ရခိုင်ဒေသ ဒီရေတောထိန်းသိမ်းခြင်း

Photo -

 ပြောင်းလဲလာသော ရာသီဉတုနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒီရေတော ထိန်းသိမ်းကာကွယ်ရေးတွင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ရေလုပ်သားတွေဟာဆိုရင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဒီရေတောထိန်းသိမ်းရေး လုပ်ငန်းစဉ် တွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်လာတဲ့အတွက် သဘာဝပတ်ဝန်းကျင် ကောင်းမွန်လာတာကို လက်တွေ့ခံစားရမှာ ဖြစ်တဲ့အပြင် ဒီရေတော ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေကြောင့် စာနပ်ရိက္ခာဖူလုံမှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။

အောင်ကျော်မိုး (သတင်းထောက်)။ ။ ရုပ်မြင်သံကြား ပရိသတ်များခင်ဗျာ။ အဖိုးတန် သဘာဝ သယံဇာတတွေ ပေါများကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံမှာ ကုန်းမြေဧရိယာတွေ ကျယ်ဝန်းသလို မြစ်၊ ချောင်း၊ အင်းအိုင်၊ ပင်လယ် သမုဒ္ဒရာတွေနဲ့ ထိစပ်နေတဲ့ ကမ်းရိုးတန်းဒေသတွေလည်း တည်ရှိနေပါတယ်။ အခုတွေ့မြင်နေရတဲ့ ဒေသကတော့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာရှိတဲ့ ပင်လယ်ကမ်းရိုးတန်း ကံငူလို့ခေါ်တဲ့ ရွာလေးပဲ ဖြစ်ပါတယ်။ ဒီကျေးရွာလေးဟာ ရှည်လျားတဲ့ ပင်လယ်ကမ်းခြေနဲ့ထိစပ်နေတာကြောင့် ဒေသခံတွေအများစုဟာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေကြတာဖြစ်ပါတယ်။ ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်နေကြသူတွေအတွက် သဘာဝဒီရေတောတွေ မပျောက်ပျက်သွားအောင်လည်းထိန်းသိမ်းဖို့လိုအပ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ ငါးသယံဇာတ ထိန်းသိမ်းရေးနဲ့ သဘာဝ ဒီရေတောတွေလျော့ပါးပျက်စီးမှု မရှိအောင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ကြိုးပမ်းဆောင်ရွက် နေပါတယ်။ အဲဒီလိုဆောင်ရွက်ရာမှာ ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်နဲ့ ကျိ န္တလီ မြို့နယ် မှ ကျေးရွာပေါင်း (၄၂) ရွာမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၄ခုနှစ် အထိ LIFT FUND က ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း (၆၀၀၀) ကျော်အသုံးပြုပြီး ဒီရေတောထိန်းသိမ်းခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ကျေးရွာအသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ Clear Project စီမံကိန်းကို ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ စီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာ တွေက ဒေသခံတွေကို လိုအပ်တဲ့အရင်းအနှီးတွေရရှိနိုင်ဖို့အတွက် အရင်းမပျောက် ကျေးရွာလှည့်ပတ် ရန်ပုံငွေစနစ် တည်ထောင်ပြီး အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ 

မအိကေဇင်ထွန်း (ကျေးရွာစာရင်းကိုင်၊ ကံငူကျေးရွာ၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်)။ ။ အခုလိုမျိုး ချေးငွေတွေ ရှိတဲ့ အတွက် အရင်ကဆိုရင် ပိုက်ဆံ (၁) သောင်းချေးဖို့ဆိုရင် (၃၀) အတိုးပေးရတာ၊ (၃) သောင်းပေးရတာ၊ ခုကြ တော့ အဲဒီရဲ့ ၁၀ ပုံ ၁ပုံ ပဲ ပေးရတာ ၊ အရင်တုန်းကဆိုရင် ကျေးရွာမှာ လှေတို့၊ တက်တို့ မရှိဘူး။ လက်လှော် လှေတောင် မရှိဘူး။ သုံးချင်ရင် တရက်ကို (၅၀၀) ပေးဌားပြီး အလုပ်လုပ်ရတယ်။ အခုကျတော့ ဒီက ချေးငွေနဲ့ အရင်းအနှီး လုပ်ကိုင်ပြီးတော့ စက်လှေပိုင်တွေ၊ အိုးပိုင်အိမ်ပိုင်တွေနဲ့ပေါ့နော်၊ အိမ်ဆိုလည်း သွပ်မိုး၊ ပျဉ်ထောင်တွေ အဲဒီလိုမျိုး ဖြစ်လာတယ်။ 
 
