ဆတ်ကျွဲတွေအလွန်အကျွံပွားမလာဖို့ ဘာက ထိန်းချုပ်နေတာလဲ...(ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၁)

04/07/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

Top-down နှင့် Bottom-up 

ဆတ်ကျွဲကောင်ရေ တစ်သန်းခွဲက ဆာရန်ဂတ်တီ ဂေဟစနစ်ကို ထိန်းကျောင်းကာ ကီးစတုန်းမျိုးစိတ်အဖြစ် တာဝန်ယူထားသည်။

ကီးစတုန်းမျိုးစိတ်ဟူသည်မှာ ဂေဟစနစ်ကို အဓိက ထိန်းကျောင်းမောင်းနှင်သည့် မျိုးစိတ်ကိုသာ ဆိုလိုခြင်းဖြစ်ပြီး သားရဲတိရစ္ဆာန်သာမက အရွက်စားမျိုးစိတ်တစ်ခုသည်လည်း ကီးစတုန်းမျိုးစိတ်ဖြစ်နိုင်ကြောင်း ဆတ်ကျွဲများက သက်သေပြခဲ့ပြီဖြစ်သည်။

သို့တိုင်အောင် ဆာရန်ဂတ်တီ၏ ဂေဟစနစ်အတွင်း အရွက်စားတိရစ္ဆာန်များကို လိုအပ်သည်ထက် ပွားများမလာဘဲ အကောင်ရေ တစ်သန်းခွဲဝန်းကျင်တွင် ထိန်းသိမ်းထားသည့်အရာမှာ မည်သည့်အရာဖြစ်သနည်းဟူသည့် မေးခွန်းမှာ စိတ်ဝင်စားစရာ ဖြစ်လာသည်။ 

Green World အယူအဆဖြင့် နှိုင်းယှဉ်သုံးသပ်ကြည့်ပါက လည်းကောင်း၊ ထရိုးဖစ် ကက်စကိတ်သဘောတရားနှင့် နှိုင်းယှဉ်ချဉ်းကပ်မည်ဆိုပါက ဆတ်ကျွဲများကို သားရဲတိရစ္ဆာန်များက ဖမ်းယူစားသောက်ခြင်းဖြင့် ပြန်လည်ထိန်းချုပ်ထားသည်ဟု ရိုးရိုးလေး ယူဆရန်သာ ရှိပါသည်။ သို့သော် လက်တွေ့အဖြေမှာ ထိုသို့ မဟုတ်ပါ။ 

ငြင်းစရာမလိုသည့် အချက်တစ်ချက်မှာ ဆာရန်ဂတ်တီတွင် ခြင်္သေ့ အစရှိသည့် သားရဲတိရစ္ဆာန်များရှိပြီး ၄င်းတို့က ဆတ်ကျွဲများကို ဖမ်းယူစားသောက်ခြင်းဖြင့် အရေအတွက်ကို အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနေသည် ဆိုသည့်အချက်ဖြစ်ပါသည်။ ယင်းအချက်သည် အစာကွင်းဆက်၏ အထက်မှအောက် (Top down) ထိန်းချုပ်ထားသည့် ထရိုးဖစ်ကက်စကိတ်သဘောတရားနှင့် ကိုက်ညီပါသည်။ 

သို့ရာတွင် ယင်းသားရဲတိရစ္ဆာန်များသည် အရွယ်ငယ်သည့်အရွက်စားတိရစ္ဆာန်များ၊ ဥပမာအားဖြင့် အာဖရိကတောဆိတ် (Impala)များကို ပိုမို၍ ဖမ်းယူစားသောက်ကြပါသည်။ အရွယ်အစားကြီးမားသည့် တိရစ္ဆာန်များကိုမူ အကောင်ရေအနည်းငယ်သာ ဖမ်းယူသတ်ဖြတ် စားသောက်နိုင်မည် ဖြစ်ပါသည်။ ဥပမာ ဆင်၊ သစ်ကုလားအုတ် စသည်တို့ကို ခြင်္သေ့၊ ခွေးအ စသည့် သားရဲတိရစ္ဆာန်များက ဖမ်းယူသတ်ဖြတ်ရန် လွယ်ကူမည် မဟုတ်ပါ။ 

