ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူနည်း အပိုင်း(၂) 

01/08/2022 13:47 PM တွင် ကိုမောင်မောင်(သုဝဏ္ဏ) ကိုမောင်မောင်(သုဝဏ္ဏ) မှ ရေးသား

(၁) ကန်ပြုပြင်ခြင်း


ရေချိုပုစွန်တုပ်ကြီးများ မွေးမြူပါက ကန်အသစ်ဖြစ်စေ၊ ကန်အဟောင်းဖြစ်စေပြုပြင်ပြီးစီးပြီးမှ မွေးမြူရမည်ဖြစ်သည်။ ကန်တွင်ရေထည့်ပြီး ပစ်ထားလို့လည်း မရသလို ရေရှိပြီးသားဖြစ်နေရင်လည်း ပြုပြင်ပြီးမှ မွေးမြူရန်လိုအပ်သည်။


(၂) အခြောက်ခံခြင်း(Drying)


  • ပုစွန်မွေးမြူရေးကန်များကို အခြောက်ခံပြီးမှ ရေထည့်ရမည်ဖြစ်သည်။ ပုစွန်အသားတိုးမွေးမြူသော ကာလသည် ၈ လမှ ၁၀ လအထိ ကြာမြင့်ပါသည်။ ၈ လအကြာတွင် ပုစွန်များကို ကန်ဖော်မည်ဆိုပါက ရေကို ကုန်အောင်ထုတ်ပစ်ရမည်ဖြစ်သည်။

(၃) ထုံးထည့်ခြင်း(Liming)


  • ထုံးထည့်ရာတွင် မဖောက်ထုံး(CaO) နှင့် ဖောက်ထုံး(CaOH2)တို့ကို အသုံးပြုနိုင်သည်။ သာမန်ဖောက်ထုံးပေးပါက ကန်ရေ၏ pH မြင့်ခြင်းနှင့် ကန်မြေသားချဥ်ဖန်နှုန်း (Alkalinity) မြင့်မားစေပါသည်။ ဤသို့ လိုတိုးပိုလျှော့ လုပ်ပေးခြင်းဖြင့် ရေ၏ pH level နှင့် ချဥ်ဖန်နှုန်းကို ထိန်းသိမ်းနိုင်ပါသည်။
  • အခြောက်ခံ၍ မြေကြီးတစ်စင်တီမီတာခန့် အက်ကွဲလာပါက မဖောက်ထုံး(CaO) ကို တစ်ဧကလျှင် ၁၅ ပိဿာခန့် ထည့်ရမည်။ ထုံးထည့်ပြီးနောက် တစ်ပတ်ခန့်ထားပြီး ငါးရိုင်းနှင့်အသားစားသတ္တဝါများ၊ တွင်းအောင်းသတ္တဝါများကို ရှင်း လင်းသုတ်သင်ရမည်။
  • တစ်ပတ်ခန့်ငါးရိုင်းများ ရှင်းလင်းပြီးပါကထုံး(မဖောက်ထုံး)ကို တစ်ဧက ၁၅ ပိဿာနှုန်း ထပ်မံထည့်ရမည်။ ထို့နောက် ရေတစ်ပေခန့် သွင်းပေးရမည်။ ထိုအချိန်တွင် ကန်ရေ၏ pH သည် ၆.၅ မှ ၈.၅အထိ ရှိရမည်။ ဤသို့အားဖြင့် ချဥ်ဖန်နှုန်း (Alkalinity) နှင့် ရေစေးရေသွက် (Hardness) မြင့်မားလာပြီး pH နှင့် ထိန်းထားနိုင်မည်ဖြစ်သည်။

