မွေးမြူရေးငါးစာအမျိုးအစားများနှင့် အစာစားပုံအလေ့အထများ

28/07/2023 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မွေးမြူရေးငါးများ၏ အာဟာရဓာတ်လိုအပ်မှုသည် ငါးအမျိုးအစားအလိုက် ကွာခြားမှုရှိပါသည်။ ဥပမာအားဖြင့် အသားစားငါးအုပ်စုဝင်ဖြစ်သော ငါးခူများ၏ အသားဓာတ်လိုအပ်ချက်မှာ ၄င်းတို့၏ အစားအစာတွင် အသားဓာတ် ၄၀ % ခန့် ပါဝင်ရန် လိုအပ်ပါသည်။ အသီးအရွက်စားငါးအုပ်စုဝင်ငါးများအတွက်ဆိုပါက အသားဓာတ် ၃၀ % ခန့်သာ ပါဝင်ရန် လိုအပ်ပါသည်။ 

၁။ မွေးမြူရေးငါးများ၏ အစာစားပုံအလေ့အထများ

မွေးမြူရေးငါးများ၏ အစာစားပုံ အလေ့အထအရ ငါးများအား အောက်ပါအတိုင်း အုပ်စုများ ခွဲခြားထားနိုင်ပါသည်။

  • အသီးအရွက်စားငါးများ(ဥပမာ - တီလားပီးယား၊ မြက်စားငါးကြင်း)
  • အသားစားငါးများ (ဥပမာ - ငါးခူ၊ ကကတစ် စသည်များ)
  • အစုံစားသတ္တဝါများ (ဥပမာ - ငါးကြင်းအုပ်စုဝင်ငါးများ)
  • အပင်နှင့် သတ္တဝါမျှောလှေးစားငါးများ ( ဥပမာ - ငွေရောင်ငါးကြင်း)
  • ကန်အောက်ခြေမှ အညစ်အကြေးများ စားသုံးသည့်ငါးများ ( ဥပမာ - မိုဇမ်ဘစ်တီလားပီးယား)

ဟူ၍ ရှိပါသည်။

၂။ မွေးမြူရေးငါးများစားသော အစားအစာအမျိုးအစားများ

မွေးမြူရေးငါးများ၏ အစားအစာများအား အောက်ပါအတိုင်းအုပ်စုများ ခွဲခြားနိုင်ပါသည်။

  • (က) သဘာဝအစားအစာများ
  • (ခ) ဖြည့်စွက်အစားအစာများ
  • (ဂ) စပ်စာများ
  • (ဃ) တစ်နိုင်တပိုင်မွေးကန်များတွင်ပြုလုပ်သော စပ်စာ
  • (င) စက်ရုံများမှ ထုတ်လုပ်သော စပ်စာအစာတောင့်များ

ဟူ၍ ဖြစ်သည်။

(က) သဘာဝအစားအစာများ

၎င်းအုပ်စုသည် ငါးများအတွက် အကောင်းဆုံး အစားအစာများဖြစ်ပြီး အဓိကအားဖြင့် အပင်မျှောလှေးများ၊ သတ္တမျှောလှေးများ၊ ကန်အောက်ခြေလွှာတွင် နေထိုင်ကျက်စားသည့် ခရုများ၊ ရေတီများ၊ အင်းဆက်များနှင့်အင်းဆက်သားလောင်းများ၊ ရေအောက်အပင်ငယ်များ စသည်တို့ ပါဝင်ပါသည်။

ငါးသည် အသားစားငါးအမျိုးအစားဖြစ်ပါက ငါးငယ်ကလေးများသည် ၎င်းတို့၏ အစားအစာပင်ရင်း ဖြစ်ပါသည်။ အချို့ငါးများသည် အစားအစာတစ်မျိုးတည်းကိုသာ စားသုံးကြပြီး အချို့မှာ တစ်မျိုးထက်ပိုမိုသော အစားအစာများကို စားသုံးလေ့ရှိပါသည်။