အောင်ကျော်မိုး။ ။   ဒီလို ဆောင်ရွက်ပေးနိုင်ခဲ့တာကြောင့် ဒီရေတော ထိန်းသိမ်းခြင်း အသိပညာတွေ  ပိုမိုသိရှိလာ ပြီး ကျေးရွာ အသက်မွေးကျောင်း လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။ 
 
ကိုဇော်မျိုးထွန်း(ရေလုပ်သား၊ ကံငူကျေးရွာ၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ်)။ ။ ဒီရေတောတွေနဲ့ ပတ်သက်ပြီးသိလာတဲ့ ကိစ္စ၊ နောက်ပြီး လှည့်ပတ်ရန်ပုံငွေ ဆိုတာက ကျွှန်တော်ရွာမှာ အားထားရတဲ့ ဘဏ်ကြီးတစ်ခုလိုပေါ့ ကျနော်တို့ ရွာလေးက ရလိုက်တယ်။ ခက်ခဲမှုရှိသလိုပေါ့နော် ကျန်းမာရေးနဲ့ သော်လည်းကောင်း၊ စီးပွားရေးနဲ့သော်လည်းကောင်း၊ အာမခံချက်တစ်ခုလို ဖြစ်တယ်။ ဥပမာ ကျွှန်တော် စီးပွားရေးတစ်ခု လုပ်ချင်တယ်။ (၅) သိန်း သော်လည်းကောင်း၊ (၁၀) သိန်းသော်လည်းကောင်း၊ ထုတ်ပေးတယ်။ ဒီအရင်းအနှီးနဲ့ ကျွှန်တော် လုပ်ကိုင်စားသောက်တယ်။ အရင်တုန်း က ကျွှန်တော်တို့မှာ ဒီလို ထုတ်ပေးမဲ့သူလည်း မရှိခဲ့ဘူး။ ပြောရမယ်ဆိုရင် ကျွှန်တော်မိဘတောင်မှ ဒီလို မထုတ် ပေးနိုင်ဘူးလေ။ ဒီလုပ်ငန်းကြီးက တော်တော်ကြီးကို အားထားရတဲ့ ကဏ္ဍကြီးပါ။ 
 
ဒေါ်သက်သက်ဝင်း (အိမ်ရှင်မ၊ ကံငူကျေးရွာ၊ဂွမြို့နယ်၊ရခိုင်ပြည်နယ် )။ ။ ဒီ ပရောဂျက် ရောက်လာတဲ့အခါမှ တိုးတက်မှုက သူတို့ရဲ့ အတိုးနှုန်းသက်သာတဲ့ပုံစံလေးနဲ့ ထောက်ပံ့ပေးမှုကြောင့်သူ့ကို တစ်လမှ တစ်ခါ အရစ်ကျ လေးသွင်းသွင်းပြီး စုထားရတယ်။ အရင်တုန်းကဆိုရင် ဒီအိမ်က ဓနိမိုး၊ ထရံကာအိမ်လေးတွေပေါ့၊ ခုဆိုရင်သူဟာနဲ့သူ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုးလေးတွေနဲ့ဖြစ်ကုန်တယ်။ တိုးတက်လာပါတယ်။ 
 
အောင်ကျော်မိုး။ ။  အခုလို Lift Fund ရဲ့ ကူညီပေးမှုနဲ့ လှည့်ပတ်ရန်ပုံငွေတွေထောက်ပံ့ပေးနိုင်တာကြောင့် ဒီရေတော ထိန်းသိမ်းခြင်းလုပ်ငန်းတွေ အောင်မြင်မှု ဘယ်လောက် ရရှိနေပါသလဲ။ ကျေးရွာ ဖွံ့ဖြိုးမှုအခြေအနေက ရော ဘယ်လောက်များရှိပြီလဲ။ 
 