ဆတ်ကျွဲများသည် အာဖရိကတောဆိတ်ကဲ့သို့ အရွယ်အစားမငယ်လွန်းသော်လည်း ဆင်ကဲ့သို့ ကြီးမားသည့် တိရစ္ဆာန်လည်း မဟုတ်ပါ။ ထို့ကြောင့် ဆင်၊ သစ်ကုလားအုတ်များကဲ့သို့ သားရဲတိရစ္ဆာန်များ၏ ဖမ်းယူစားသောက်မှုမှ လုံးဝလွတ်မြောက်သည့် အနေအထားမရှိပါ။ သို့သော် အာဖရိကတောဆိတ်များလောက်လည်း ဖမ်းယူစားသောက်ခြင်း မခံရပါ။ တနည်းအားဖြင့် သားရဲတိရစ္ဆာန်များက ဆတ်ကျွဲများကို ဖမ်းဆီးသတ်ဖြတ်ကာ စားသောက်ပစ်နေသော်လည်း အကောင်ရေ တစ်သန်းခွဲခန့်ရှိသော ဆတ်ကျွဲအုပ်ကြီးကို ထပ်တိုးမလာအောင်အထိ စားသောက်နိုင်သည့် အနေအထားတော့ဖြင့် မရှိပေ။

ထို့ကြောင့် ဆတ်ကျွဲအရေအတွက်ကို ဂေဟစနစ်နှင့်သင့်လျော်သည့်အခြေအနေ၌ ထိန်းသိမ်းထားရာတွင် သားရဲ တိရစ္ဆာန်များက အဓိကမကျပေ။ သို့ဆိုလျှင် အခြားအချက်အလက်တစ်ခုခုက ဆတ်ကျွဲများကို ထိန်းချုပ်ထားခြင်း ဖြစ်ပါလိမ့်မည်။ မည်သည့်အချက်ဖြစ်နိုင်ပါသနည်း။ 

သိပ္ပံပညာရှင်များသည် ဆာရန်ဂတ်တီ မြက်ခင်းပြင်အတွင်း သေဆုံးခဲ့သော ဆတ်ကျွဲများ၏ ကြွင်းကျန်ရစ်သော အရိုးများကို လေ့လာကြည့်ကြပါသည်။ အထူးသဖြင့် အရိုးထဲမှ ရိုးတွင်းချဉ်ဆီများကို ထုတ်ယူကာ လေ့လာကြည့်ကြခြင်း ဖြစ်ပါသည်။ ထို ရိုးတွင်းချဉ်ဆီများက သိပ္ပံပညာရှင်များ လိုချင်သည့် အဖြေအတွက် သဲလွန်စကို ဖော်ထုတ်ပေးခဲ့ပါသည်။ 

ဆတ်ကျွဲများသည် ပုံမှန်အားဖြင့် ဆာရန်ဂတ်တီ၏ မြက်ပင်များ ထူထပ်စွာပေါက်ရောက်နေသော အစိတ်အပိုင်းများတွင် ကာလတစ်ခုအထိ ကျက်စားနေထိုင်ကြပါသည်။ သို့သော် ပူပြင်းခြောက်သွေ့သည့်ရာသီဥတု စတင်လာသည်နှင့်တပြိုင်နက် ဆာရန်ဂတ်တီလွင်ပြင်၏ မြောက်ဘက်ပိုင်းသို့ ရေကြည်ရာ၊ မြက်နုရာ ရှာဖွေရန် ကီလိုမီတာ ထောင်ဂဏန်းခန့် ဝေးကွာသည်အထိ အုပ်စုလိုက် နှစ်စဉ်ရွေ့လျားလာကြပါသည်။ ခြောက်သွေ့ရာသီကုန်ဆုံး သည့်အခါ မူရင်းဒေသသို့ ပြန်လည်ရွေ့လျားလာပြန်ပါသည်။ ပုံမှန်အားဖြင့် နှစ်စဉ် ဇူလိုင်လမှ အောက်တိုဘာလ အစောပိုင်းအထိ ရွေ့လျားသွားလာလေ့ ရှိကြသည်။ 

