သိုး၊ ဆိတ်များတွင် အဖြစ်များသည့် ကြာပွတ်သန်ကောင်ရောဂါ ကာကွယ်ကုသနည်း

14/09/2022 11:00 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ကြာပွတ်သန်ကောင်ရောဂါမှာ သိုး၊ဆိတ်များတွင် အဖြစ်များပြီး ကပ်ပါးရောဂါပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ သေဆုံးသည်အထိ အန္တရာယ်ပေးနိုင်သဖြင့် ဂရုပြုနိုင်ရန် ကာကွယ်ကုသနည်းကို ဖော်ပြပေးလိုက်ပါသည်။ 

ရောဂါဖြစ်စေသည့် အကြောင်းအရင်းမှာ-

  • သိုး၊ ဆိတ်များ၏ အက်ဘိုမေဆမ် အစာအိမ်အကန့်တွင်နေသည့် trichostrongylus အုပ်စုဝင် Haemonchus contortus သန်လုံးကောင်ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။
  • အဆိုပါသန်လုံးကောင်သည် သွေးစုပ်ယူသောကြောင့် တိုက်ခိုက်ခံရသည့် တိရစ္ဆာန်တွင် သွေးအားနည်းခြင်းနှင့် သွေးအတွင်းပရိုတင်း(အသားဓာတ်) လျော့နည်းခြင်း (hypoproteinemia) တို့ကို ဖြစ်ပေါ်စေသည်။
  • ၎င်းသန်ကောင်များသည် ၁ ရက်လျှင် ဥထောင်ပေါင်းများစွာကို ဥချကြသဖြင့် သန်ကောင်ပမာဏ အလျင်အမြန်တိုးလာပြီး အဆိုပါသန်ကောင်ထောင်ပေါင်းများစွာတို့၏ သွေးစုပ်ယူမှုကြောင့် ဆိတ်ငယ်များကို အလျင်အမြန်သေဆုံးစေနိုင်ပါသည်။

ရောဂါလက္ခဏာများမှာ -

  • သွေးအားနည်းပြီးမျက်သားကဲ့သို့သော(mucous membrane) များ အရောင်ဖျော့သွားခြင်း(သို့မဟုတ်) ဖြူသွားခြင်းများ တွေ့ရမည်ဖြစ်သည်။
  • ခန္ဓာကိုယ်အတွင်း ရေစုခြင်း(edema)ကို တွေ့ရှိရပြီး အထူးသဖြင့် မေးရိုးအောက်တွင် ရေများစုပြီး ရောင်နေသည်ကို တွေ့ရမည်ဖြစ်သည်။
  • Haemonchus contortus သန်လုံးကောင်ကြောင့် မဟုတ်သော အခြား trichostrongylus အုပ်စုဝင် သန်လုံးကောင်များမှာမူ အစာလမ်းကြောင်းရှိ အကျိအချွဲများ၊ဆဲလ်များအား စားသုံး၍အသက်ရှင်ကြပြီး ထိုသန်ကောင်များတိုက်ခိုက်ခံရပါက အစဆုံးတွေ့ရမည့်လက္ခဏာမှာ ဝမ်းလျှောခြင်း(diarrhea) ဖြစ်ပါသည်။
  • ၎င်းတို့၏ ဥ,ဥနှုန်းမှာမူ Haemonchus contortus ကဲ့သို့ မများဘဲ ၁ ရက်လျှင် အမ ၁ ကောင်မှ ဥရာဂဏန်းသာ ဥချနိုင်ကြသဖြင့် အန္တရာယ်နည်းပါးပါသည်။

