ရေပုတ်သင်သည် ကုန်းနေရေနေသတ္တဝါဖြစ်ပြီး ကုန်းပေါ်တွင် နေထိုင်နိုင်ကြသော်လည်း အချိန်ကြာမြင့်စွာ မနေနိုင်ကြပေ။ ရေထဲသို့ တစ်ခါတစ်ရံ ပြန်ဆင်းကြရသည်။ ကုန်းနေရေနေ အုပ်စုတွင် ရေပုတ်သင်အပြင် ဖား၊ မိကျောင်း၊ လိပ်နှင့် အခြားအကောင်များပါဝင်သည်။
ရေပုတ်သင်သည် သွေးအေးသတ္တဝါများ ဖြစ်ကြပြီး ကျောရိုးရှိများဖြစ်သည်။ အသက်ရှူရာတွင်ပါးဟက်နှင့် အရေပြားတို့အပြင် အဆုတ်ကိုပါ အသုံးပြုကြသည်။ ဤသတ္တဝါတွင် အကြေးခွံများ မရှိကြပေ။ ၎င်းတို့ကို ရေနှင့်အနီးတစ်ဝိုက် နေရာများနှင့် စိုစွတ်သော ပတ်ဝန်းကျင်များတွင် တွေ့ရှိနိုင်ပြီး အများစုမှာ အမြီးများရှိကြသည်။
ရေပုတ်သင်ကို အင်္ဂလိပ်လို “Himalayan newt or crocodile newt”ဟု အမည်တွင်ပြီး သိပ္ပံအမည်မှာ “Tylototriton Verrucosus”ဖြစ်သည်။
အရွယ်ရောက်ပြီးသော ရေပုတ်သင်အကြီးမှာ အသားစား သတ္တဝါများ ဖြစ်ကြပြီး အများစုမှာကျောရိုးမဲ့ အကောင်များကို စားသုံးကြပြီး အရွယ်မရောက်သေးသော သားလောင်းကောင်များမှာမူ အပင်စားသတ္တဝါများဖြစ်ကာ ရေညှိနှင့် အခြားသော ရေထဲရှိ အပင်များကို စားသုံးကြသည်။
ရေပုတ်သင်သည် ဥဥခြင်းဖြင့် မျိုးပွားကြသည်။၎င်းတို့ ဥချလိုက်သောဥများမှ သားလောင်းများ ပေါက်လာကြသည်။ ထိုသားလောင်းများမှ တစ်ဆင့် အရွယ်ရောက်ပြီး အကောင်များဖြစ်လာသည်။ ဥများကို အများအားဖြင့် ရေထဲတွင် ဥတတ်ကြသည်။ ရက်သတ္တစ်ပတ်၂ ပတ်မှ ၄ ပတ်အတွင်း ဥများမှ အကောင်ကလေးများ ပေါက်လာကြသည်။ရေပုတ်သင်ကောင်ကလေးသည် ပါးဟက်ဖြင့် အသက်ရှူသည်။
ရေပုတ်သင်၏ ခန္ဓာကိုယ်အရွယ်အစားမှာ ၈ လက်မမှ ၁၀ လက်မအထိရှိပြီး ပျှမ်းမျှသက်တမ်းမှာ ၁၀နှစ်အထိရှိကြောင်းသိရသည်။ ရေပုတ်သင်သည် ကျောဘက်တွင် အညိုရောင်ရှိပြီး ဝမ်းဗိုက်တွင် အညိုဖျော့ရောင်နှင့် အမြီးမှာပြား၍ အမြီး၊ခေါင်း၊ခြေ၊လက်တို့မှာ လိမ္မော်ရောင်ရှိပါသည်။
မြန်မာနိုင်ငံတွင် ရေပုတ်သင်မျိုးစိတ်စုစုပေါင်း ၈ မျိုးရှိကြောင်းသိရသည်။ ၄င်းတို့မှာ ယူနန်ရေပုတ်သင်၊ တောင်ကြီးရေပုတ်သင်၊ ရွာငံရေပုတ်သင်၊ ကချင်ရေပုတ်သင်၊ မန်ဒရင်းရေပုတ်သင်၊ အူမ်ဖန်ရေပုတ်သင်၊ ပန်ဝါရေပုတ်သင်၊ ချင်းမိုင်ရေပုတ်သင်တို့ ဖြစ်သည်။