pH အခြေအနေကိုလိုက်၍ ထုံးကို လိုတိုးပိုလျှော့ပြုလုပ်ပြီး အသုံးပြုနိုင်ပါသည်။


မြေသြဇာထည့်ခြင်း


  • ပုစွန်မွေးမြူရေးကန်များတွင် မြေသြဇာထည့်ပေးခြင်းဖြင့် ရေ၏သြဇာဓာတ်မြင့်မားလာစေသည်။ မြေသြဇာထည့်ခြင်းတွင် သဘာဝမြေသြဇာ(တိရစ္ဆာန်) အညစ်အကြေးများနှင့် ဖော့စ်ဖိတ်၊ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ်များကို အသုံးပြုနိုင်သည်။
  • သဘာဝမြေသြဇာကို အသုံးပြုရာတွင် ကန်ကိုပြုပြင်ပြီးမှသာ အသုံးပြုရမည်။ အဘယ်ကြောင့်ဆိုသော် သဘာဝမြေသြဇာ များလွန်းပါက ပျော်ဝင်အောက်ဆီဂျင်လျော့နည်းစေနိုင်၍ ဖြစ်ပါသည်။ 
  • အသုံးပြုမည်ဆိုပါက တစ်ဧက ၅၀၀ ကီလိုဂရမ်အသုံးပြုနိုင်ပါသည်။ မြေသြဇာထည့်ခြင်းကို ထုံးထည့်ပြီးမှ လုပ်ဆောင်ရမည်ဖြစ်သည်။
  • ထုံးထည့်ပြီးပါက တစ်ပတ်ခန့်အကြာတွင် တီစူပါနှင့်ယူရီးယားကို တစ်ဧက ၁၄ ကီလို အနှံ့ပက်ဖျန်းပေးရမည်။ ဤသို့ပြုလုပ်ပေးခြင်းအားဖြင့် တစ်ပတ်အတွင်းတွင် ရေအရောင်သည်အစိမ်းရောင်ဖြစ်ပေါ်လာပါမည်။ ယင်းနောက်တွင်မှ လိုအပ်သောအနက်ရသည့်အထိ ရေကိုဖြည့်ပေးရပါမည်။
  • ကန်တွင် ရေသြဇာ မြင့်မားလာပြီး ပုစွန်သားပေါက်ကြီးထွားရန် သက်ရှိအစာများ(Phytoplankton)ပွားများခြင်း ဖြစ်ပေါ်လာမည်။ သက်ရှိအစာ ပေါက်ဖွားလာခြင်း လုံလောက်မှုရှိမရှိ သိနိုင်ရန်အတွက် ရေကြည်နှုန်းကို တိုင်းတာကြည့်ရပါမည်။ ရေကြည်နှုန်းမှာ ၃၀ မှ ၆၀ စင်တီမီတာအတွင်း ဖြစ်ပါက ပုစွန်များအတွက်အစာလုံလောက်မှုရှိကြောင်း သိနိုင်ပါသည်။


ပြင်ပအသားစားသတ္တဝါများကိုကာကွယ်ခြင်း


  • ရေချိုပုစွန်တုပ်ကြီးများ အသားတိုးမွေးမြူရေး၌ အရေးကြီးဆုံးမှာ အသားစားငါးရိုင်းများနှင့် အသားစားမြေအောင်းကောင်များကို ဖယ်ရှားသုတ်သင်ပေးရန် ဖြစ်သည်။
  • မိုးရာသီ ရေကြီးပါက ကန်အတွင်း ရေစီးကြောင်းများ၊ ရေလွှမ်းမိုးမှုများကြောင့် အသားစားသတ္တဝါများ ဝင်လာတတ်ပါသည်။ ထို့အတွက် ကန်ပေါင်အလယ်တွင် တစ်ပေကျော်မြင့်သော ပိုက်ပြားဇာများဖြင့် ကာရံထားပေးရမည်။
  • ရေသွင်းရေထုတ်ပြလုပ်မည်ဆိုပါက ပိုက်ဇာများ အသုံးပြု၍ ဆောင်ရွက်နိုင်သည်။
  • အဓိကအားဖြင့် အသားစားသားရိုင်း ငါးရိုင်းများအပြင် ဖားများ၊ ငှက်များလည်း ဝင်လာတတ်၍ သတိထားသင့်ပါသည်။ နောက်ဆုံးအနေဖြင့် သူခိုးရန်ကာကွယ်ရန် လုံခြုံရေးကင်းများ ထားရှိဆောင်ရွက်ထားရမည်ဖြစ်သည်။