ဦးစိုးနီလတ် (အဖွဲ့ဝင်၊ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)။ ။ ကံငူကျေးရွာက ကျွှန်တော်တို့ စီမံကိန်းရွာထဲက တစ်ရွာပါပဲ။ စီမံကိန်းစတင်ထဲက အိမ်ခြေပေါင်း (၆၀) နီးပါးလောက်ရှိတယ်။ အဲ့ဒီအားလုံးသည်ဟာ စီမံကိန်းနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ခဲ့တယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ၊ အပင်စိုက်ပျိုးခြင်း လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တယ်။ သူတို့ထိန်းသိမ်းထားတဲ့ ဧရိယာတွေမှာလည်း ခုချိန်ထိ ကောင်းမွန်နေတာကို တွေ့ရတယ်။ နောက်တစ်ခုက စီမံကိန်းကနေပြီးတော့ သူတို့ အဆိုပြုလွှာအတိုင်း ချေးထားတဲ့ငွေတွေ၊ အဓိကကတော့ ရေလုပ်ငန်းလုပ်ဖို့ အတွက် အဆိုပြုတယ်။ ရေလုပ်ငန်းကိုလည်း သူတို့ အမှန်တကယ် အဆိုပြုတဲ့အတိုင်း တစ်ဦးချင်း ဆောင်ရွက်တာ ရှိသလို သုံး၊လေးဦးပေါင်းပြီး လုပ်ဆောင်တာလည်း ရှိတယ်။ အမှန်တကယ် သူတို့ စီမံကိန်းက ပေးတဲ့ message တွေနဲ့ အမှန်တကယ်ဆောင်ရွက်တဲ့အခါမှာ   စီမံကိန်းမတိုင်ခင်ကာလ၊ စီမံကိန်းကာလ အတွင်းနဲ့ အခု စီမံကိန်းအလွန် ကာလ တွေမှာသူတို့ ကျေးရွာက တော်တော်လေးကို အောင်မြင်တယ်၊ စီးပွားရေးအရ အတိုင်းအတာ တစ်ခုအထိ ကောင်းမွန် လာတာကိုတွေ့ရပါတယ်။ 
 
အောင်ကျော်မိုး။ ။ပေါများကြွယ်ဝခြင်းရဲ့ နောက်ကွယ်မှာယိုယွင်းပျက်စီးမှု တွေကအမြဲတစေ လိုက်ပါနေပါတယ်။ ဒါကြောင့်သဘာဝတရားရဲ့ ကောင်းကျိုးကို ရေရှည်ခံစားနိုင်ဖို့အတွက် လူသားတိုင်းမှာတာဝန်ရှိပါတယ်။ အရင်က ဂွမြို့နယ်နှင့် ကျိ န္တလီ မြို့နယ်တို့မှာ ဒီရေတော ထိန်းသိမ်းနိုင်မှုအားနည်းခဲ့တာကြောင့် ငါးသယံဇာတတွေ တဖြည်း ဖြည်း လျော့နည်းလာပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ Lift Fund ရဲ့ အကူအညီနဲ့ Clear Project စီမံကိန်းကို အဲဒီဒေသမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာကြောင့် ဒေသခံတွေဟာ ဒီရေတောတွေကို ထိန်းသိမ်း နိုင်တဲ့ အသိပညာတွေ ရရှိလာပါတယ်။ 
 
ဦးသိန်းဝင်း (ဥက္ကဌ၊ ကံငူကျေးရွာ၊ ဒီရေတောထိန်းသိမ်းရေးကော်မတီ)။ ။ ဒီရေတောတွေက ကျွှန်တော်တို့အတွက် တကယ် မရှိမဖြစ်လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရေတောတွေက Ecosystem အရဆိုရင် ဒီဂေဟစနစ်ကြီး ပျက်သွားပြီဆိုရင် ငါးလည်းမရှိတော့ဘူး။ သဘာဝဘေးအန္တရာယ်တွေလည်း တအားကြီး ဝင်လာမှာပါ။ ဒီနေရာ ဆိုရင်လည်း ကျွှန်တော်က ရခိုင်ပြည်နယ်က မုန်တိုင်းမကြာခဏ ဝင်ပါတယ်။ ဒီနေရာဆိုရင် ကျွှန်တော်တို့ ဒီရေ တောတွေထိန်းထားတဲ့အတွက် တော်တော်လေး လွတ်သွားပါတယ်။ အရင်တုန်းကဆိုရင် လက်ရှိ ရှိနေတဲ့ ဒီရေ တောတွေဟာ ခုတ်လွန်တောပျက်အဆင့်မှာ ရှိပါတယ်။ အခုက ကျွှန်တော်တို့ ထိန်းလိုက်တဲ့ ၃၊ ၄ နှစ်တာ ကာလ အတွင်းမှာ ဒီရေတောတွေက တော်တော်လေးပြန်ကောင်းမွန်လာပါပြီ။ ဒီရေတောတွေက ခုတ်လွန်တောပျက် အဆင့်တုန်းက ဆိုလျှင် ဂဏန်းတွေ၊ ငါး၊ ပုစွန်တွေ ရှာရတာ တော်တော်ကို ခဲယဉ်းပါတယ်။ ခုလိုတောတွေပြန် ကောင်းလာလို့ ငါး၊ ပုစွန်တွေ ပြန်ပြီး ပေါလာ ပါတယ်။ နောက်ပြီး ပင်လယ်ပြင်မှာဆိုရင်လည်း အရင်ကထက် ငါးရှာလို့ ပိုပြီး လွယ်ကူလာတယ်ပေါ့။ 
   