(ခ) ဖြည့်စွက်အစားအစာများ

ငါးများအား ဖြည့်စွက်စာအဖြစ်ကျွေးမွေးသော အစားအစာများ ဖြစ်ပါသည်။ အများစုမှာ စိုက်ပျိုးရေးဘေးထွက်ပစ္စည်းများဖြစ်သော ဖွဲနု၊ ပဲဖတ် စသည်တို့ဖြစ်သော်လည်း ငါးများစားသုံးသော အစားအစာများမှာ အများအပြားရှိပါသည်။

မွေးမြူထားသော ငါး၏အမျိုးအစားပေါ်တွင် မူတည်ပြီး ထမင်းကျန်များ၊ ဆန်ကွဲများ၊ ပေါင်မုန့်အပိုင်းအစများ၊ ဖွဲနု၊ ငါးအသားမှုန့်၊ ပြောင်းဖူးအစေ့များ၊ ဂျုံကြမ်း၊ ဘာလီစပါး၊ စပါးအရိုင်း၊အာလူး၊ ပဲပုတ်ကြိတ်ဖတ်များ၊ ပဲဖတ်၊ ပြောင်းဖူးကြိတ်ဖတ်များ၊ ဝါစေ့ဆီကြိတ်ဖတ်များ၊ အုန်းဆီကြိတ်ဖတ်၊ ပိုလျှံသော တိရစ္ဆာန်အသားများ၊ တိရစ္ဆာန် မစင်အညစ်အကြေးများ စသည်ဖြင့် အမျိုးအစားစုံလင်သော ပိုလျှံဘေးထွက်ပစ္စည်းများအား ဖြည့်စွက်စာအဖြစ် ကျွေးမွေးနိုင်ပါသည်။

(ဂ) စပ်စာများ

စပ်စာများသည် ငါးများစားသုံးရန်အတွက် ဖော်စပ်ထားသော အစားအစာများ ဖြစ်ပါသည်။ ၎င်းတို့အား နှစ်ပိုင်းခွဲခြားနိုင်ပါသည်။ တစ်နိုင်တပိုင် ငါးမွေးကန်တွင် ပြုလုပ်သော စပ်စာများနှင့် စီးပွားဖြစ်ထုတ်လုပ်သောစပ်စာဖြစ်သည့် အစာတောင့်များ ဖြစ်ကြပါသည်။

(ဃ) တစ်နိုင်တပိုင်မွေးကန်များတွင် ပြုလုပ်သောစပ်စာ

၎င်းအမျိုးအစား စပ်စာများသည် ဖြည့်စွက်စာများအား အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ပေါင်းစပ်ကျွေးမွေးခြင်း ဖြစ်ပါသည်။ ပြည်တွင်းငါးမွေးမြူရေးတွင် အဓိကအားဖြင့် ဖွဲနုနှင့်ပဲဖတ်အား သင့်လျော်သလို သီးခြားစီကျွေးမွေးလေ့ရှိပါသည်။ ထိုသို့ကျွေးမွေးရာမှ ကြီးထွားနှုန်းပိုမိုကောင်းမွန်စေရန်အတွက် မိမိမွေးမြူထားသော ငါးများ၏ အသားဓာတ်လိုအပ်ချက်နှင့် ကိုက်ညီအောင် ရောစပ်ပြီး ကျွေးမွေးခြင်းဖြစ်ပါသည်။

အချို့ငါးကန်များမှာ စပ်စာအဖြစ် ရောစပ်ထားသောအစာအား အလုံးငယ်များအဖြစ် ထုတ်လုပ်ကျွေးမွေးကြပြီး အချို့သောငါးကန်များတွင်မူ ၄င်းရောစပ်ထားသောအစာအား လက်လုပ်ကြိတ်စက်ဖြင့် အစာတောင့်ပုံစံ ပြုလုပ်ကျွေးမွေးလေ့ရှိပါသည်။ တစ်နိုင်တပိုင်ငါးကန်များတွင် အသုံးများသော အစာကုန်ကြမ်းများတွင် ပါဝင်သည့် အာဟာရဓာတ်ပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အစာကုန်ကြမ်းများတွင် ပျှမ်းမျှအာဟာရဓာတ်ပါဝင်မှု ဆန်းစစ်ချက်