ဆတ်ကျွဲ အကောင်ရေ တစ်သန်းခွဲခန့် တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းသွားလာမှုသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ရွေ့လျားသွားလာမှုကြီးများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်ပင် ယင်းရွေ့လျားသွားလာမှုကို Great Wildebeest Migration ဟု ခေါ်ဝေါ်ကြသည်။ သို့သော် ထိုသို့‌ ဆတ်ကျွဲများ ရာသီအလိုက် ရွေ့လျားသွားလာရာတွင် ဆတ်ကျွဲကောင်ရေ တစ်သန်းခွဲသာမက မြက်စားသည့်အခြားသောမျိုးစိတ်များမှ တိရစ္ဆာန်ကောင်ရေ ၇ သိန်းခန့်လည်း လိုက်ပါရွေ့လျားကြခြင်း ဖြစ်သည်။  သို့သော် ထိုသို့ နေရာပြောင်းရွှေ့သွားလာသည့်အထဲတွင် သားရဲ တိရစ္ဆာန်များ မပါဝင်ပေ။ 

ထိုကြောင့် နေရာပြောင်းရွှေ့သွားလာခြင်းက ဆတ်ကျွဲများကို သားရဲတိရစ္ဆာန်များ၏ရန်မှ ကာကွယ်ပေးသည်။ တစ်နေရာတည်းတွင် တစ်သက်လုံးနေခြင်းထက် နှစ်စဉ် နေရာပြောင်းရွှေ့သွားလာခြင်းက ဆတ်ကျွဲတို့၏ ရှင်သန်ရေး၊ ကောင်ရေတိုးပွားရေးအတွက် အကူအညီဖြစ်စေသည်။ 

သို့သော် ဆာရန်ဂတ်တီလွင်ပြင်ကျယ်သည် ဆတ်ကျွဲတို့အတွက် အကန့်အသတ်မဲ့ ကျယ်ဝန်းသည့် မြက်ခင်းပြင်ကြီးတစ်ခုတော့ဖြင့် မဟုတ်ပါ။ ရာသီဥတု ပူပြင်းခြောက်သွေ့ချိန်တွင် မြက်ပင်များ ရှင်သန်ပေါက်ရောက်မှု လျော့ကျလာသဖြင့် ဆတ်ကျွဲကောင်ရေ တစ်သန်းခွဲကို ဝဝလင်လင်ကျွေးမွေးနိုင်သည့် အခြေအနေမရှိတော့ပါ။ ထိုအခါ ဆတ်ကျွဲများအတွက် အစာရေစာ ကန့်သတ်ချက်ဖြစ်လာသည်။ အစာဝဝလင်လင်မစားရသည့် ဆတ်ကျွဲအရေအတွက် အတိုင်းအတာတစ်ခုအထိ ပေါ်ပေါက်လာသည်။ ၄င်းတို့အနက် တချို့မှာ အစာငတ်ကာ သေဆုံးကြရသည်။ 

ဆာရန်ဂတ်တီတွင် အစာရေစာ ပေါများချိန်တွင် သေဆုံးကြသည့် ဆတ်ကျွဲများ၏ အရိုးများကို လေ့လာကြည့်ပါက အာဟာရဓာတ်ပြည့်ပြည့်ဝဝစားသောက်ထားရသည့် အနေအထားကို အထင်အရှားတွေ့ရသည်။ အစာရေစာ ပြတ်လပ်ချိန် ‌ခြောက်သွေ့သည့်ရာသီဥတုတွင် သေဆုံးထားသည့် ဆတ်ကျွဲများ၏ အရိုးများမှာမူ အာဟာရဓာတ် မပြည့်မဝဖြင့် ငတ်ပြတ်ကာ သေဆုံးထားရသည့် အနေအထားကို တွေ့ရနိုင်သည်။ 

