇီဝဆေးဝါးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များကို လျော့နည်းစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေပါသည်။ 

ငါးပုစွန်မွေးမြူရေး၌လည်း အနုဇီဝဘက်တီးရီးယား၏ အခန်းကဏ္ဍမှာ အလွန်အရေးပါအရာရောက်ကြောင်း တွေ့ရှိရပါသည်။ အနုဇီဝ ဘက်တီးရီးယားများသည် ငါးပုစွန်မွေးမြူရေးကန်များထဲရှိ နုန်းထုထဲ၌လည်းကောင်း၊ ရေအောက်အပင်နှင့် ကျောက်တုံး၊ အရာဝတ္ထုစသည်များ၌ တွယ်ကပ်၍လည်းကောင်း သဘာဝအလျောက်တွေ့ရှိရပါသည်။သို့သော် ငါးမွေးမြူရေး၌ ငါးထည့်သွင်းနှုန်း မြင့်မားလာပြီး အစာ ကျွေးမွေးမြူလာကြသဖြင့် ငါးများ၏ နေ့စဥ်စွန့်ထုတ်အညစ်အကြေးများနှင့် အစာကျန်များသည် ကန်ရေထု ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါသည်။

ထို့ပြင် ယင်းကန်အောက်ခြေ၌ အညစ်အကြေးနှင့် နုန်းများ စုပုံလာပြီး သဘာဝအလျောက်ရှိနေသော အကျိုးပြုဘက်တီးရီးယားများ၏ အရေအတွက်ပမာဏ ဖြင့် ထိန်းသိမ်းနိုင်စွမ်း လျော့နည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော အမိုးနီးယား၊ H2S ကဲ့သို့သော အဆိပ်အတောက်များနှင့် D.O အောက်စီဂျင်ကျဆင်းမှုတို့သည် ငါးများ၌ ကြီးထွားနှုန်းကျဆင်းခြင်း၊ F.C.R မြင့်တက်ခြင်း၊ မျိုးပွားနှုန်းညံ့ဖျင်းခြင်း၊ အသားအရောင် အရည်အသွေးညံ့ခြင်း၊ ရာသီဥတု အပြောင်းအလဲ၌ ဖိစီးမှုဒဏ်ကြောင့် ငါးများသေဆုံးခြင်း စသည့်ပြဿနာများကို ဖြစ်စေပါသည်။

ထို့ကြောင့် ပညာရှင်များမှ စီးပွားဖြစ်ငါးပုစွန်မွေးမြူရေးကန်များ၌ အီးအမ်(E.M)အကျိုးပြုဘက်တီးရီးယားများကို နည်းစနစ်အမျိုးမျိုးဖြင့် ထည့်သွင်းပေးခြင်းဖြင့် အထက်ပါပြဿနာများကို ထိန်းသိမ်းကာကွယ်နိုင်ကြောင်းကို လက်တွေ့စမ်းသပ်တင်ပြကြရာ ယခုအခါ တိရစ္ဆာန်မွေးမြူရေးတွင်သာမက ငါးပုစွန်ကန်တွင်း မွေးမြူရေး၌ပါ အကျိုးရှိစွာ သုံးစွဲနေကြပြီး ဖြစ်ပါသည်။

အီးအမ်(E.M)တွင်ပါဝင်သော အကျိုးပြု ဘက်တီးရီးယားအုပ်စုများမှာ- Lactic acid Bacteria, Photosynthetic Bacteria, Actinomycetes, Yeast, Aspergillus နှင့် Penicillium Spp, Nitrobacter စသည်တို့ ဖြစ်သည်။

ငါးပုစွန်မွေးမြူရေးကန်များတွင် အသုံးပြုနိုင်သည့် နည်းလမ်းများမှာ

  • E.M Bokashi ဘိုကာရှိ ဖြည့်စွက်အစာကို အစာနှင့်အတူ ထည့်သွင်းကျွေးခြင်း
  • E.M Inoculant အီးအမ်အားဖြည့်ရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်း
  • E.M Disinfectant အီးအမ်ကန်သန့်ဆေးရည်ကို ကန်ရေထဲသို့ ထည့်သွင်းပေးခြင်းဖြစ်သည်။

 

ထိုသို့ပြုလုပ်ခြင်းဖြင့်

၁။ E.M အကျိုးပြု ဘက်တီးရီးယားများသည် ငါးစာမှတဆင့် အစာအိမ်အူလမ်းကြောင်းသို့ ရောက်ရှိလာပြီး ၄င်းတို့မှထုတ်လုပ်သော Lactic Acid,Acetic acid,Citric acid နှင့် Propionic acid များကြောင့် မကောင်းသောဘက်တီးရီးယားများ၏ ရှင်သန်မှုကို ထိန်းချုပ်ဖယ်ရှားပေးသည်။