အောင်ကျော်မိုး။ ။ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းကလည်း ရခိုင်ပြည်နယ် အတွင်းရှိ ဂွမြို့နယ် နှင့် ကျိ န္တလီ မြို့နယ်တို့မှာဒီရေတော ထိန်းသိမ်းနိုင်ရေးလုပ်ငန်းတွေကို ကျေးရွာလူထုတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ခြင်းအပြင် ပျက်စီးနေတဲ့ဒီရေတောတွေကို အသစ်ပြန်လည် စိုက်ပျိုးခြင်းတွေ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ လက်ရှိမှာ ဓနိတောတွေအပါအဝင် ဒီရေတော ဧကပေါင်း (၁၂၀၀၀) ကျော် ထိန်းသိမ်းထားပါတယ်။ ဒီလို ထိန်းသိမ်း လာတာဟာ အချိန်ကာလ ဘယ်လောက်ရှိပြီလဲ၊ ဒေသခံတွေအတွက်ရော ဘယ်လောက် အကျိုးကျေးဇူးရရှိနိုင်မလဲ ဆိုတာကို သွားရောက် မေးမြန်းထားပါတယ်။ 
 
အင်တာဗျူး
အောင်ကျော်မိုး။ ။ ဆရာ ဒီ ဒီရေတောရဲ့ နေရာလေးက ဘယ်လိုနေရာလေးလဲ ဆရာ။ ဒီရေတော အကြောင်းနည်းနည်းလောက် ပြောပြပေးပါအုံးလားဆရာ။ 
 
ဒေါက်တာ မောင်မောင်ကြည် (ဥက္ကဌ၊ ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း)။     ။ ရခိုင်ပြည်နယ် တောင်ပိုင်း၊ ဂွမြို့နယ်၊ ကျိန္တလီချောင်းရဲ့ လက်တက်ဖြစ်တဲ့ ရေသိုးကြီးဆိုတဲ့ ချောင်းကလေး ဧရိယာ ဖြစ်ပါတယ်။ ကျွှန်တော်တို့ အဖွဲကအနေနဲ့ ထိန်းသိမ်းလာတာကတော့ ၂၀၀၆၊ ၂၀၀၇ က စပါတယ်။ နောက်ပိုင်း ၂၀၁၀ လောက်မှာတော့ NGO အဖွဲ့ကြီးတွေနဲ့ တွဲပြီးတော့ အများကြီး လုပ်လာနိုင်တာပေါ့။ 
 
အောင်ကျော်မိုး။ ။ ဒီရေတောထိန်းသိမ်းခြင်းလုပ်ငန်းကပေါ့လေ ဒီနားရွာတွေက တပိုင်တနိုင်တံငါလုပ်ငန်း လုပ်ကိုင်နေကြတာ ဒါနဲ့ပတ်သက်ပြီး ဒီရေတောက သူတို့အတွက်ဘယ်လောက်အကျိုးဖြစ်ထွန်းမှုတွေရှိစေလဲ ဆရာ။ 
 
ဒေါက်တာမောင်မောင်ကြည် (ဥက္ကဌ)။ ။ ဒီရေတောကောင်းလို့ရှိရင် ငါး၊ပုစွန်၊ ဂဏန်းတွေမှီတည်နေတဲ့အတွက်ကြောင့် သူတို့အတွက် ဟင်းစားရှာဖွေရတာ၊ ရောင်းဖို့အတွက် လွယ်လွယ်ကူကူ ဖေါဖေါသီသီနဲ့ ထုတ်လုပ်နိုင်တာပေါ့။ 
 
အောင်ကျော်မိုး။ ။ ရခိုင်ပြည်နယ်မှာဒီရေတောတွေကို ဘယ်အချိန်တည်းက စတင်ပြီး ထိန်းသိမ်းလာလဲ။ ဆရာ သိသလောက်လေး ပြောပြပါလား။ 
 