သိပ္ပံပညာရှင်များက ဆာရန်ဂတ်တီတွင် တွေ့ရသည့် ဆတ်ကျွဲများ၏ အရိုးများကို ခွဲခြားလေ့လာကြည့်သည့်အခါ အစာငတ်ကာ သေဆုံးထားသည့် ဆတ်ကျွဲများ၏ အရိုးများမှာ အများစု ဖြစ်နေသည်ကို တွေ့ရသည်။ ယင်းအပေါ် ကောက်ချက်ဆွဲကြည့်သည့်အခါ ဆတ်ကျွဲများကို သားရဲတိရစ္ဆာန်များက ဖမ်းယူစားသောက်ကြသော်လည်း ၄င်းတို့၏ အရေအတွက်ကို အဓိက ထိန်းသိမ်းထားသည်မှာ သားရဲတိရစ္ဆာန်များ မဟုတ်ဘဲ ၄င်းတို့အတွက် အစာရရှိနိုင်မှု ဖြစ်သည်ဟူသော အချက်ပင် ဖြစ်သည်။ 

တနည်းဆိုရလျှင် ဆာရန်ဂတ်တီ၏ ကီးစတုန်းမျိုးစိတ်ဖြစ်သော ဆတ်ကျွဲများ၏ အရေအတွက်ကို ထိန်းသိမ်းရာတွင် ထရိုးဖစ်ကက်စကိတ်သဘောတရားဖြင့် အပေါ်မှအောက် (သားရဲတိရစ္ဆာန်များက အရွက်စားတိရစ္ဆာန်များကို) ထိန်းချုပ်ခြင်း မဟုတ်ဘဲ အစာရရှိနိုင်မှု (တနည်းအားဖြင့် အပင်များပေါက်ရောက်ရှင်သန်နိုင်မှု) က အရွက်စာတိရစ္ဆာန်များ၏ အရေအတွက်ကို ထိန်းချုပ်သည့် (Bottom up) စနစ်ဖြစ်သည်ကို တွေ့ရှိရမည် ဖြစ်သည်။ 

ဆာရန်ဂတ်တီ ဂေဟစနစ်တွင် မြက်များက ဆတ်ကျွဲများ၏ အရေအတွက်ကို ထိန်းချုပ်ထားပြီး၊ ဆတ်ကျွဲများက ဂေဟစနစ်၏ အခြားအစိတ်အပိုင်းအားလုံးကို ပြန်လည်ကွပ်ကဲနေပြန်ပါသည်။ 

ဆတ်ကျွဲ အရေအတွက် အများဆုံးအခြေအနေ (ဥပမာ ကောင်ရေ တစ်သန်းခွဲကို ကျော်လွန်ရောက်ရှိလာချိန်) တွင် မြက်ခင်းပြင်တွင် မြက်များ မလုံလောက်တော့ဘဲ ဆတ်ကျွဲများသေဆုံးသွားကာ နောက်တစ်နှစ်တွင် အရေအတွက် လျော့နည်းသွားမည်ဖြစ်သည်။

ဆတ်ကျွဲ အရေအတွက် အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားသည့်အခါ မြက်ပေါက်ရောက်မှုသည် ဆတ်ကျွဲများက စားသုံးနိုင်သည့် ပမာဏထက် ပိုမိုလာပြန်ပါသည်။ ထိုအခါ ဆတ်ကျွဲများ၏ သေဆုံးနှုန်းလျော့ကျသွားကာ အကောင်ရေ ပြန်လည်များပြားလာပြန်ပါသည်။ မြက်ခင်းပြင်က လက်ခံနိုင်သည့် ပမာဏကို ကျော်လွန်ပါက အစာငတ်ကာ သေဆုံးသည့် ဆတ်ကျွဲများ ပြန်လည်ပေါ်ပေါက်လာပြီး တဖန်ပြန်၍ အကောင်ရေ လျော့နည်းသွားပြန်မည် ဖြစ်ပါသည်။ ထို့ကြောင့် ဆတ်ကျွဲအကောင်ရေသည် အကောင်ရေ တစ်သန်းခွဲအောက် အနည်းငယ်လျော့ သွားလိုက်၊ တစ်သန်းခွဲသို့ ပြန်ရောက်လိုက်၊ ပြန်လျော့သွားလိုက်၊ ပြန်ရောက်လိုက်ဖြင့် ထိန်းသိမ်းထားမည် ဖြစ်ပါသည်။ 

