(၁) မြေပြုပြင်ခြင်း
မြေကိုစနစ်တကျပြုပြင်ပါ။ ပေါင်းရှင်းရမည်။ ထယ်မထိုးမီ ပေါင်းသတ်ဆေးကို အညွှန်းအတိုင်းဖြန်းကာ ပေါင်းသတ်ပြီးမှ ထယ်ထိုးရမည်။ မြေပြင်ရာတွင် ထယ်ရေးကို နက်နက်ထယ်ပြီး ထွန်ရေးညက်ရန်အရေးကြီးသည်။ ထယ်စာခဲကျန်ပါက အပင်ပေါက်နှုန်းနည်းမည်ကို သတိပြုရပါမည်။
(၂) မြေဆီထည့်ခြင်း
မျိုးစေ့မကြဲမီ NPK ကွန်ပေါင်းမြေသြဇာ (၁၅:၁၅:၁၅) ကို ၁ ဧကလျှင် ၁ အိတ်နှုန်းထည့်ပါ။ အပင်ပေါက် ၄ လက်မအရွယ်တွင် ယူရီးယား (ပုလဲ)မြေသြဇာကို ၁ ဧကလျှင် ၁ အိတ်နှုန်းထည့်ပါ။ အပင် ၁ပေ အရွယ်ရောက်သောအခါ ယူရီးယား (ပုလဲ)မြေသြဇာကို ၁ ဧကလျှင် ၁ အိတ်နှုန်း ထပ်မံထည့်ပေးရမည်။
(၃) စိုက်ပျိုးခြင်း (နှံစားပြောင်း/ဖူးပြောင်း)
မြေအစိုဓာတ်လုံလောက်သည့်အခါ
- နွားစားနှံစားပြောင်း - ၁ဧကကို ၅ - ၇ ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးရမည်။ အထွက်နှုန်းပိုကောင်းစေရန် နေရောင်ခြည်ရှိသည့်ရာသီမှာ စိုက်ပျိုးသင့်သည်။
- ဖူးပြောင်း ၁ဧကကို ၇ - ၁၀ ကီလိုဂရမ်နှုန်းဖြင့် စိုက်ပျိုးရမည်။ ရေ/မိုး လုံလောက်စွာရနိုင်လျှင် အခြားအချိန်တွေလည်း ဖြစ်ထွန်းနိုင်သည်။
မျိုးစေ့ချပြီးလျှင် ၁ လက်မခန့် မြေဖုံးပါ။ အဖုံးနည်းခြင်းများခြင်းသည် အပင်ပေါက်နှုန်းထိခိုက်နိုင်သည်ကို သတိပြုပါ။ တန်းကြား ၁၂ - ၁၃လက်မ နှင့် ပင်ကြား ၄ လက်မခန့်ခြား၍ စိုက်ပျိုးရမည်။
ပင်ကြားကျယ်လျှင် ပြောင်းပင်များတုတ်လွန်းမည်ဖြစ်၍ ပင်ကြား ၄ လက်မသာထားပြီး စိပ်စိပ်စိုက်ကာ အပင်၏ အရွယ်အစားနှင့် အာဟာရတန်ဖိုးကို ထိန်းထားခြင်းဖြစ်သည်။
အတန်းလိုက်မဟုတ်ဘဲ မျိုးစေ့ကြဲ စိုက်ပျိုးကြသော်လည်း ကြဲသည့်အခါ အထူအပါးမမှန်တာမျိုး ဖြစ်တတ်ကြသည်။ အတန်းလိုက်စိုက်ခြင်းဖြင့် ထိန်းသိမ်းစီမံရလွယ်ပြီး ရိတ်သိမ်းရလွယ်စေပါတယ်။
(၄) စနစ်တကျရိတ်သိမ်းခြင်း
အပင်အသက် ၇၀ - ၈၀ ရက်သားခန့် (သို့) အနှံ/အဖူး နို့ရည်တည်စအချိန်တွင် စတင်ရိတ်သိမ်းနိုင်သည်။ (စနစ်တကျစိုက်ပျိုးမှု ရာသီဥတုနဲ့ နေ့တာအတိုအရှည်ပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲမှုရှိသည်။)
ပြောင်းပင်ကို ရင့်အောင်မထားရ။ ပြောင်းပင်ရိုးရင့်လာသည်နှင့်အမျှ အာဟာရတန်ဖိုး လျော့နည်းလာမည်။
ဖူးပြောင်းကို ၁ ကြိမ်သာရိတ်ကျွေးနိုင်သည်။ နွားစားနှံစားပြောင်းကို ၃ ကြိမ်ရိတ်ကျွေးနိုင်သည်။ ရိတ်သည့်အခါ မြေပြင်မှ ၆ လက်မချန်၍ ရိတ်ရမည်။ သို့မှသာ နောက်တစ်ကြိမ် ပြန်အထွက်မြန်ပြီး ကောင်းမွန်သောထွက်နှုန်းရမည်။ (တက်ပြန် ၁ ပေခန့်တွင် ပုလဲမြေသြဇာကျွေးရမည်။)
(၅) ရေပေးသွင်းခြင်း
မြေအစိုဓာတ်လျော့နည်းချိန်တွင် ရေပေးသွင်းနိုင်လျှင် အထွက်ပိုကောင်းပါမည်။ နွားစားပြောင်းများစိုက်ပျိုးခြင်းဖြင့် အစာစိမ်းရရှိနိုင်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာနိုင်သည်။ ရာသီအလိုက်စိုက်ပျိုးခြင်းဖြင့် အကြိမ်ကြိမ်စိုက်နိုင်ထုတ်လုပ်နိုင်သည်။ ပိုလျှံသည်ကို ချဉ်ဖက်ပြုလုပ်ပြီး သိမ်းဆည်းနိုင်သည်။