ရောဂါကူးစက်ပုံမှာ -

  • ယင်းကပ်ပါးသန်လုံးကောင်များသည် သိုး၊ ဆိတ်များ၏ အစာလမ်းကြောင်းအတွင်း နေထိုင်ကြပြီး ဥများဥချကြပါသည်။
  • ၎င်းသန်ဥများသည် သိုး၊ ဆိတ် မစင်များနှင့်အတူ ပြင်ပသို့ ရောက်ရှိလာကာ မြေကြီးပေါ်တွင် ဥမှပေါက်ပြီး သားလောင်း အဆင့်(၃)ဆင့်အထိ ဖွံ့ဖြိုးလာကြပါသည်။
  • အဆင့်(၁)နှင့် (၂)သည် ခြောက်သွေ့မှုနှင့် အပူချိန်ကို ခံနိုင်ရည် မရှိကြပါ။ သို့ရာတွင် အဆင့်(၃)သည် အလွန်ခံနိုင်ရည်ရှိပြီး စားကျက်တွင်(အထူးသဖြင့် အပူချိန်နိမ့်ပါက)လပေါင်းများစွာ အသက်ရှင်နိုင်ပါသည်။
  • စိုစွတ်သောအခြေအနေတွင် မြက်ပင်ပေါ်တွင် ရေများသီးလာပြီး အဆင့်(၃)သားလောင်းအား မြက်ပင်အပေါ်ပိုင်းသို့ သယ်ဆောင်သွားကြပါသည်။
  • စားမြုံ့ပြန်သတ္တဝါက မြက်စားသောအခါ အဆိုပါအဆင့်(၃) သားလောင်းအား စားမိပြီး အစာလမ်း ကြောင်းထဲသို့ ပြန်လည်ရောက်ရှိသွားပါသည်။
  • ထို့နောက် အဆိုပါ H.contortus သန်လုံးကောင်သည် အက်ဘိုမေဆမ်(ခေါ်) သိုး၊ ဆိတ်တို့၏အစာအိမ် စတုတ္တအခန်းတွင် ရှင်သန်ကြပြန်သည်။
  • အစာလမ်းကြောင်းအတွင်း ၎င်းတို့ကြိုက်နှစ်သက်သော နေရာသို့ရောက်ရှိသည့်အခါ အဆိုပါသားလောင်းအဆင့်(၃)သည် အစာစတင်စားသောက်ပြီး သားလောင်းအဆင့်(၄)နှင့် သက်ကြီးကောင်အဆင့်တို့အဖြစ် ကြီးထွားလာပါသည်။
  • အချို့သော trichostrongylus အုပ်စုဝင်သန်လုံးကောင်တစ်မျိုးတွင်မူ သားလောင်းအဆင့်(၄)သည် ဖွံ့ဖြိုးမှုရပ်တန့်သွားခြင်း(hypobiosis)ဖြစ်သွားပြီး သက်ကြီးကောင်အဆင့်သို့ ရောက်ရှိမလာတော့ပါ။
  • ပုံမှန်အားဖြင့် ခြောက်သွေ့ပူပြင်းကာလနှင့် အလွန်အေးသော ကာလကြာရှည်စွာရှိသော ဒေသများတွင် ထိုကာလများ ကုန်လွန်ချိန်၌ သန်လုံးကောင်များ ကင်းစင်သွားလေ့ရှိသော်လည်း hypobiosis ဖြစ်သော trichostrongylus အုပ်စုဝင် သံလုံးကောင်များတွင်မူ အဆိုပါကာလများ လွန်မြောက်သည့်တိုင် သန်ကောင်များ ကျန်ရှိနေနိုင်မည် ဖြစ်ပါသည်။
  • လုံလောက်သော စိုထိုင်းဆရှိပြီး အပူချိန်သည်လည်း ၁၀ ဒီဂရီစင်တီဂရိတ်အောက် လျော့နည်းခြင်းမရှိပါက hypobiosis ဖြစ်ပေါ်လေ့မရှိပါ။
  • Haemonchus contortus သန်လုံးကောင်ကို ထိန်းချုပ်ပါက အခြားသော trichostrongylus အုပ်စုဝင်သန်လုံးကောင်များကိုပါ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။
  • သိုးများသည် ဆိတ်များထက် ဤရောဂါကို ခံနိုင်ရည်ရှိသော်လည်း ဆိတ်သည်အရွက်များကိုသာ စားသောက်ကြသဖြင့် သားလောင်းအဆင့် - ၃ အား စားသောက်မိရန် အလွန်ခဲယဉ်းပါသည်။ 

အသေကောင်အား ခွဲစိတ်တွေ့ရှိမှုမှာ-

  • ဤရောဂါဖြင့်သေဆုံးသော တိရစ္ဆာန်၏ အက်ဘိုမေဆမ်အစာအိမ်အကန့်အတွင်းတွင် ၂ စင်တီမီတာခန့် ရှည်လျားပြီး နီညိုရောင်ရှိသည့် သန်ကောင်များကို တွေ့ရှိရနိုင်ပါသည်။

