ထိုင်းမှာတော့ မှောင်ခိုမွေးမြူရေးထုတ်ကုန်တွေ တိုက်ဖျက်နေပြီ...

25/01/2023 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

နိုင်ငံတစ်နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်များစွာရှိတဲ့အနက် " နိုင်ငံခြားက မွေးမြူရေးထုတ်ကုန်တွေ ကိုယ့်နိုင်ငံထဲဆီ တရားမဝင်အထိန်းအကွပ်မဲ့ ဝင်ရောက်လာမှုမရှိအောင် တားဆီးနိုင်ဖို့" ဆိုတဲ့အချက်တစ်ခုကလည်း မဖြစ်မနေ ပါဝင်ပါတယ်။ 

ဘာကြောင့်လဲဆိုရင် တရားမဝင် တင်သွင်းလာတယ်ဆိုကတည်းက အရည်အသွေး စစ်ဆေးမှုမရှိ သလို ရောဂါပိုးမွှားကင်းစင်မှုအတွက် အာမခံချက် မရှိလို့ပါ။ ဒါက ပြည်တွင်းက စားသုံးသူတွေရဲ့ အစားအသောက် ဘေးကင်းလုံခြုံမှု (food safety) ကို ထိခိုက်စေပါတယ်။ တစ်ဖက်မှာလည်း အဲဒီ မှောင်ခိုပစ္စည်းတွေမှာ တိရစ္ဆာန်ရောဂါတွေပါလာပြီး ပြည်တွင်းက မွေးမြူရေးတိရစ္ဆာန်တွေကို ကူးစက်လာနိုင်ပါတယ်။ 

ဒါတင်မကပါဘူး။ တရားမဝင်ဝင်လာတဲ့ ထုတ်ကုန်တွေဟာ ယေဘုယျအားဖြင့် တင်ပို့တဲ့ မူရင်း နိုင်ငံမှာ အကြောင်းတစ်ခုခုကြောင့် ပိုလျှံနေတဲ့ထုတ်ကုန်တွေဖြစ်ပြီး အရည်အသွေးမမီတဲ့ ထုတ် ကုန်တွေ ဖြစ်နေတာများပါတယ်။ ဒါကြောင့် ဈေးပေါပေါနဲ့ တင်ပို့ကြတာပါ။ တင်သွင်းတဲ့သူကလည်း ပြည်တွင်းကထုတ်ကုန်တွေထက် ဈေးနှုန်း အဆမတန်သက်သာနေလို့သာ တင်သွင်းကြတာပါ။

တစ်ဖက်မှာက မှောင်ခိုပစ္စည်းမို့  အရည်အသွေးနဲ့ ရောဂါပိုးမွှားစစ်ဆေးမှုတွေ မလုပ်တာရယ်၊ အကောက်ခွန်ပေးဆောင်ခြင်း မရှိတာတွေရယ်ကြောင့် ဈေးနှုန်းကို ပိုမိုသက်သာစေပြန်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ စနစ်တကျထုတ်လုပ်ပြီး အခွန်အခတွေ ပေးဆောင်ပြီး ထုတ်လုပ်ကြရတဲ့ ထုတ်ကုန်တွေက မှောင်ခိုပစ္စည်းတွေနဲ့ ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိတော့ပါဘူး။ ဒီအခါမှာ ပြည်တွင်းက မွေးမြူရေးလုပ်ငန်းတွေ ပြိုလဲတဲ့အထိ ထိခိုက်လာနိုင်ပါတယ်။ 

ဒါကြောင့် အဲဒီလို မွေးမြူရေးထုတ်ကုန်တွေ တရားမဝင်တင်သွင်းမှုကို တားဆီးကာကွယ်ပေးဖို့ သက်ဆိုင်ရာအစိုးရတွေမှာ တာဝန်အပြည့်အဝ ရှိလာပါတယ်။ ဥပမာတစ်ခုကို တင်ပြလိုပါတယ်။ 

ထိုင်းနိုင်ငံဟာ ဖမ်းဆီးရမိတဲ့ မှောင်ခိုဝက်သားတွေကို သမိုင်းတလျှောက် ပမာဏအများဆုံးအဖြစ် ယခုဇန်နဝါရီလ ၁၂ ရက်နေ့တုန်းက ဖျက်ဆီးပစ်ခဲ့တယ်လို့ ထိုင်းအခြေစိုက် သတင်းစာတွေက ရေးသားဖော်ပြခဲ့ပါတယ်။

ပချာဘူရီပြည်နယ် (Phetchaburi)၊ ချအမ်း (Cha-am) ခရိုင်အတွင်းက တိရစ္ဆာန်အစာ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာအတွင်းမှာ ပြုလုပ်ခဲ့တဲ့ အဲဒီ တရားမ၀င်မှောင်ခိုဝက်သားတွေ  မြေမြှုပ်ဖျက်ဆီးပစ်တဲ့ အခမ်းအနားကို ထိုင်းအစိုးရရဲ့ စိုက်ပျိုးမွေးမြုရေးဝန်ကြီးဌာန ဝန်ကြီး Chalermchai Sri-on  ကိုယ်တိုင်တက်ရောက်ခဲ့ပါတယ်။ 