ငါးစာကုန်ကြမ်းဟုဆိုရာတွင် ဆန်ကွဲ၊ ဖွဲနု၊ ပြောင်း၊ မြေပဲဖတ်၊ နှမ်းဖတ်၊ ငါးအသားမှုန့်၊ ပုစွန်ဖွဲ(အကျိုးအကြေ)၊ အုန်းဆံသား၊ နေကြာစေ့၊ ဂုံး၊ ခရုအခွံတို့ ပါဝင်သည်။ 

ဆန်ကွဲတွင်..

  • ရေငွေ့ရာခိုင်နှုန်း - ၁၂.၀၆
  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း - ၇.၉၅
  • အဆီဓာတ်ရာခိုင်နှုန်း - ၁.၅၂
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၀.၅၂
  • ပြာဓာတ်ရာခိုင်နှုန်း - ၁.၀၂
  • ထုံးဓာတ်ရာခိုင်နှုန်း - ၀.ဝ၃
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၀.၂၀ 

တို့ ပါဝင်ပါသည်။

ဖွဲနုတွင်...

  • ရေငွေ့ရာခိုင်နှုန်း - ၁၀.၉၃
  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း - ၁၀.၃၀
  • အဆီဓာတ်ရာခိုင်နှုန်း - ၁၀.၉၁
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၃.၇၄
  • ပြာဓာတ်ရာခိုင်နှုန်း - ၆.၂၀
  • ထုံးဓာတ်ရာခိုင်နှုန်း - ၀.၀၆
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၁.၄၇

တို့ ပါဝင်ပါသည်။ 

ပြောင်းတွင်..

  • ရေငွေ့ရာခိုင်နှုန်း - ၁၂.၇၉
  • ပရိုတင်း(အသားဓာတ်) ရာခိုင်နှုန်း - ၉.၄၃
  • အဆီဓာတ်ရာခိုင်နှုန်း - ၃.၉၃
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၂.၁၃
  • ပြာဓာတ်ရာခိုင်နှုန်း - ၁.၈၀
  • ထုံးဓာတ်ရာခိုင်နှုန်း - ၀.၀၃
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၀.၂၇

တို့ ပါဝင်သည်။

မြေပဲဖတ်တွင်...

  • ရေငွေ့ရာခိုင်နှုန်း - ၇.၂၅
  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း - ၄၂.ဝဝ
  • အဆီဓာတ်ရာခိုင်နှုန်း - ၆.၅၀
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၅.၀၅
  • ပြာဓာတ်ရာခိုင်နှုန်း - ၆.၆၀
  • ထုံးဓာတ်ရာခိုင်နှုန်း - ၀.၂၀
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၀.၅၅

တို့ ပါဝင်သည်။

နှမ်းဖတ်တွင်...

  • ရေငွေ့ရာခိုင်နှုန်း - ၈.ဝဝ
  • ပရိုတင်း(အသားဓာတ်) ရာခိုင်နှုန်း - ၃၅.ဝဝ
  • အဆီဓာတ်ရာခိုင်နှုန်း - ၈.၁၁
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၆.၅၄
  • ပြာဓာတ်ရာခိုင်နှုန်း - ၁၀.၂၄
  • ထုံးဓာတ်ရာခိုင်နှုန်း - ၂.ဝဝ
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၁.၃၀

တို့ ပါဝင်သည်။ 

ငါးအသားမှုန့်တွင်...

  • ရေငွေ့ရာခိုင်နှုန်း - ၁၅.၂၃
  • ပရိုတင်း(အသားဓာတ်) ရာခိုင်နှုန်း - ၅၅.ဝဝ
  • အဆီဓာတ်ရာခိုင်နှုန်း - ၃.၁၀
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၀.၇၀
  • ပြာဓာတ်ရာခိုင်နှုန်း - ၂၅.၃၅
  • ထုံးဓာတ်ရာခိုင်နှုန်း - ၄.၅၀
  • မီးစုံးဓာတ်ရာခိုင်နှုန်း - ၂.၅၈

တို့ ပါဝင်သည်။

ပုစွန်ဖွဲ(အကျိုးအကြေ) တွင်...