ရောဂါအားစစ်ဆေးခြင်း

  • ရောဂါလက္ခဏာများကို ကြည့်ရှု့ခြင်းဖြင့် သိရှိနိုင်ပါသည်။ ဓာတ်ခွဲခန်းတွင် Flotation နည်းဖြင့်လည်း တိရစ္ဆာန် ၏ မစင်ထဲမှ သန်ဥကို ရှာဖွေနိုင်ပါသည်။
  • Mc Master နည်းဖြင့် စစ်ဆေးသည့်အခါ မစင် ၁ ဂရမ်တွင် သန်ဥတစ်ထောင်(1000 epg)ကျော် ပါဝင်နေပါက ရောဂါပြင်းပြင်းထန်ထန်ဖြစ်နေပြီဟု ပြောနိုင်ပါသည်။

ကာကွယ်ခြင်း

  • သန်ဥရှိသောစားကျက်တွင် လွှတ်မကျောင်းမိအောင် ဂရုစိုက်ရပါမည်။
  • စားကျက်များကို အလှည့်ကျစနစ်ကျင့်သုံးခြင်း၊ စားကျက်သို့ လွှတ်မကျောင်းဘဲ အစာကြမ်းကို ရိတ်သိမ်း၍ ခြံတွင်ကျွေးမွေးခြင်းတို့ဖြင့်လည်း ရောဂါပိုးမကူးစက်အောင် ကာကွယ်နိုင်ပါသည်။

ကုသခြင်း

Haemonchus. သန်ကောင်ရောဂါအား ထိန်းချုပ်ရန် နည်းလမ်း(၂)ခု ရှိပါသည်။

ပထမတစ်နည်းမှာ -

  • ဆိတ်မများ သားကျချိန်တွင် ခြံတစ်ခြံလုံးအား သန်ချဆေး တိုက်ကျွေးထိုးနှံသည့် strategic drenching နည်းလမ်းဖြစ်ပါသည်။
  • ထိုသို့ တစ်ခြံလုံးအား သန်ချဆေးတိုက်ကျွေးထိုးနှံခြင်းဖြင့် သန်ကောင်အရေအတွက်ကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
  • သားကျချိန်ပတ်ဝန်းကျင်တွင် သန်ချဆေးတိုက်ကျွေးရခြင်းမှာ ၄င်းအချိန်တွင် သန်ဥအများဆုံးထုတ်လုပ်နိုင်ပြီး ၎င်းဥများမှာ သားလောင်းများအဖြစ်ဖွံ့ဖြိုးလာကာ အသစ်မွေးလာသော ဆိတ်ငယ်ကလေးများထံ ကူးစက်နိုင်သောကြောင့် ဖြစ်သည်။
  • ဆိတ်ငယ်ကလေးများကိုမူ သားခွဲချိန်တွင် သန်ချပေးလေ့ ရှိပါသည်။
  • ထို့ပြင် ခြောက်သွေ့ရာသီအစနှင့် အဆုံးတွင် ဖွံ့ဖြိုးမှုရပ်တန့်နေသော သားလောင်းအဆင့်(၄)များအား ဖျက်ဆီးပစ်နိုင်သည့် albendazole, fenbendazole, ivermectin, doramectin အစရှိသည့်ဆေးဝါးများဖြင့် သန်ချပေးရပါမည်။

ဒုတိယတစ်နည်းမှာ -

  • (FAMACHA)ကဒ်ဖြင့် သိုး၊ ဆိတ်များ၏မျက်သားအား ၂-၃ ပတ်ခြား ၁ ကြိမ် စစ်ဆေးပြီး အရောင်ဖျော့နေသော တိရစ္ဆာန်များအား သန်ချဆေးတိုက်ကျွေးသော နည်းစနစ်ဖြစ်ပါသည်။
  • သန်ချဆေးတိုက်ကျွေးရသော တိရစ္ဆာန်များအား မှတ်တမ်းတင်ထားပြီး ဆေးတိုက်ရသည့်အကြိမ်ရေများသည့် တိရစ္ဆာန်များအား ရောင်းထုတ်ပစ်လေ့ ရှိကြပါသည်။ 
  • ထိုသို့ဆက်တိုက်လုပ်ဆောင်လာပါက ဆိတ်မျိုးဆက် ၁၅-၂၀ ခန့် ရောက်ရှိသည့်အခါ ကျန်ရှိသည့်ဆိတ်အုပ်သည် မျိုးဗီဇအရ သန်ကောင်ရောဂါကို ခံနိုင်ရည်ရှိသော ဆိတ်အုပ်ဖြစ်လာပြီး ဆေးတိုက်ကျွေးရမှုကို လျှော့ချနိုင်မည်ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်