ယူနန်ရေပုတ်သင်ကို မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် လည်းကောင်း၊ တောင်ကြီးရေပုတ်သင်ကို ကမ္ဘာတဝှမ်းလုံးတွင် မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ အနီးတဝိုက်တွင် လည်းကောင်း၊ ရွာငံရေပုတ်သင်ကို ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင်လည်းကောင်း၊ ကချင်ရေပုတ်သင်ကို မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် လည်းကောင်း၊ မန်ဒရင်းရေပုတ်သင်ကို ရှမ်းအရှေ့ပိုင်း တရုတ်နယ်စပ်တွင်လည်းကောင်း၊အူမ်ဖန်ရေပုတ်သင်ကို မြန်မာနိုင်ငံတွင် ကရင်ပြည်နယ်၌ လည်းကောင်း၊ ပန်ဝါရေပုတ်သင်ကို ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း၊ မြစ်ကြီးနားခရိုင်၊ ပန်ဝါမြို့နယ်တွင်လည်းကောင်း၊ ချင်းမိုင်ရေပုတ်သင်ကို ရှမ်းပြည်နယ်၊ မိုင်းဆတ်မြို့တွင်လည်းကောင်း တွေ့ရပါသည်။
ရေပုတ်သင်၏ ချွဲများမှ ကင်ဆာနှင့် ဆေးယဉ်ပါးမှုတို့ကို ကုသရာတွင် အသုံးဝင်ပုံ
ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြန်လည်ဖြစ်ပေါ်နိုင်သည့် ထူးခြားသည့် ရေပုတ်သင်တို့၏ အရေပြားမှ ထွက်ရှိသော ချွဲများတွင် ကင်ဆာနှင့် ပဋိဇီဝဆေးယဉ်ပါးမှုတို့ကို ကုသနိုင်သည့် ပက်ထိုက်ဒ် (peptides) ဒြပ်ပေါင်းများ ပါဝင်နေကြောင်းကို ဟားဗတ်တက္ကသိုလ်နှင့် စပိန်နိုင်ငံအမျိုးသား သုတေသနကောင်စီမှ သုတေသီများ လေ့လာတွေ့ရှိခဲ့ကြသည်။
ရေပုတ်သင်များသည် ၎င်းတို့၏ ခြေလက်အင်္ဂါများ၊ ကျောရိုးများ၊ နှလုံးနှင့် ဦးနှောက်အစိတ်အပိုင်းများကိုပင် ပြန်လည်ဖြစ်ပေါ်စေနိုင်သည့် စွမ်းရည်ကြောင့် သိပ္ပံလောကတွင် ကျော်ကြားပြီးသား ဖြစ်သည်။ သို့သော် ယခုအခါ ၎င်းတို့၏ အရေပြားမှထွက်ရှိသော ချွဲများသည် ဆေးဘက်ဆိုင်ရာအတွက် အဖိုးတန်သော ရတနာသိုက်သဖွယ် ဖြစ်လာနိုင်ကြောင်း တွေ့ရှိရသည်။ အဆိုပါ ချွဲများသည် ပုံမှန်အားဖြင့် ပတ်ဝန်းကျင်မှ ခြိမ်းခြောက်မှုများမှ ကာကွယ်ရန် ထုတ်လွှတ်သော အရာများဖြစ်သည်။
သိပ္ပံပညာရှင်များသည် ခေတ်မီ mass spectrometry နည်းပညာများကို အသုံးပြု၍ ရေပုတ်သင်များ၏ ဓာတုဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာခဲ့ရာ ယခင်က မသိရှိခဲ့ဖူးသော ပက်ထိုက်ဒ် ၁၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သည်။ ဒြပ်ပေါင်းအချို့သည် ဓာတ်ခွဲခန်းစမ်းသပ်မှုများတွင် ကင်ဆာဆဲလ်များနှင့် ဆေးယဉ်ပါးဗက်တီးရီးယားများကို သတ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ရသည်။ သဘာဝအတိုင်း ထုတ်လုပ်သော ပက်ထိုက်ဒ်များသည် တိရစ္ဆာန်များ၏ ကိုယ်ခံအားစနစ်၏ တစိတ်တပိုင်းဖြစ်ပြီး ကန်များနှင့် တူးမြောင်းများကဲ့သို့ ဗက်တီးရီးယားပေါများသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ရန် ကူညီပေးသည်။