ဒေါက်တာမောင်မောင်ကြည်။ ။ များများစားစားထိန်းတာကတော့ ဒီဆယ်စုနှစ်ထဲမှာမှ ဖြစ်ပါတယ်။ ကျွှန်တော် တို့လည်း ထိန်းသိမ်းတဲ့အဖွဲ့ထဲမှာ ရှေ့ပြေးအနေနဲ့ပေါ့လေ။ ကျွှန်တော်တို့တတ်သလောက်၊ ဒေသက ဗဟုသုတ လေးတွေနဲ့ပေ့ါ။ ဥပမာတစ်ခုပြောမယ်ဆိုရင် ဗြု့သီးတောင့်တွေ သဘာဝအတိုင်းကြွေကျလာတယ်။ ပြီးတော့ စိုက်နေတယ် ရှင်သွားတယ်ဆိုရင် ဒီဗြု့သီးတောင့်အရင့်တွေကို ခူးပြီးစိုက်ရင် ရှင်တယ်ဆိုတဲ့ ဗဟုသုတမျိုးပေါ့လေ အဲဒါမျိုးနဲ့ ကျွှန်တော်တို့က စပြီးစိုက်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ဘာသာကိုယ် လုပ်လာတဲ့တောတွေ၊ အခုလည်း သေချာအောင်မြင်နေပါတယ်။ နောက်ပိုင်းတော့ ဒီရေတောပညာရှင်တွေနဲ့ မြန်မာ နိုင်ငံက ထိပ်ပိုင်းဆရာကြီးတွေနဲ့ သင်တန်းတွေယူပြီးလုပ်တဲ့အခါမှာ ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြုစုပျိုးထောင် စိုက်ပျိုးလာနိုင်တဲ့ အဆင့်ကို ရောက်လာတာပေါ့။ 
 
အောင်ကျော်မိုး။ ။ဆရာတို့ အခုလို ဒီရေတောတွေ ထိန်းသိမ်းလာတော့ ပတ်ဝန်းကျင်မှာနေတဲ့ ဒေသခံ ပြည်သူတွေကရော ဆရာတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နိုင်မှု အနေအထား ဘယ်လိုလေးတွေ ရှိလဲဆရာ။ အဲဒါလေးကိုလည်း နည်းနည်း လောက် ပြောပြပေးပါအုံးဆရာ။ 
 
ဒေါက်တာမောင်မောင်ကြည်။ ။ အရင်တုန်းက ဒီရေတောဟာ ခုတ်ချင်တဲ့လူ သွားခုတ်၊ လိုတဲ့အချိန်မှာ သွားခုတ်၊ လိုတဲ့ဟင်းသီးဟင်းရွက်ကို သွားခူး၊ လိုတဲ့အကောင်ကို ဖဖ်းစား၊ အဲလိုပဲ သဘာဝရဲ့ အိစဿယ ကြီးလိုပေါ့၊ နောက်ကျတော့ တနိုင်တပိုင် ဒေသသုံးတွေတင်မဟုတ်ပဲ၊ တခြားဒေသတွေဆီကိုပါ တင်ပို့ရောင်းချ၊ သစ်ပင်တွေ ဆိုလည်း ထင်းခုတ်ရောင်းချ၊ ကိုယ့်ဒေသတင်သုံးတာမဟုတ်တော့ပဲ၊ နောက်ဆုံးဆို ရန်ကုန်ကို မီးသွေးဖုတ် ရောင်းတဲ့အဆင့်အထိ ရောက်လာတဲ့အခါ တောတွေ ပျက်လာတော့တာ ပေါ့နော်။ ပျက်လာတဲ့ အခါ ဒါကို ကျွှန်တော်တို့ကပဲ ဦးဆောင်ပြီးတော့ ဒေသသားတွေကို အမြင်ဖွင့်ပြီးတော့၊ နောက်ပိုင်းမှာတော့  ကျွှန်တော် တို့ ပြောရမယ်ဆိုလို့ရှိရင် Clear Project ဆိုတဲ့ LIFT Fund ကနေ ထောက်ပံ့တဲ့ ဂွမြို့နယ် ဒီရေတောထိန်းသိမ်းရေး စီမံကိန်း အကြီးကြီးတစ်ခု ဝင်တဲ့အခါကျတော့ ကျွှန်တော်တို့က ဒီဂွမြို့နယ်မှာ ဒီရေတောအပင်ပေါင်း ကို (၅) သန်းကျော်လောက်ထိ ပြန်လည်စိုက်ပျိုး နိုင်ခဲ့တယ်။ နောက်တစ်ခုက အဲလိုစိုက်ပျိုးနိုင်ဖို့အတွက် ကျွှန်တော်တို့ စည်းရုံးပြီးတော့ ဒီရေတော လုပ်သားအဖွဲ့တွေ ဖွဲ့စည်းပြီးတော့ ကျေးရွာစုစုပေါင်း (၆၂) ရွာမှာ ဒီရေတောနဲ့ထိစပ်နေတဲ့ ဒီရေတောကို မှီခိုနေတဲ့ ရွာပေါင်း (၄၂) ရွာမှာ ဒီရေတော ထိန်းသိမ်းရေး ကော်မတီတွေဖွဲ့ပြီး ကျွှန်တော်တို့က တနယ်လုံးက ဒီရေတောတွေကို စတင်ပြီး အင်နဲ့အားနဲ့ ထူထောင်ထိန်းသိမ်းလာနိုင်ခဲ့ပါတယ်။ 
 
