ကီးစတုန်းကို ရှာတွေ့ခဲ့သော ကီးစတုန်း

05/06/2023 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ဂေဟစနစ်အတွက် မရှိမဖြစ် ကီးစတုန်းမျိုးစိတ်များ - ၅ 

ပါမောက္ခ ဒေါက်တာရောဘတ်ပိန်းသည် ဝါရှင်တန်ပြည်နယ် မက္ကောပင်လယ်ကွေ့ ကမ်းခြေကျောက်ဆောင်များကြားရှိ ဂေဟစနစ်အတွင်း သားရဲတိရစ္ဆာန်တစ်ကောင်ဖြစ်သည့် ကြယ်ငါး၏ ဂေဟစနစ်တစ်ခုလုံး တည်တံ့နိုင်ရေး ထိန်းကျောင်းပေးပုံကို ၁၉၆၃ ခုနှစ်မှစတင်ကာ ၁၉၆၈ ခုနှစ်အထိ ၅ နှစ်မျှကြာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ သူ၏သုတေသနရလဒ်များကို ၁၉၆၉ ခုနှစ်တွင် စာတမ်းပြုစုတင်ပြခဲ့သည်။

သုတေသီတစ်ဦးအတွက် သုတေသနလုပ်ငန်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ကာ ခိုင်မာအားကောင်းသည့်အဖြေကို ဖော်ထုတ်ပြီး အခြားပညာရှင်များ လက်ခံယုံကြည်လာအောင် တင်ပြနိုင်ခြင်းသည် အောင်မြင်မှုမှတ်တိုင်တစ်ရပ် ဖြစ်ပါသည်။ ဒေါက်တာရောဘတ်ပိန်း၏ သုတေသနစာတမ်းသည် သူ၏ ၅ နှစ်တာ သုတေသနပြု ကြိုးပမ်းအားထုတ်မှုများ၏ အဆုံးသတ်ဖြစ်ပါသည်။ သို့သော် သည်အရာသည်ပင် ကီးစတုန်းမျိုးစိတ်များ၏ အခန်းကဏ္ဍသစ်ကို စတင်ဖွင့်လှစ်လိုက်ခြင်း ဖြစ်ပါသည်။ မည်သို့နည်း။ 

ထိုခေတ်ထိုကာလက ဂေဟဗေဒသုတေသနစာတမ်းများနှင့်နှိုင်းယှဉ်လျှင် ရောဘတ်ပိန်း၏ သုတေ သနစာတမ်းမှာ တမူထူးခြားနေခဲ့သည်။ မည်သို့မည်ပုံ ထူးခြားခဲ့သည်ကို ရောဘတ်ပိန်းက ယခုလို ပြန်ပြောင်းပြောပြသည်။ 

“အဲဒီအချိန်တုန်းက ဂေဟဗေဒလေ့လာမှု သုတေသနတွေကိုကြည့်ရင် ဂေဟစနစ်တွေဟာ ဘယ်လိုပုံစံရှိနေပါတယ်ဆိုတဲ့ ဖော်ထုတ်ချက် (description) တွေ အများကြီးရှိနေပြီ။ နောက်ပြီး ဂေဟစနစ်တစ်ခုကို  စောင့်ကြည့်လေ့လာမှု (observation) တွေလည်း အများကြီးရှိနေပြီ။ ဒါပေမဲ့ ဂေဟစနစ်တစ်ခုကို လက်တွေ့ ပြောင်းလဲကြည့်တဲ့စမ်းသပ်ချက် (experiment) မျိုးကတော့ မရှိသလောက် နည်းသေးတယ်ဗျ”

