ကြက်၊ ဘဲ၊ ဝက်၊ နွား၊ ငါး၊ ပုစွန်များတွင် တွေ့ရသည့် မှိုဆိပ်ရောဂါလက္ခဏာများနှင့် ဖြေဆေးများ (၂)

25/05/2023 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

မှိုဆိပ်ကြောင့် နွားများတွင်တွေ့ရှိရသည့်ရောဂါလက္ခဏာများ

  • ၁။ ကိုယ်ဝန်ရှိပြီး တတိယလမှစ၍ ကိုယ်ဝန်ပျက်ကျခြင်း၊
  • ၂။ နွား၏နှာခေါင်းထိပ်တွင် မှိုကွက်ဖြစ်ခြင်း၊
  • ၃။ ရေဓာတ်လျော့နည်းခြင်း၊ ပိန်ချုံးခြင်း၊
  • ၄။ အစာစားနည်းပြီး ကြီးထွားနှုန်းနည်းခြင်း၊ နို့ပေးနှုန်းကျဆင်းခြင်း

စသည်တို့ဖြစ်နိုင်ပါသည်။

မှိုဆိပ်ကြောင့် ငါး၊ ပုစွန်များတွင်တွေ့ရှိရသည့် ရောဂါလက္ခဏာများ

  • ၁။ ငါး၊ ပုစွန်များ အစာစားလျော့နည်းခြင်း၊ ကြီးထွားနှုန်းနည်းခြင်း၊
  • ၂။ တီလားပီးယားငါးများတွင် အသည်းရောင်ရောဂါ(Jaundice) ဖြစ်ခြင်း၊
  • ၃။ ပုစွန်၏အသည်းဆဲလ်များ ပျက်စီးခြင်း

စသည်တို့ ဖြစ်နိုင်ပါသည်။

မှိုဆိပ်ဖြေဆေးများ(Mycotoxin binder)

မှိုဆိပ်နှင့်ပေါင်းစပ်၍ မှိုဆိပ်ဖြေသည့်ပစ္စည်းကို မှိုဆိပ်ဖြေဆေး(Mycotoxin binder)ဟု ခေါ်သည်။ မှိုဆိပ်ဖြေဆေးသည် အစာနှင့်မပေါင်းစည်းနိုင်ဘဲ မှိုဆိပ်ကိုသာပေါင်းစပ်၍ ချေးထဲသို့ စွန့်ထုတ်စေရန်ပြုလုပ်ထားပါသည်။ မှိုဆိပ်ဖြေဆေးကို ခန္ဓာကိုယ်တွင်းသို့လည်း မစုပ်ယူနိုင်ပါ။

မှိုဆိပ်ဖြေဆေး ဖွဲ့စည်းတည်ဆောက်ပုံ(၂)မျိုးရှိပါသည်။

  • ၁။ ရွှံ့စေး(Clay) ဖြင့် ပြုလုပ်သည့် အလူမီနီယမ်စီလီကိတ်များ
  • ၂။ သြဂဲနစ်မှိုဆိပ်ဖြေဆေး(ဥပမာ-ရိစ်ဆဲလ်(Yeast cell) မှ ပြုလုပ်သည့် မင်နိုအိုလီဂိုဆခရိုက်များ(Mannooligosaccharides) တို့ ဖြစ်ကြသည်။ 

တချို့မှိုဆိပ်ဖြေဆေးများတွင် နှစ်မျိုးလုံးရောစပ်အသုံးပြုကြသည်။ အချို့ဆေးများတွင် တိုင်းရင်းဆေးများကိုပါ ထည့်သွင်းဖော်စပ်ကြသည်။ မှိုဆိပ်ဖြေဆေးများမှာ အစာခြေလမ်းကြောင်းမှ မကြေချက်နိုင်သည့်(adsorbent) ပစ္စည်းများဖြစ်သည့် စီလီကိတ်(Silicates) များ၊ ကာဘွန်(activated carbon) များ၊ ကာဘိုဟိုက်ဒြိတ်အစုအဝေး စသည်တို့ဖြစ်သည်။

ရွှံ့စေး(Clay)(သို့) အော်ဂဲနစ်မဟုတ်သည့် မှိုဆိပ်ဖြေဆေး(Adsorbents) များမှာ HSCAS,(Hydrated sodium calcium- aluminosilicates) Bentonite,Zeolite, Kaolin,Diatomaceous earth များ ဖြစ်ကြသည်။ Bentonite နှင့် Kaolin တို့သည် မီးတောင်မှ စွန့်ထွက်ပစ္စည်းများ ဖြစ်ကြသည်။ 