အောင်ကျော်မိုး။ ။ ခုဆိုရင် ဒီရေတောကြောင့် ပတ်ဝန်းကျင်မှာ တော်တော်လေးကို စိမ်းစိမ်းစိုစိုနဲ့ အပင်မြင့်တွေများလာပြီ။ ဒီနောက်မှာဆိုလည်း အပင်ကြီးတွေကို ထူးထူးခြားခြားတွေ့ရတယ်ပေါ့နော်။ သူတို့နဲ့ ပတ်သက်ပြီးတော့မှ ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာပုံ လေးကိုလည်း ဆရာ ပြောပြပေးပါအုံး။ 
 
ဒေါက်တာမောင်မောင်ကြည်။ ။ ကျွှန်တော်တို့ ဒီရေတောတွေကို ထိန်းသိမ်းလာတဲ့အခါကျတော့ နွယ်တွေ အုပ်နေတဲ့အခါမှာ အပင်တွေမကြီးနိုင်ဘူး။ အဲ့ဒါတွေကို သေချာ ပေါင်းရှင်းလုပ်လာတဲ့အခါကြတော့ အပင်တွေ တအားကြီးမြန်ပါတယ်။ ပြီးတော့ဒီရေက တစ်နေ့ကို (၂) ကြိမ်အတက်အကျ ရှိတယ်။ နောက်ပြီး ဆရာတို့မြင်တဲ့ အတိုင်း ရေတွေက မှုန်ပြီး မြေသြဇာပိုကျတာပေါ့။ ပိုပြီးအလင်းဖွင့်ပေးလိုက်ရင် တအားကို အကြီးမြန်ပါတယ်။ တောင်ပေါ်သစ်တောတွေထက်ကို ပိုပြီးအကြီးမြန်ပါတယ်။ ကျွှန်တော်တို့ ထိန်းသိမ်းစောင့်ရှောက်လာတယ်။ ကျေးရွာ တွေမှာလည်း သူ့နယ်နမိတ်နဲ့သူ ၊ ဒါကတော့ ဘယ်ရွာအပိုင်ပေါ့နော်၊ ဒါကတော့ ကျိန္တလီ အမှတ် (၁) အစု အဖွဲ့ပိုင် တော စသည်ဖြင့် ကိုယ့်တောလေးတွေကို ဆရာတို့မြင်တဲ့အတိုင်း လမ်းမှာ ပေါင်းရှင်းလုပ်ငန်းတွေပါ လုပ်လာတယ် ပေါ့။ အဲဒီလို လုပ်လာတော့ သစ်တော ထွက်ပစ္စည်းအနေနဲ့လည်း သူတို့ထုတ်ယူသုံးစွဲလို့ရတယ်။ နောက်ပြီး ဒီရေတော ပိုပြီးစည်ကားလာတဲ့အခါ ဒီရေတောကို မှီတည်နေတဲ့ သတ္တဝါတွေ ဂဏန်း၊ ပုစွန်၊ ဂုံးက အစ ပိုပြီး များပြားလာတာပေါ့။ ပိုပြီး ထုတ်လုပ်လာနိုင်တာပေါ့။
 
အောင်ကျော်မိုး။ ။ ဒီရေတောမှာ ဆရာအစောက ပြောသွားတဲ့ အချက်ထဲမှာပေါ့၊ အပင် (၅) သန်းဆိုတာ ပါတယ်။ ဒီရေတော ဧရိယာက ပိုပြီးကျယ်ပြန့်လာတာလား။ ဘယ်လောက်ထိ ပိုပြီးကျယ်ပြန့် လာသလဲ ဆရာ။ ဒီက ဒီရေတော အနေ အထားပေါ့လေ ဆရာ။
 