ရောဘတ်ပိန်း၏ သုတေသနမှာ ဂေဟစနစ်ကို လက်တွေ့ ပြောင်းလဲကြည့်ပြီး ယင်းပြောင်းလဲချက်၏ လက်တွေ့သက်ရောက်မှုကို လေ့လာသည့် စမ်းသပ်ချက်ဖြစ်သည်။ ယင်းသုတေသနက အနာဂတ် ဂေဟဗေဒပညာရပ်နယ်ပယ်အပေါ် အလင်းတန်းတစ်ခု ဖြစ်ပေါ်လာစေခဲ့သည်။ ဂေဟဗေဒပညာရပ်ဆိုသည်မှာ ဂေဟစနစ်ကြီးကို ထိုင်ကြည့်နေရုံ ဘာသာရပ်မဟုတ်ဘဲ လက်တွေ့ စမ်းသပ်ကြည့်နိုင်သည့်ဘာသာရပ်ပါလားဟူသည့် အမြင်သစ်ကို ထွန်းလင်းစေခဲ့သည်။ 

ရောဘတ်ပိန်း၏ ၁၉၆၉ ခုနှစ် သုတေသနစာတမ်းတွင် ကြယ်ငါးကို ကီးစတုန်းမျိုးစိတ်အဖြစ် ဖော်ပြခဲ့သည်။ ယင်းသည် ကီးစတုန်းမျိုးစိတ်အဖြစ် ပထမဆုံးအကြိမ် သတ်မှတ်ခံရသည့် မျိုးစိတ်လည်း ဖြစ်သည်။ တနည်းအားဖြင့် ထိုစာတမ်းဖြင့် ကီးစတုန်းမျိုးစိတ် သဘောတရား (Keystone species concept) ကို အစပြုခဲ့ခြင်းဖြစ်သည်။ ယင်းသဘောတရားသည် ဂေဟဗေဒလေ့လာမှုနယ်ပယ်နှင့် အနာဂတ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအပေါ် သက်ရောက်မှု များစွာရှိခဲ့သည်။ 

ကီးစတုန်းမျိုးစိတ်သဘောတရားသည် ယခင်က နားလည်လက်ခံထားခဲ့ကြသည့် “ဂေဟစနစ်တစ်ခုအတွင်းရှိ မျိုးစိတ်များ၏ အရေအတွက်ကို ယင်းဂေဟစနစ်အတွင်း သက်ဆိုင်ရာမျိုးစိတ်အတွက် အစာရရှိနိုင်မှုကသာ လွှမ်းမိုးထားသည်” ဟူသော ဂေဟဗေဒသဘောတရားဟောင်းတစ်ခုကို ပိုမိုခေတ်မီတိုးတက်သစ်လွင်အောင် ပြောင်းလဲပေးနိုင်ခဲ့သည်။  

ယင်းသဘောတရားအသစ်ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အမြင်များလည်း အသစ်ပေါ်ထွက်လာသည်။

“အကယ်၍ ကီးစတုန်းမျိုးစိတ်တစ်ခုက ဂေဟစနစ်အပေါ် ထိုမျှလောက် ကြီးမားသည့်သက်ရောက်မှုကို ဖြစ်စေသည်ဆိုလျှင် အခြားဂေဟစနစ်များမှ ကီးစတုန်းမျိုးစိတ်များကို ရှာဖွေဖော်ထုတ်သင့်သည် မဟုတ်လော”၊  "ကီးစတုန်းမျိုးစိတ်များကို ရှာဖွေ‌ဖော်ထုတ်နိုင်ပါက ယင်းတို့ကို ကာကွယ်ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်ကြီးတစ်ခုလုံးကို ကာကွယ်ထိန်းသိမ်းနိုင်မည် မဟုတ်လော” ၊ “ပျက်ဆီးယိုယွင်းနေသည့် ဂေဟစနစ်များတွင် ကီးစတုန်းမျိုးစိတ်များ ဖြည့်သွင်းပေးခြင်းဖြင့် ဂေဟစနစ်ကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်မည် မဟုတ်လော” စသည့် တွေးဆချက်ကောင်း မြောက်များစွာကို ရောဘတ်ပိန်း၏ ကီးစတုန်းမျိုးစိတ် သဘောတရားက မွေးဖွားသန့်စင်ပေးနိုင်ခဲ့သည်။ 