၂။ အစာခြေ အင်ဇိုင်းများ၊ အမိုင်နိုအက်ဆစ်နှင့် ဗိုက်တာမင်များ ထုတ်လုပ်ပေးသဖြင့် အစာချေဖျက်မှု၊ စုပ်ယူမှုနှင့် မကြေညက်နိုင်သော အစာများကို ပြိုကွဲချေဖျက်ပေးမှု စွမ်းရည်ကောင်းလာပြီး အာဟာရဓာတ်များ ပိုမိုရရှိစေကာ ကြီးထွားနှုန်းကို အထောက်အကူပြုပါသည်။

၃။ E.M ဘက်တီးရီးယားများမှ Antioxidant များ ထုတ်ပေးခြင်းကြောင့် ငါးများ၏ ရောဂါခုခံမှုစွမ်းအားတိုးမြင့်စေခြင်းနှင့် စွန့်ထုတ်အညစ်အကြေးများ၌ အမိုးနီးယား ပါဝင်နှုန်း လျော့နည်းစေသဖြင့် ရေထုညစ်ညမ်းမှုကို လျော့နည်းစေပါသည်။

၄။ ကန်ရေထဲသို့ အရည်ပုံစံ E.M အားဖြည့်ရည်နှင့် E.M ကန်သန့်ဆေးရည်များကို ပုံမှန်ထည့်သွင်းပေးသောအခါ E.M ဘက်တီးရီးယားများသည် ကန်ရေနှင့် ကန်အောက်ခြေရှိ နုန်းနှင့် အော်ဂဲနစ်အညစ်အကြေးများကို decomposition ပြုလုပ်ပြိုကွဲစေသည့်အပြင် နိုက်တြိုဂျင်၊ ဖော့စဖောရပ်နှင့် အာဟာရဓာတ်များကို ထုတ်ပေးသဖြင့် ကန်ရေရှိသဘာဝ အစာမျှောလှေး(Plankton) များ ပွားများလာပြီး ရေသြဇာတက်လာစေပါသည်။

၅။ ကန်ရေအညစ်အကြေးများနှင့် ငါးများ၏ ကိုယ်ပေါ်ရှိ ရောဂါဖြစ်စေနိုင်သော ဘက်တီးရီးယား၊ ပရိုတိုဇိုဝါးနှင့် မှိုများကို ဖယ်ရှားရှင်းလင်းစေပါသည်။

၆။ အမိုးနီးယားနှင့် ဟိုက်ဒြိုဂျင်ဆာလာဖိုဒ် အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ပါသည်။

၇။ ကန်ရေ၏ ဓာတု၊ ရူပ အရည်အသွေးကို ကောင်းမွန်စေပြီး ရေကို ကြည်လင်စေသည်။

၈။ နုန်းနှင့် အော်ဂဲနစ် အညစ်အကြေးများကို ပြိုကွဲချေပျက်ပြီး ငါးများစားနိုင်သောအစာတစ်ရပ်ဖြစ်လာစေသဖြင့် နုန်းထုလျော့နည်းလာပြီး အစာလိုအပ်ချက်ကို လျော့နည်းစေပါသည်။

၉။ ငါးအသားလွှာ၌ မကောင်းသောအနံ့(Off-Flavour)ဖြစ်ပေါ်မှုကို လျော့နည်းစေပါသည်။

၁၀။ Photosynthetic ဘက်တီးရီးယားများ၏ လုပ်ဆောင်ချက်မှ (Molecular Oxygen) မော်လီကျူလာအောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ကို ထုတ်ပေးသဖြင့် D.O အောက်စီဂျင်ရရှိမှု မြင့်မားလာပါသည်။

၁၁။ ငါးမှုံပြုစုကန်များ၌ E.M Disinfectant ကန်သန့်ဆေးရည်ကို ငါးမှုံမထည့်သွင်းမီ ၂ရက် ကြိုတင်ထည့်သွင်းပေးခြင်းဖြင့် ကန်ရေထဲရှိ အင်းဆက်ပိုးမွှားများကို ဖယ်ရှားရှင်းလင်းပေးပြီး ရှင်သန်နှုန်း မြင့်မားစေပါသည်။ 

ငါးပုစွန်ကန်တွင်း စီးပွားဖြစ်မွေးမြူရေး၌ E.M အဏုဇီဝ အကျိုးပြုဘက်တီးရီးယား များ၏ အခန်းကဏ္ဍသည် အလွန်အကျိုးသက်ရောက်မှု ရှိစေကြောင်းကို ပညာရှင်များမှ လေ့လာတွေ့ရှိကြသဖြင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအသီးသီး၌သာမက ငါး၊ ပုစွန်မွေး မြူရေးလုပ်ငန်းများတွင် သိပ္ပံနည်းကျ မွေးမြူရေးစနစ်အဖြစ် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ တိုင်ပေ၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ မလေးရှား စသော နိုင်ငံများအပြင် ကမ္ဘာတစ်ဝှမ်း အသုံးပြုလာကြသည်ကို လေ့လာသိရှိရသဖြင့် ယခုလိုမျိုးရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်