ဆာရန်ဂတ်တီသည် ကီးစတုန်းမျိုးစိတ် ဆတ်ကျွဲများ၏ ထိန်းကျောင်းမှုဖြင့် ဇီဝမျိုးကွဲစုံလင်လှသည့် ဂေဟစနစ်ကြီးအဖြစ် အာဖရိကကို အလှဆောင်နေပါသည်။ နွားပလိပ်ရောဂါက ကီးစတုန်းမျိုးစိတ်ဖြစ်သော ဆတ်ကျွဲများကို ဖယ်ရှားပစ်လိုက်သည့်နောက်ပိုင်း ဆာရန်ဂတ်တီဂေဟစနစ်ကြီးမှာ ပျက်စီးယိုယွင်းခဲ့ရပါသည်။ 

ကာကွယ်ဆေးတစ်ခု၏ အစွမ်းဖြင့် ထိုရောဂါကို ထိန်းချုပ်ကာ ဂေဟစနစ်အတွင်းသို့ ကီးစတုန်းမျိုးစိတ်များ ပြန်လည်ဖြည့်တင်းပေးလိုက်ခြင်းဖြင့် ဆာရန်ဂတ်တီသည် ပြန်လည်၍ ရှင်သန်လာခဲ့ပါသည်။ ထိုသို့ ပြန်လည် ရှင်သန်လာသော ဆာရန်ဂတ်တီဂေဟစနစ် အရှည်သဖြင့် တည်တံ့နေစေရန် ယင်းဂေဟစနစ်ကြီးကပင် ထိန်းကျောင်း‌ပေးနေသည်မှာလည်း စေ့စေ့တွေးလေ ထင်ထင်ရှားရှားမြင်ရလေပင် ဖြစ်ပါသည်။ 

ဆာရန်ဂတ်တီ အပါအဝင် ကမ္ဘာမြေပေါ်ရှိ ဂေဟစနစ်အသီးသီးနှင့် ယင်းဂေဟစနစ်များကို ထိန်းကွပ်နေသော ကီးစတုန်းမျိုးစိတ်များကို  အသိဉာဏ်ပညာ၊ ကျင့်ဝတ်သိက္ခာ၊ မြတ်နိုးတန်ဖိုးထားမှုများဖြင့် ကာကွယ်စောင့်ရှောက်ရန်မှာတော့ ကမ္ဘာမြေ၏ အရင်းအမြစ်များကို အများဆုံး ခြယ်လှယ်ရယူသုံးစွဲနေသည့် ကျွန်ုပ်တို့ လူသားများပင် ဖြစ်ပါတော့သည်။

ဆာရန်ဂတ်တီဟာ အာဖရိကအတွက် ဘယ်လောက်အရေးပါသလဲ၊ ဒီလွင်ပြင်ကြီးမပျက်စီးဖို့ ဆတ်ကျွဲတွေက ဘယ်လိုအရေးပါနေတာလဲဆိုတာတွေိကို သိချင်ရင်တော့ အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

အာဖရိကဆာရန်ဂတ်တီရဲ့ကီးစတုန်း (သို့) ဆတ်ကျွဲများ >>>> https://greenwaymyanmar.com/posts/Keystone_species_for_ecology_10

 

#ခိုင်ကြည်သစ်

#keystonespecies_khaingkyithit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်