အသားစားနွား မွေးမြူရေးလုပ်ငန်းအား ကြီးကြီးကျယ်ကျယ်လုပ်ကိုင်မည်ဆိုပါက နွားကောင်ရေတိုးပွားမှုသည့် မဖြစ်မနေလိုအပ်သည်။ ဤကဲ့သို့ တိုးပွားစေရန် နွားမျိုးကောင်းမျိုးသန့်ထဲမှ သန္ဓေတည်သားမွေးနှုန်းကောင်းသော နွားမျိုးကို ရွေးချယ်ရန်လိုအပ်သည်။ နွားတို့၏သဘာဝမှာ သန္ဓေတည်သားမွေးရာတွင် မျိုးရိုးလိုက်တတ်သည်။ သန္ဓေတည်သားမွေးနှုန်းညံ့သောနွားများမှ ဆင်းသက်ပေါက်ဖွားလာသည့် နွားများကို မွေးမြူထားပါက ထိုနွားများအချိန်တန်၍ သားမွေးချိန်ရောက်သော် သန္ဓေတည်နှုန်းညံ့ဖျင်းမှာ မလွဲပေ။ ဤကဲ့သို့ မျိုးရိုးလိုက်ခြင်းမှာ နို့စားနွားမွေးမြူခြင်းနှင့် ခြားနားမှုမရှိဘဲ အတူတူပင်ဖြစ်သည်။ ထို့ကြောင့် အသားစားနွားမွေးမြူရေးသမားတို့သည် သန္ဓေတည်သားမွေးနှုန်းကောင်းသည့် နွားမျိုးကိုသာ ရွေးချယ်မွေးမြူသင့်သည်။
တစ်ခါတစ်ရံတွင် သားမွေးနှုန်းကောင်းသောနွားမျိုးနှင့် အလားတူကောင်းသော အခြားနွားတစ်မျိုးကို သားစပ်ယူသည့်နည်းကိုလည်း ကျင့်သုံးရမည်။ မိမိမွေးထားသော နွားထက်ပို၍အသားများသော နွားမျိုးကောင်းနှင့်လည်း သားစပ်ရမည်။ ဤသို့ဖြင့် နောက်ထပ်မွေးလာသော နွားများမှာအသားတိုးနှုန်းသည် မိခင်နွားမကြီးထက်ပို၍ ကောင်းမွန်သည့်အခြေအနေမျိုး ရရှိလာနိုင်သည်။ ထို့ကြောင့် ထွားကျိုင်းပြီး အသားများသော နွားနှင့် သားစပ်ယူသည့်နည်းကို အသားစားမွေးမြူရေးသမားတိုင်း လိုက်နာသင့်သည်။
အသားစားနွားမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများသည် မိမိတို့မွေးမြူထားသော နွားများအနက် ပေါက်လာသည့်နွားကလေးများ နို့ဖြတ်ချိန်ကိုလည်း ဂရုစိုက်ရန်လိုအပ်သည်။
အသားစားနွားထဲမှ သားငယ်ရှိသော နွားမများကို အစာအာဟာရပို၍ကျွေးမှသာ နို့ထွက်ကောင်းသဖြင့် အစာပို၍ ကျွေးရသောကြောင့် ကုန်ကျစရိတ်ပို၍ ကုန်ကျလာမည်။ နို့ဖြတ်ချိန်တွင် ကိုယ်အလေးချိန်ပိုစီးသော နွားငယ်များအတွက်စရိတ်သည် ကိုယ်အလေးချိန်လျော့နည်းသော နွားငယ်များ၏ စရိတ်ထက်ပိုမို၍ သက်သာသည်။
နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊ နွား မွေးမြူသောနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။