ဒေါက်တာမောင်မောင်ကြည်။ ။ ဂွတမြို့နယ်လုံးမှာ ဒီရေတော စုစုပေါင်း ဧရိယာ တစ်သောင်းနဲ့ နှစ်ထောင် ကျော်ကျော်လောက် ရှိပါတယ်။ သို့သော် ဓနိခင်းတွေလည်း ပါတယ်ပေါ့။ ဓနိခင်းတွေကို ပယ်လိုက်တဲ့အခါမှာ (၈၀၀၀) နီးနီးလောက်ရှိတာပေါ့။ ဒီရေတောသီး သန့်ပေါ့။ ဒီတောတွေထဲမှာ အရင်တုန်းကတင်ပြခဲ့သလိုပေ့ါ။ ခုတ်လွန် တောပျက်တွေရှိတယ်။ တချို့ဟာတွေက မြေအသစ်ထွန်းလာတာ တွေရှိတယ်။ အဲလိုဟာတွေဆိုတော့ တချို့ု ခုတ်လွန်တောပြတ်တွေကို (၅) ဧက (၃) ဧက စသည်ဖြင့် အကုန်ပြန်စိုက်လိုက်ပါတယ်။ တချို့ သောင်ထွန်းလာတဲ့ သောင်ခုံတွေမှာဆို မနေ့က မြင်ခဲ့ရသလိုပေါ့ အဲလိုအသစ်ထွန်းလာတဲ့ မြေတွေမှာလည်း ကျွှန်တော်တို့က စိုက်တာ ပေါ့။ အဲဒီတော့ ဒီရေတော ဧရိယာဟာ ၁၂၀၀၀ ထက် နည်းနည်းပါးပါးပဲ ပိုမယ်။ သို့သော်လည်း ပျက်စီးသွားတဲ့ သုံးမရတဲ့ဘဝကို ရောက်သွားတဲ့ အလဟာသတ်ဖြစ်သွားတဲ့ မြေကြီးတွေမှာ ဒီရေတောကို ပြန်ပြီးမူမပျက် စိုက်ပျိုး ထိန်းသိမ်းနိုင်ခဲ့တာပေါ့။ 
 
အောင်ကျော်မိုး။ ။ ဒီရေတောနဲ့ ငါးသယံဇာတ ဖွံ့ဖြိုးမှုဟာ အပြန်အလှန် ဆက်စပ်နေတာကြောင့် အခုလို ငါးပေါက်ဖွားနိုင်တဲ့ နေရာတွေကို ထိန်းသိမ်းခြင်းဟာ တနိုင်တပိုင်ရေလုပ်ငန်းလုပ်ကိုင်နေသူများအတွက် မိသားစု စားဝတ်နေရေးကို အများကြီးအထောက်အကူ ရရှိစေမှာပါ။  ရေလုပ်သားတွေကရော အမှန်တကယ် ဒီရေတော တွေကို ထိန်းသိမ်းနိုင်ဖို့ ဘယ်လောက်ထိ အသိပညာတွေရရှိနေကြပြီလဲ။ 
 
ဦးအောင်မင်း (ရေလုပ်သား၊ ရဟိုင်ကူတို့ ကျေးရွာ၊ ဂွမြို့နယ်၊ ရခိုင်ပြည်နယ် )။ ။ ဒီရေတောတွေကို ထိန်းသိမ်း ရမယ်။ ကိုယ့်အနေနဲ့လည်း တတ်နိုင်သလောက် ထိန်းသိမ်းရမယ်။ ဒီရေတောတွေရှိနေသရွေ့ ရှင်သန်နေသရွေ့၊ ငါးတွေပေါက်ဖွားမှုရှိမှ ကျွှန်တော်တို့ တွေလည်း ရှာဖွေနိုင်မှု စွမ်းအားတွေလည်း တိုးတက်လာလိမ့်မယ်။ ဒီရေတော တွေ ပြုန်းတီးနေရင် ကျွှန်တော်တို့ ငါးဖမ်း နိုင်မှု၊ ရှာဖွေနိုင်မှု အင်အားတွေနည်းလာမယ်။ ဒါကြောင့်မို့လို့ ဒီရေတောကို စောင့်ရှောက်ဖို့က ကျွှန်တော်တို့မှာလည်း တာဝန်ရှိပါတယ်။
 
ဦးမောင်ဖြူ (ရေလုပ်သား၊ အောက်ဘဝင်ကျေးရွာ၊ ကျိ န္တလီ မြို့နယ် ၊ ရခိုင်ပြည်နယ်)။ ။ ဥပဒေအကြောင်းကတော့ ဒီလောက် နားလည်ပြီး လုပ်တာတော့ မဟုတ်ပါဘူး။ တောနေတောသားအနေနဲ့ အသိပညာပေးတွေ ပေါ့။ ဒီလိုမျိုး စောင့်ရှောက်လိုက်မယ်ဆိုရင် ပိုကောင်းတာပေါ့။ ကိုယ့်ကိုယ်ပိုင် ဉာဏ်နဲ့လည်း သိလာတယ်လေ။ တဖက်ကလည်း ထိန်းသိမ်းစောင့်ရှောက်တယ်။ တဖက်ကလည်း ကိုယ့်တဝမ်းတခါးအတွက် ရှာဖွေ စားသောက်တယ် ။ အဲဒီအတိုင်းပဲ လုပ်ကိုင်ဆောင်ရွက်လာတဲ့ အနေအထားမှာ နှစ် နှစ်၊ သုံး နှစ်လောက်ဆိုရင် တို့ချောင်းတွင်းထဲမှာ ငါး တွေက ဘယ်လောက်တိုးပွားလာမလဲဆိုတဲ့ အတိုင်းအတာလောက်ပဲ ရှိသေးပါတယ်။ 
 