ရောဘတ်ပိန်း၏ အောင်မြင်စွာဆောင်ရွက်ကာ အဖြေထုတ်ပေးခဲ့သော သုတေသနရလဒ်များသည် ကီးစတုန်းမျိုးစိတ်သဘောတရားအတွက် နောက်ဆုံးရလဒ် မဟုတ်ပါ။ ယင်းသုတေသနသည် ကီးစတုန်းမျိုးစိတ် သဘောတရား၏ အစသာဖြစ်ပါသည်။ ယင်းအစကိုမှီကာ နောက်ထပ် အသစ်အသစ်သော ယူဆချက်များ၊ လေ့လာသုတေသနပြုမှုများ၊ လက်တွေ့စမ်းသပ်မှုများ မြောက်များစွာ ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါသည်။ တွေ့ရှိချက်အသစ်များကို ထပ်မံဖြည့်စွက်ကာ ကီးစတုန်းမျိုးစိတ်သဘောတရားမှာလည်း ပိုမို၍ ခေတ်မီတိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။ 

ဒေါက်တာရောဘတ်ပိန်းက ကီးစတုန်းမျိုးစိတ်သဘောတရားကို စတင်တင်ပြခဲ့စဉ်က သားရဲ တိရစ္ဆာန်တစ်မျိုးကိုသာ ကီးစတုန်းမျိုးစိတ်အဖြစ် စတင်တွေ့ရှိကာ တင်ပြနိုင်ခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်း ယင်းသဘောတရားကို အခြေခံကာ သုတေသနလုပ်ငန်းများဖြင့် ကီးစတုန်းမျိုးစိတ်များကို ဆက်လက်ရှာဖွေလာကြရာ “သားရဲတိရစ္ဆာန်များ(Predators)” အပြင် အခြား ကီးစတုန်းမျိုးစိတ်အမျိုးအစားနှစ်ခုကိုပါ သတ်မှတ်ဖော်ပြနိုင်ပြီ ဖြစ်သည်။

ယင်းအမျိုးအစားနှစ်ခုမှာ “ဂေဟစနစ်အင်ဂျင်နီယာများ (Ecosystem Engineers)” နှင့် “အပြန်အလှန် အကျိုးပြုသူများ (Mutualists)” ဟူသော အမျိုးအစားများ ဖြစ်သည်။ 

ပစိဖိတ်သမုဒ္ဒရာကမ်းခြေတွင် ကြယ်ငါးလေးများဖြင့် စတင်ခဲ့သော ကီးစတုန်းမျိုးစိတ်ရှာဖွေမှုလုပ်ငန်းများသည်လည်း ယခုအခါ Yellowstone အမျိုးသားသဘာဝဥယျာဉ်ကြီးအလယ်၊  အာဖရိကတိုက်ရှိ ဆဗားနားမြက်ခင်းပြင်အဆုံး ကျယ်ပြန့်စွာဆောင်ရွက်လျက်ရှိပြီး၊ ကီးစတုန်းမျိုးစိတ်များစွာကိုလည်း ရှာဖွေဖော်ထုတ်နိုင်ကြပြီဖြစ်သည်။ ကီးစတုန်းမျိုးစိတ်ကို ပျက်ဆီးယိုယွင်းနေသော ဂေဟစနစ်အတွင်းသို့ ဖြည့်သွင်းပေးကာ ပြန်လည်ပြုပြင်မှုများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်နေပြီဖြစ်သည်။  

သုတေသနတစ်ခု၏အဆုံးသတ်သည် တိုးတက်မှု၏ အစသာဖြစ်ပါသည်။ ဒေါက်တာရောဘတ်ပိန်း၏ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် ဆောင်ရွက်ခဲ့သည့် သုတေသနသည် ခေတ်သစ်ဂေဟဗေဒဘာသာရပ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၏ အစသာဖြစ်ပါသည်။ ကီးစတုန်းမျိုးစိတ်သဘောတရားကို ဖော်ထုတ်ခဲ့သော ဒေါက်တာရောဘတ်ပိန်းသည်လည်း မျက်မှောက်ခေတ် ဂေဟဗေဒပညာရပ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ၏ ကီးစတုန်းပညာ ရှင်ဟုဆိုလျှင် မှားနိုင်မည် မဟုတ်ပါ။ 

#ခိုင်ကြည်သစ်

#keystonespecies_khaingkyithit

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်