ရေချိူပုစွန်သားပေါက်ထည့်၍ အသားတိုးမွေးမြူခြင်း


  • ပုစွန်သားပေါက်များကို မွေးမြူရေးကန်အတွင်းသို့ မထည့်မီ ယူဆောင်လာသောသားပေါက်အိတ်များကို ကန်ရေတွင် ၁၀ မိနစ်ခန့် စိမ်ထားပြီးမှ ကန်ရေကို အိတ်အတွင်းသို့ နည်းနည်းချင်းဖြည့်ပေးခြင်းဖြင့် သမစေရမည်။ 
  • ကန်ရေနှင့်အိတ်အတွင်းမှရေများ သမသွားပြီးမှ ပုစွန်များကို ကန်အတွင်းသို့ လှယ်ထည့်ပေးရမည်။ 
  • ပုစွန်များကို ကန်အတွင်းသို့ တိုက်ရိုက်လွှတ်မပေးဘဲ ဇာခြင်ထောင်(၉’×၉’×၃') အတွင်းသို့  ၄၈ နာရီခန့်ထည့်ပေးထားခြင်းဖြင့် ပုစွန်သားပေါက်များ ထိခိုက်မှုနည်းခြင်း၊ ကန်ရေတွင်နေသားတကျရှိခြင်းတို့ဖြစ်မည်ဖြစ်သည်။
  • အထက်ပါလုပ်ဆောင်မှုများပြီးမှ အားလုံးကို ကန်အတွင်းသို့ လွှတ်ပေးမည်ဆိုပါက ပုစွန်သားပေါက်များ ရှင်သန်နှုန်း၊ ကြီးထွားနှုန်းကောင်းမွန်ပါသည်။ 
  • သာမန်အားဖြင့် သားပေါက်ကောင်ရေ တစ်ဧကလျှင် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ ထည့်၍မွေးမြူနိုင်သည်။ အကောင်လျှော့ထည့်ပါက ကြီးထွားနှုန်းပိုမိုကောင်းမွန်ကြောင်း တွေ့ရှိရသည်။
  • 
အစာကျွေးခြင်း
ရေချိူပုစွန်များကိုသာမန်အားဖြင့် ဖွဲနုနှင့်ပဲဖတ် ၃:၂ ဖြင့် ရောစပ်၍ ကျွေးနိုင်သည်။ ငါသေးငါးမွှားများကိုလည်း ခုတ်ထစ်ပိုင်းဖြတ်၍ ကျွေးမွေးနိုင်ပါသည်။
  • စနစ်တကျ ပြုပြင်ထုတ်လုပ်ထားသော အစာစက်ရုံများမှ Pellet များကို ကျွေးပါက အသင့်တော်ဆုံးဖြစ်သည်။ 
  • အစာတွင် အဆီဓာတ် ၁၀%အောက်၊ အသားဓာတ်၂၅%အထက်ဖြစ်ပါက ပိုမိုကောင်းမွန်သည်။ 
  • ရေချိူပုစွန်များသည်ကန်၏အောက်ခြေပိုင်းတွင် နေလေ့နေထရှိသဖြင့် အစာကို ကန်ပတ်လည်ဖြန့်ကျက်ကျွေးမွေးနိုင်သည်။ 
  • အစာကျွေးသည့်အခါတွင် ကန်ထဲရှိ ပုစွန်ခန့်မှန်းအ လေးချိန်၏ ၃% မှ ၅% အထိ ကျွေးမွေးနိုင်သည်။ 
  • အစာကို တစ်နေ့တစ်ကြိမ်၊ ညနေပိုင်းနှင့် ညဦးပိုင်းတွင်ကျွေးရမည်။ ၎င်းအချိန်သည် ပုစွန်လှုပ်ရှားမှုများသောအချိန်ဖြစ်သောကြောင့်ဖြစ်သည်။ 
  • ၂ ရက်တစ်ကြိမ်လောက် အစာကို ၆% မှ ၁၀%အထိ တိုး၍ကျွေးသင့်သည်။ အစာကျွေးရာတွင် အစာကျန်မကျန်၊ စားမစားကို အစာဗန်းပြုလုပ်၍ စစ်ဆေးနိုင်သည်။ အစာဗန်းကို ကန်၏ကမ်းခြေမှ ၅ ပေအလွှာလောက်တွင် ဝါးလုံးတိုင်စိုက်၍ချိတ်ဆွဲထားပြီး ကြည့်ရူ့စစ်ဆေးနိုင်သည်။ 
  • အစာကျန်မကျန်စစ်ဆေးကြည့်၍ အစာကုန်ပါက တိုးကျွေးနိုင်ပြီး အစာမကုန်ပါက လျှော့ကျွေးရန်ဖြစ်သည်။ 
  • သာမန်အားဖြင့်စနစ်တကျမွေးမြူပါက ၈ လ မှ ၁၀ လအထိ မွေးရမည်ဖြစ်သည်။ 
  • သားပေါက်အကောင်ရေ တဧက ၃၀၀၀၀ ထည့်၍မွေးမြူပါက ရှင်သန်နှုန်း ၅၀%ရှိပါက ပျမ်းမျှအ ကောင်ရေ ၁၅၀၀၀ ပြန်လည်ရရှိနိုင်မည်ဖြစ်၍ တစ်ကောင်ပျမ်းမျှအလေးချိန် ၂ ကျပ်သားအထက်ရရှိနိုင်ပါက ပိဿာချိန် ၃၁၅ ပိဿာ ရရှိမည်ဖြစ်သည်။ 