အောင်ကျော်မိုး။ ။ ရခိုင်ပြည်နယ်မှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့မှ စတင်ပြီး ရေချိုငါးလုပ်ငန်း ဥပဒေကို ပြဌာန်းခဲ့ပါတယ်။ ကျေးရွာအခြေပြု ပေါင်းစည်း ငါးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးနဲ့ ငါးများနေထိုင် ကျက်စားရာ နေရာတွေမှာ ငါးဖမ်းကွက် ဧရိယာများ သတ်မှတ်ပြီး အလေးထားဆောင်ရွက် နေပါတယ်။ ဒီလို ဆောင်ရွက်မှုတွေက အဲဒီဒေသမှာ ရှိတဲ့ ပြည်သူတွေအတွက် ဘယ်လောက်အကျိုးကျေးဇူး ရရှိစေမလဲ။ 
 
ဦးအောင်အောင်နိုင်(Coalition Facilitator Pyo Pin Programme)။ ။ ဒီရေတောနဲ့ သား၊ငါးနဲ့က ခွဲခြားလို့မရပါ ဘူး။ ဒီရေတောရှိတဲ့နေရာဟာ တနည်း အားဖြင့် ငါးရစ်ငါးသန် တောတစ်ခုပါပဲ။ ဒီရေတောရှိတဲ့နေရာမှာ သား၊ ငါးတွေ ပိုပြီးပေါများပါတယ်။ ဒီရေတောတွေက သဘာဝပတ်ဝန်းကျင် အရင်းအမြစ်တွေ ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီရေတောတွေဟာ သဘာဝ ဘေးအ န္တာရာယ်တွေကိုလည်း ကာကွယ်ပေးနိုင်တယ်။ အဲဒါကြောင့်မို့လို့ ဒီရေတောရှိတဲ့ နေရာတွေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ကို ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေနဲ့  အထောက်အကူပြုထားပါတယ်။ တနည်းအားဖြင့် ဒီရေတောကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ တနည်းအားဖြင့် ရပ်ရွာ အခြေပြု စုပေါင်းစီမံခန့်ခွဲသောစနစ် လုပ်ဆောင်တဲ့နေရာမှာ ရပ်ရွာအခြေပြု အသိုင်းအဝိုင်းတွေကလည်း သူတို့ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဥပဒေဘောင်အတွင်းကရေးဆွဲပြီးတော့ အဲဒီ စည်းမျဉ်းစည်းကမ်း တွေအတိုင်း ရပ်ရွာအသိုင်းအဝိုင်းက ရေလုပ်သားတွေ၊ အစုအဖွဲ့တွေအားလုံးက လိုက်နာကြမှာ ဖြစ်ပါတယ်။ အဲလိုလိုက်နာမဲ့ စည်းမျဉ်း စည်းကမ်းတွေထဲမှာ ကျွှန်တော်တို့ ဒီရေတောတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဆိုတဲ့ အချက်တွေက အဓိက ပါဝင်ပါတယ်။ 
 
အောင်ကျော်မိုး။ ။ အခုလို ဒီရေတောတွေကို ထိန်းသိမ်းခြင်းအားဖြင့် ဂေဟစနစ်များပြန်လည် ရှင်သန် လာပြီး သဘာဝမုန်တိုင်း ဘေးအန္တာရာယ်တွေကိုလည်း အထိုက်အလျောက်ကာကွယ်မှု ရရှိစေမှာ ဖြစ်ပါတယ်။ တံငါ လုပ်ငန်းလုပ်ကိုင်ကြသူတွေနဲ့ ပင်လယ်ကမ်းနာနေ ဒေသခံတွေအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာ ဖြစ်ပါတယ်။ ဒီရေတော ထိန်းသိမ်းခြင်း လုပ်ငန်းတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ဖို့အတွက် ပင်လယ်ကမ်းရိုးတန်း နေ ဒေသခံပြည်သူတွေနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ ပြည်တွင်းပြည်ပ မိတ်ဖက်အဖွဲ့အစည်းများ၊ ပညာရှင် များ အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်မှသာ ရေရှည်မှာ ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများ အခုထက် ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ် ခင်မျာ။ 
 
 


Download
ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မိုးကောင်းမှ လယ်သန်"