ဝက်သားနဲ့ ကလီစာတွေကို တရားမဝင် ကုန်သွယ်ပြီး ထိုင်းနိုင်ငံထဲကို မှောင်ခိုတင်သွင်းလာချိန်မှာ အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ဝန်ကြီး Chalermchai က ဆိုပါတယ်။

ဒါ့အပြင် "မှောင်ခိုတင်သွင်းလာတဲ့ ဝက်သားတွေဟာ မွေးမြူရေးသမားတွေ၊ စားသုံးသူတွေအတွက် အန္တရာယ်ပါပဲ။ ဘာကြောင့်လဲဆိုတော့ အဲဒီမှောင်ခိုအသားတွေကို စစ်ဆေးထားတာမဟုတ်လို့၊ ရောဂါပိုးမွှားတွေ သယ်ဆောင်လာနိုင်ပါတယ်။ တပြိုင်နက်တည်းမှာ ဈေးကလည်း သက်သာလွန်းတာမို့ ပြည်တွင်းက မွေးမြူသူတွေရဲ့ ဝင်ငွေကို ထိခိုက်လာစေပါတယ်" လို့ ဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ 

အခုတစ်ကြိမ် ဖျက်ဆီးခဲ့တဲ့ မှောင်ခိုအသားတွေရဲ့ တန်ဖိုးဟာ ဘတ်ငွေ ၁၂၃ သန်း (မြန်မာငွေ ကျပ် သန်း ၈၀၀၀ ခန့်) တန်ဖိုးရှိပါတယ်။ အလေးချိန်အားဖြင့် ၇၂၃,၇၈၆ ကီလိုဂရမ် ရှိတယ်လို့ သိရပါတယ်။ အဲဒီထုတ်ကုန်တွေဟာ ဂျာမနီ၊ အီတလီနဲ့ ဘရာဇီးနိုင်ငံတွေက ထုတ်ကုန်တွေဖြစ်ပြီး အရည် အသွေးစစ်ဆေးမှု ကင်းလွတ်နေတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ 

အဲဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံ မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန (DLD) က ညွှန်ကြားရေးမှူးချုပ် Somchuan Ratanamangalanon က " DLD ဌာနဟာ တရားမဝင် ဝက်သားတွေ တင်သွင်းလာတာကို ဖမ်းဆီးအရေးယူနိုင်ဖို့ ရဲဌာန၊ စစ်တပ်နဲ့ အကောက်ခွန်ဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်" လို့ ဆိုပါတယ်။ 

ဖျက်ဆီးပစ်မယ့် ဝက်သားတွေကို ဆယ်ဘီးကားနဲ့ ၃၅ ခေါက် သယ်ရတဲ့အပြင်၊ ကွန်တိန်နာထရပ် ကား တစ်စီးပါ အသုံးပြု သယ်ယူခဲ့ရပါတယ်။ 

ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်း  မှောင်ခိုဝက်သားတန်ချိန် စုစုပေါင်း ၁၀၈၉.၅၁၄ တန် ဖမ်းဆီးရမိခဲ့ပြီး တန်ဖိုးအားဖြင့် ထိုင်းဘတ်ငွေ ၂၁၉ သန်းဖိုး ရှိတယ်လို့ သိရပါတယ်။ အဲဒီ ဝက်သားတွေကို မှောင်ခိုမှု ၄၂ ခုကနေ ဖမ်း ဆီးထိန်းသိမ်းနိုင်ခဲ့တာပါ။ 

ယခင်ကလည်း ဝက်သားတန်ချိန် ၁၇၉.၆၁၂ တန်ကို ဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးက ဆိုပါတယ်။ ၁၈၆.၁၁၆ တန်ကိုတော့ သက်သေအဖြစ် ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ တရားစွဲဆိုထားတဲ့ အမှုတွေ ပြီးပြတ်သွားတဲ့အခါ အဲဒီသက်သေခံပစ္စည်းတွေကို အခုလိုပဲ ထပ်မံဖျက်ဆီးသွားမှာဖြစ်တယ်လို့ ဝန်ကြီးက ထပ်လောင်းအတည်ပြုပါတယ်။ 

ဝက်သားတွေကို ဖျက်ဆီးတဲ့အခါ ရောဂါတွေ မပြန့်ပွားဖို့နဲ့ ပတ်ဝန်းကျင်ညစ်နွမ်းမှု မဖြစ်ဖို့အတွက် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ညီညွတ်အောင် ဆောင် ရွက်မှာ ဖြစ်တယ်လို့ DLD ညွှန်ကြားရေးမှူးချုပ် Somchuan က ဆိုပါတယ်။ 