အထက်ဖော်ပြချက်များသည် ရေချိုပုစွန်တုပ်ကြီးကို သားပေါက်မှ စတင်မွေးမြူနိုင်သော သာမန်မွေးမြူနိုင်သောစံနှုန်းများ ဖြစ်ပါသည်။ ၈ လမှ ၁၀ လအထိဂရုစိုက်မွေးမြူရန်လိုအပ်ပါသည်။ ကန်ကိုဂရုစိုက်ရန်နှင့် လုံခြုံရေးကြပ်မတ်ပေးပါက ပိုမိုအထွက်နှုန်းကောင်းမွန်လာမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။


ဖြစ်ပေါ်နိုင်သောပြသာနာများ

  • 
(၁)အစာလွန်ကဲ၍ကျွေးမိပါက ရေထုညစ်ညမ်းပြီး ပုစွန်သေဆုံးတတ်သည်။ တကန်လုံးလည်း သေဆုံးနိုင်သည်။ တစ်ကောင်၊ နှစ်ကောင်စတင်သေဆုံးကြောင်းတွေ့ရှိပါက ကန်ပြောင်း၍သော်လည်းကောင်း၊ ရေလဲ၍သော်လည်းကောင်း ပြုပြင်နိုင်သည်။

  • (၂)ရေသြဇာပြုပြင်ရာ၌ လွန်ကဲမှုကြောင့် ဓာတုဗေဒဆိုင်ရာပြောင်းလဲပြီးလည်း ပုစွန်များ သေတတ်သည်။ ထိုအခါမျိုးတွင် ရေလဲပေးရန်လိုအပ်သည်။

  • (၃)အသားစားငါးများ၊ တွင်းအောင်းငါးများတွေ့ရှိပါက ချက်ချင်းရှင်းလင်းပေးရမည်။ ရေလဲပေးပါက ရေစစ်သုံး၍လည်း ပြုလုပ်နိုင်သည်။

  • (၄) မွေးမြူရေးကန်များတွင်ရှိသော အပင်များကို ပြုပြင်ထိန်းသိမ်းရမည်။ အပင်များဆွေးမြည့်ပျက်စီးပြီး ကန်ရေကို ထိခိုက်နိုင်သောကြောင့်ဖြစ်သည်။

  • (၅)အထူးသဖြင့် ဒီဇင်ဘာနှင့်ဇန်နဝါရီလတွင် မနက်စောစော နှင်းများကျလာပြီးလေငြိမ်သောအခါ ရေတွင် အောက်ဆီဂျင်ပျော်ဝင်မှုနည်း၍ ပုစွန်များ သေတတ်ပါသည် ။ ထိုအခါ ရေများကို အောက်ဆီဂျင်ပျော်ဝင်မှုကောင်းရန်အတွက် ကန်အတွင်း ရေများ၊ ရေပန်းများ ပြုလုပ်၍ လှုပ်ခါပေးရမည်။

  • (၆) ပုစွန်များ အရွယ်ရောက်လာပါက သာမန်အမြင်တွင် ကြည်လင်နေရမည့်အစား မဲညစ်နေခြင်း၊ ပါးဟက်နေရာများ မဲညစ်ညစ်ဖြစ်ပေါ်နေခြင်းများ တွေ့ရှိပါက ရေတွင် ဓာတုဆိုင်ရာများကြောင့် နိုက်ထရိုဂျင်မြင့်မားနေခြင်းဖြစ်၍ ချက်ချင်း ရေအသစ်လဲပေးရန် လိုအပ်ပါသည်။

  • (၇)ပုစွန်ကန်လုံခြုံရေး အထူးကြပ်မတ်ထားရန်နှင့် သူခိုးမလာရန် ကင်းစောင့်ဖို့လည်း လိုအပ်ပါသည်။

အပိုင်း(၁) ကို မဖတ်ရသေးပါက ဒီလင့် https://greenwaymyanmar.com/posts/giant_fresh_water_prawn_1 ကနေ ဖတ်ရှုနိုင်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်