  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း - ၅၂.၄၃
  • ပြာဓာတ်ရာခိုင်နှုန်း - ၁၆.၉၁
  • ထုံးဓာတ်ရာခိုင်နှုန်း - ၇.၄၃

တို့ ပါဝင်သည်။

အုန်းဆံသားတွင်...

  • ရေငွေ့ဓာတ်ရာခိုင်နှုန်း - ၉.၅၇
  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း - ၂၁.၅၈
  • အဆီဓာတ်ရာခိုင်နှုန်း - ၈.၇၈
  • အမျှင်ဓာတ်ရာခိုင်နှုန်း - ၁၁.၀၇
  • ပြာဓာတ်ရာခိုင်နှုန်း - ၆.၆၈

တို့ ပါဝင်သည်။

နေကြာစေ့တွင်...

  • ရေငွေ့ရာခိုင်နှုန်း - ၉.၄၀
  • ပရိုတင်း(အသားဓာတ်)ရာခိုင်နှုန်း -၂၅.၅၃
  • အဆီဓာတ်ရာခိုင်နှုန်း - ၉.၄၀

တို့ ပါဝင်သည်။

ဂုံး၊ ခရုအခွံတွင်..

  • ထုံးဓာတ်ရာခိုင်နှုန်း - ၃၅.၀၀ ပါဝင်သည်။ 

(င)စက်ရုံများမှထုတ်လုပ်သော စပ်စာအစာတောင့်များ

၄င်းအမျိုးအစားစပ်စာအတောင့်များသည် ငါးအမျိုးအစားအလိုက်နှင့် အရွယ်အစားအလိုက် လိုအပ်သောအာဟာရဓာတ်တန်ဖိုးများအား ပြည့်ဝစွာပါဝင်အောင် တွက်ချက်ရောစပ်ထုတ်လုပ်ထားသည့်အပြင် ငါး၏အသက်အရွယ်အလိုက် ငါးများစားသုံးနိုင်မည့် အစာတောင့်၏ အရွယ်အစားများအလိုက် ခွဲခြား၍ ထုတ်လုပ်ထားပါသည်။

၄င်းပြည့်ဝအစာတောင့်များတွင် သတ်မှတ်ငါးအမျိုးအစားအလိုက် ၄င်းတို့လိုအပ်မည့် အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်အောင် ထည့်သွင်းပေးထားသည့်အတွက် သဘာဝအစားအစာများအပေါ်မှီခိုရန် မလိုအပ်တော့ပါ။

ယခုအခါ ရေတွင်နှစ်မြုပ်သောအစာတောင့်များသာမက ရေပေါ်တွင်ပေါ်သော အစာတောင့်များကိုပါဝယ်ယူရရှိနိုင်ပါသည်။

ရေပေါ်အစာတောင့်များသည် ရေပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ပေါလောပေါ်နေသောကြောင့် ငါးများအား အစာကျွေးရာတွင် အစာအား ပိုလျှံစွာကျွေးမွေးမိခြင်းဖြင့် အစာလေလွင့်မှုကို ထိရောက်စွာထိန်းသိမ်းနိုင်ပါသည်။

ပြည့်ဝအစာတောင့်များသည် အရည်အသွေးမြင့်မားသော်လည်း ၄င်းအစာတောင့်များ၏ စျေးနှုန်းမှာ မြင့်မားသည့်အတွက် အထူးဂရုစိုက်မွေးမြူသောနည်းစနစ်(Intensive method)တွင် အသုံးပြုသင့်သော်လည်း မိသားစုတစ်နိုင်တစ်ပိုင် အသေးစားငါးမွေးမြူရေးကန်များအတွက်မူ သုံးစွဲရန် အခက်အခဲရှိနိုင်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်