ယခုလို ရှာဖွေတွေ့ရှိမှုသည် အထူးပင် စိတ်လှုပ်ရှားဖွယ်ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် ပဋိဇီဝဆေးယဉ်ပါးမှုသည် ကမ္ဘာ့ထိပ်တန်း ကျန်းမာရေးခြိမ်းခြောက်မှုများထဲမှ တခုဖြစ်လာနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အဆိုအရ ဆေးယဉ်ပါးသော ကူးစက်ရောဂါများသည် တစ်နှစ်လျှင် လူပေါင်း ၁.၂၇ သန်းကျော်ကို သေဆုံးစေခဲ့သည်။ တချိန်တည်းမှာပင် ဘေးထွက်ဆိုးကျိုးနည်းပါးသော သဘာဝအရင်းအမြစ်များမှ ရရှိသည့် ကင်ဆာကုသမှုနည်းလမ်းသစ်များအတွက် လိုအပ်ချက်မှာလည်း တိုးပွားလျက်ရှိသည်။
အသက်ကယ်ဆေးဝါးဖြစ်လာနိုင်သည့် ဒြပ်ပေါင်းများစွာကို သတိမပြုမိသော သို့မဟုတ် မျိုးသုဉ်းလုနီးပါး မျိုးစိတ်များတွင် တွေ့ရှိရခြင်းသည် ဆေးပညာလောကအတွက် ကံကောင်းခြင်းတမျိုးပင်ဖြစ်သည်ဟု သိရသည်။
ရေပုတ်သင်သည်း လူသားများအတွက် ကောင်းကျိုးပြုသော ကုန်းနေရေနေသတ္တဝါဖြစ်သော်လည်း ၄င်းတို့၏အဆိပ်မှာလည်း လူသားများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။ ကြမ်းတမ်းပြီး ခြောက်သွေ့သောအရေခွံရှိသော ရေပုတ်သင်များတွင် လူကိုသေစေနိုင်လောက်သည်အထိ ပြင်းထန်သောအဆိပ်ရှိပါသည်။အခြား ရေပုတ်သင်မျိုးစိတ်များမှာ ချောမွေ့စိုစွတ်သော အရေခွံရှိနေသော်ငြား အဆိပ်ပြင်းသည့် မျိုးစိတ်မှာ ကြမ်းတမ်းသောအရေခွံကြောင့် လူသိများလာတာဖြစ်ပါသည်။အရွယ်ရောက်ပြီးသားမျိုးစိတ်များမှာ အညိုရောင်ခေါင်းနှင့် တောက်ပသော လိမ္မော်ရောင်ဝမ်းဗိုက်ရှိပြီး အများဆုံး(၈)လက်မခန့်မျှ အရှည်ရှိပါသည်။
ရေပုတ်သင်များသည် သားကောင်များ၏ရန်မှ ကာကွယ်နိုင်ရန် ၄င်းတို့၏ကြမ်းတမ်းသော အရေခွံနှင့် ဥများတွင် ပြင်းထန်သောအာရုံကြောဆိုင်ရာ အဆိပ်များပါဝင်ပါသည်။၄င်းတို့ စိတ်အနှောင့်အယှက် ဖြစ်သောအခါ နို့ရည်ကဲ့သို့သော အဖြူရောင်အရည်များကို ထုတ်ပေးပါသည်။အဆိုပါအကောင်လေးကို လက်နှင့် ထိမိပြီဆိုလျှင် ပါးစပ်နှင့်လက်ကို ပြန်မထိမိဖို့သတိပြုသင့်ပါသည်။အကြောင်းမှာ ပါးစပ်မှ တဆင့် အဆိပ်များကို ကူးစက်စေနိုင်၍ ဖြစ်သည်။
ရေပုတ်သင်၏ အဆိပ်မှာ အရေပြားယားယံခြင်းကို အနည်းငယ်သာဖြစ်စေသော်လည်း ပါးစပ်နှင့် ထိမိမည်ဆိုလျှင် အကြောသေခြင်းနှင့် သေဆုံးခြင်းစသည့် ပြင်းထန်သောလက္ခဏာများကို ဖြစ်စေနိုင်ပါသည်။
အချုပ်အားဖြင့် ဆိုရသော် ကုန်းနေရေနေသတ္တဝါဖြစ်သော ရေပုတ်သင်သည် သဘာဝအားဖြင့် ထူးခြားလှပြီး လူသားတို့အတွက်လည်း ကောင်းကျိုးများရရှိနိုင်သောကြောင့် မျိုးမသုဥ်းစေရေး ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။