အခုလို ပြည်ပကနေ တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ မွေးမြူရေးထုတ်ကုန်တွေကို အစိုးရက အာရုံစိုက်ပြီး တားဆီးတဲ့လုပ်ငန်းတွေ စတင်ခဲ့တာကတော့ ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ဝက်မွေးမြူထုတ်လုပ်သူများအသင်းက ပြည်ပက တရားမဝင်တင်သွင်းတဲ့ ဝက်သားတွေကြောင့် ထိုင်း ဝက်မွေးမြူသူတွေ နစ်နာရတာကို ထုတ်ဖော်တင်ပြခဲ့ရာကနေ အခုလို အစိုးရက အာရုံစိုက်လုပ်ဆောင်ဖို့အထိ ဖြစ်လာရတာပါ။

ထိုင်းနိုင်ငံထဲကို အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံက ဝက်သားတွေ တရားမဝင်ဝင်ရောက်တဲ့ ပြဿနာတွေကလည်း ရှိနေခဲ့တာပါ။ ထိုင်းမွေးမြူသူတွေအနေနဲ့ အဲဒီ တရားမဝင် တင်သွင်းလာတဲ့ ဝက်သားတွေ ကနေတဆင့် အာဖရိကဝက်အပြင်းဖျားရောဂါ (African Swine Fever – ASF) တွေပါ ပါဝင်လာမှာကိုလည်း အထူးစိုးရိမ်ကြတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်၊ 

ဘယ်လိုပဲဖြစ်ဖြစ်၊ တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ မွေးမြူရေးထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်က အားကျအတုယူဖွယ်ပါ။ မြန်မာနိုင်ငံဟာလည်း အဲဒီလို တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ မွေးမြူရေးထုတ်ကုန်တွေရဲ့ ပြဿနာကို မကြာခဏ ခံစားရပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံမှာ ပိုလျှံနေတဲ့ထုတ်ကုန်တွေ (ဥပမာ ကြက်သား၊ ဥတုန်းကြက်မ၊ ဝက် စတာတွေ) ကို ထိုင်း-မြန်မာ နယ်စပ်ကနေ မှောင်ခိုတင်သွင်းတဲ့ ဖြစ်စဉ်တွေ မကြာခဏ တွေ့ရပါတယ်။ အဲဒီထုတ်ကုန်တွေကြောင့် ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွေ မကြာခဏဆိုသလို အရှုံးနဲ့ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ တရားမဝင် တင်သွင်းလာမှုတွေကို ထိရောက်တဲ့ အရေးယူမှုပြုလုပ်နိုင်ဖို့ မွေးမြူရေးကဏ္ဍက ကြိုးစားခဲ့တဲ့ သာဓကတွေ များစွာရှိခဲ့ပါတယ်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍဟာ ဒီကိစ္စမှာ တက်တက်ကြွကြွ ရှိခဲ့တာကို တွေ့ရမှာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာလို မွေးမြူရေးကဏ္ဍနဲ့ အခြားအာဏာပိုင်‌အဖွဲ့အစည်းတွေ တွဲဖက်ဆောင်ရွက်နိုင်မှုကတော့ အားနည်းခဲ့တယ်လို့ သုံးသပ်မိပါတယ်။

တကယ်တော့ တိရစ္ဆာန်နဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကို တရားမဝင်တင်သွင်းတဲ့ မှောင်ခိုလုပ်ငန်းကို တားဆီးပိတ်ပင်ပြီး မှောင်ခိုသမားတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဥပဒေတွေက ရှိနှင့်ပြီးသားပါ။ အဲဒီဥပ‌ဒေတွေ တကယ်အသက်ဝင်ပြီး တကယ်စိုးမိုးလာဖို့သာ အဓိကလိုအပ်ချက် ဖြစ်ပါတယ်။ မှောင်ခိုလုပ်ငန်းဆိုတာ မှောင်ခိုသမားတွေနဲ့ချည်း လုပ်ဆောင်လို့ရတဲ့လုပ်ငန်းတော့ မဟုတ်ပါဘူး။ မှောင်ခိုသမားတွေကို ကာကွယ်ပေးထားတဲ့ အဂတိလိုက်စားမှုနဲ့ အစဉ်သဖြင့် တွဲဖက်နေတဲ့ လုပ်ငန်းမျိုးပါ။ ဒီလိုအခြေအနေတွေကိုလည်း ပြတ်ပြတ်သားသား ထိန်းချုပ်ဖို့ လိုအပ်ပါသေးတယ်။ 

အခုချိန်ထိတော့ မြန်မာ့မွေးမြူရေးသမားတွေအနေနဲ့  မိမိတို့ရဲ့ အကျိုးစီးပွားကို (ထိုင်းနိုင်ငံလို အစိုးရက သူ့‌မွေးမြူ‌ရေးကဏ္ဍအတွက် အကာအကွယ်ပေးသလိုမျိုး) ကာကွယ်စောင့်ရှောက်ပေးမဲ့နေ့ကို မျှော်လင့်စောင့်စားနေရုံကလွဲပြီး ဘာမျှ မတတ်နိုင်သေးပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ကိုးကား

• Illegal pork import gets destroyed (Bangkok Post)

• Smuggled pork disposal is biggest in Thai history, officials say (The Nation Thailand)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်