သြဂဲနစ်မှိုသတ်ဆေးများကို မီးသွေး(Activated charcoal), Polyvinylpyrrolidone, Humic acid, ရိစ်တဆေး (Yeast cell wall)နှင့်Lactic acid bacteria တို့မှလည်း ထုတ်ယူကြပါသည်။

အစာတွင်ပါဝင်သည့်မှိုများနှင့်ပေါင်း၍ ချေးထဲသို့စွန့်ထုတ်ရာတွင် အစွမ်းထက်သည့်မှိုဆိပ်ဖြေဆေးများသည် မှိုဆိပ် ၉၀% ကို ဖယ်ရှားနိုင်စွမ်းရှိကြသည်။ ကျန်ရှိသည့်မှိုဆိပ်ကိုတော့ အသည်းမှထုတ်သည့် အင်ဇိုင်း၏ဓာတ်ကူမှုဖြင့် မှိုဆိပ်ကိုဖြေလျှော့ပေးပါသည်။

မှိုတားဆေး(Mould Inhibitors)

မှိုပေါက်ပွားပြန့်ပွားမှုကို ကာကွယ်ရန်နှင့် မှိုဆိပ်ထုတ်လုပ်မှုကို တားဆီးရန်(Mold Inhibitors)များအဖြစ် အချဉ်ရည်အက်စစ်များ(Acidifiers)ကို အစာနှင့် သောက်ရေများတွင် ထည့်သွင်းရောစပ်တိုက်ကျွေးကြပါသည်။ ဤနည်းကို(Mycotoxin Binder)ဖြင့် မှိုဆိပ်ဖယ်ရှားခြင်းကို အားဖြည့်သည့်အနေဖြင့် အသုံးပြုကြပါသည်။ အစာကုန်ကြမ်းများ ဝယ်ယူရာတွင် ပါဝင်သည့်မှိုဆိပ်ကို သတ်ရန်၊ဝယ်ယူပြီးသိုလှောင်စဉ်တွင် ပေါက်ပွား ပွားများခြင်းကို ဟန့်တားကာကွယ်ပေးရန် ဖြစ်ပါသည်။

အဓိကအားဖြင့် ဖောမစ်အက်ဆစ်(Formic acid)နှင့် ပရိုပီယွန်နစ်အက်စစ်(Propionic acid)နှစ်မျိုးကို အဓိကထား ရောစပ်သုံးစွဲကြ၍ ထိုအက်ဆစ်နှစ်မျိုးပေါင်းစပ်ခြင်းဖြင့် ပေါင်းစည်းစွမ်းရည်တိုးတက်မှု(synergistic action) ကို ရရှိနိုင်သည်။ 

အက်စစ်အချဉ်ရည်များ၏ မှိုဆိပ်တားဆီးနည်းမှာ နိမ့်သော pH တွင် အက်စစ်ပြိုကွဲခြင်း မရှိပါ။ဘက်တီးရီးယားနှင့် မှိုဆဲလ်များအတွင်း ပကတိဆဲလ်အသွင်ဖြင့် ဝင်ရောက်၍ ဆဲလ်အတွင်းရှိ Cytoplasm အတွင်း မြင့်သော pH နှင့် ထိတွေ့သည့်အခါ အက်စစ်အိုင်းယွန်းနှင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းအဖြစ် ပြိုကွဲထွက်သွားသည်။ ထွက်လာသော ဟိုက်ဒရိုဂျင်အိုင်းယွန်းကြောင့် မှိုဆဲလ်အတွင်း pH တဖြည်းဖြည်းလျော့ကျလာသည်။

မှိုဆဲလ်သည် အက်စစ်ဓာတ်မြင့်ခြင်း (သို့) pH နိမ့်ခြင်းကို မခံနိုင်သောကြောင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းကို အစဉ်ညှစ်ထုတ်နေရသဖြင့် စွမ်းအင်ကုန်ခမ်းပြီး သေကြရသည်။ ကျန်ရှိသော အက်စစ်အိုင်ယွန်းများကလည်း မှိုဆဲလ်များ ၏ DNA ကို ဖျက်ဆီးပေးပါသည်။

မှိုဆိပ်သည် တိရစ္ဆာန်မွေးမြူသည့်လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ကြီးမားသည့်အဟန့်အတားသဖွယ်ဖြစ်သဖြင့် မှိုဆိပ်ကင်းစင်ရေးအတွက် သီးနှံစိုက်ပျိုးသူများ၊ အစာထုတ်လုပ်ရောင်းဝယ်သူများ၊ မွေးမြူသူများ၊ ဆေးဝယ်ယူဖြန့်ဖြူးသူများနှင့် ပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြပါကြောင်း အကြံပြုအပ်ပါသည်။

အပိုင်း(၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Mycotoxin_in_animals          

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်