သဘာဝတရားကိုတုပခြင်း

10/07/2023 11:00 AM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

ကီးစတုန်းမျိုးစိတ်များ မိတ်ဆက် - ၁၃

၂၀၁၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် TED Talk ဟောပြောပွဲများအနက် တစ်ခုသည် ဂေဟဗေဒပညာရပ်နယ်ပယ်အတွင်း အုတ်သော်သောင်းနင်း ဖြစ်စေခဲ့သည်။ ဇင်ဘာဘွေနိုင်ငံမှ ဇီဝဗေဒနှင့် ဂေဟဗေဒပညာရှင် အလန်ဆေဗရီ (Allan Savory) က “How to green the desert and reverse climate change” ဟူသော ခေါင်းစဉ်ဖြင့် ဟော ပြောခဲ့ခြင်းဖြစ်ပြီး ယင်းဟောပြောပို့ချမှုက ကမ္ဘာတစ်ဝန်းရှိ သန်းနှင့်ချီသော ပရိသတ်များကို ဆွဲဆောင်နိုင်ခဲ့သည်။

ကန္တာရများ စိမ်းလန်းစိုပြည်လာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ကျော်လွှားရန် မည်သို့ လုပ်ဆောင်ရမည်ဆိုသည်နှင့် ပတ်သက်၍ ကမ္ဘာတစ်လွှား ငြင်းခုန်ဆွေးနွေး အဖြေရှာနေချိန်တွင် အလန်ဆေဗရီက မည်သူမျှ မထင်မှတ်ထားသည့် နည်းလမ်းတစ်ခုကို ချပြခဲ့သည်။

“ရွေးချယ်စရာ တစ်ခုပဲ ရှိပါတယ်။ ကျွန်တော် ထပ်ပြောပါမယ်။ ရာသီဥတုပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေအတွက် ရွေးချယ်စရာနည်းလမ်း တစ်ခုပဲ ကျန်ပါတယ်။”

ဟောပြောပွဲအတွင်း အလန်ဆေဗရီ ပြောကြားခဲ့သော ထိုစကားက ဂေဟဗေဒ ပညာရပ်ဝန်းတွင် ထင်ရှားသော စကားဖြစ်လာသည်။ သူက ကန္တာရများဖြစ်ထွန်းလာမှုကို လျှော့ချရန်နှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင်ရန်အတွက် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် မွေးမြူရေးတိရစ္ဆာန်များကို အသုံးချမည်ဟု ဆိုလာသည်။ ထိုအယူအဆသည် အစဉ်အလာ အယူအဆတစ်ရပ်ဖြစ်သည့် မွေးမြူရေးတိရစ္ဆာန်များကြောင့် ကန္တာရများ ဖြစ်ထွန်းလာ စေသည်၊ မွေးမြူရေးတိရစ္ဆာန်များကြောင့် ကမ္ဘာကြီး ပိုမိုပူနွေးလာစေသည် ဟူသော အယူအဆများနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်။

လူဖြူတစ်ဦးဖြစ်သော်လည်း အာဖရိကတွင် မွေးဖွားကြီးပြင်းကာ ဇင်ဘာဘွေနိုင်ငံသားတစ်ဦးအဖြစ် ခံယူထားသူ အလန်ဆေဗရီ အတွက် အာဖရိက၏ ကန္တာရများ၊ မြက်ခင်းပြင်များ၊ တောရိုင်းတိရစ္ဆာန်များ၊ အာဖရိသားတို့၏ လူနေမှုဘဝများကို ပိုမိုနားလည်သည်။

“သဘာဝတရားကို တုပရမယ်” ဟု သူက အခိုင်အမာ ဆိုသည်။

အာဖရိကမှာမွေးဖွားသည့် ဇီဝဗေဒပညာရှင်လူငယ်လေးတစ်ဦးအနေဖြင့် အလန်ဆေဗရီသည်  တောရိုင်းတိရစ္ဆာန်များကို ချစ်ခင်မြတ်နိုးတန်ဖိုးထားသူ ဖြစ်သည်။ ထို့ကြောင့်ပင် ကျောင်းတော်ကြီးက သင်ကြားပို့ချပေးလိုက်သည့် အယူအဆများအတိုင်း ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် မွေးမြူရေးတိရစ္ဆာန်များကို အမုန်းကြီး မုန်းခဲ့သည်။

၁၉၅၀ ပြည့်လွန်နှစ်များက ကန္တာရများ ပေါ်ထွန်းလာမှုနှင့် ပတ်သက်သည့် အယူအဆမှာ ကျွဲ၊ နွား၊ သိုး၊ ဆိတ်များသည် အပင်များကို အလွန်အကျွံဖျက်ဆီးကာ စားသောက်ပစ်ကြသည်။ ထို့ကြောင့် အပင်များ နာလန်မထူနိုင်တော့ဘဲ သေဆုံးကုန်ကာ ကန္တာရများ ပေါ်ထွန်းလာသည်ဆိုသည့် အယူအဆဖြစ်သည်။ ထို့ကြောင့် ၁၉၅၀ ဝန်းကျင်တွင် အာဖရိက၌ အပြိုင်အဆိုင် ပေါ်ထွန်းလာခဲ့သည့် အမျိုးသားဥယျာဉ်ကြီးများတွင် မွေးမြူရေးတိရစ္ဆာန်များကို လုံးဝ တားမြစ်ခဲ့ကြသည်။ ဇင်ဘာဘွေသည်လည်း ထိုအလေ့အကျင့်မျိုးကို ပါဝင်ဆောင်ရွက်ခဲ့သည်ပင်။

ထိုသို့ အမျိုးသားဥယျာဉ်ကြီးများကို ကာကွယ်လိုက်သည့်နောက်ပိုင်း တွေ့ရှိရသည့် အချက်တစ်ချက်မှာ ခြောက်သွေ့မှုနှင့် ကန္တာရဖြစ်ထွန်းလာမှုပင် ဖြစ်သည်။ အလန်ဆေဗရီက ယင်းသို့ ကန္တာရဖြစ်ထွန်းလာမှုအပေါ် ဆင်များတွင် တာဝန်ရှိသည်ဟု ယူဆသည်။ ဆင်များက ဥယျာဉ်များအတွင်းရှိ အပင်များကို ဂေဟစနစ်က ခံနိုင်ရည်ရှိသည်ထက် ပို၍ ဖျက်ဆီးကာ စားသောက်နေကြသည်၊ ထို့ကြောင့် အပင်များ လျော့နည်းလာကာ ကန္တာရဖြစ်ထွန်းလာသည်ဟု ယူဆထားသည်။ ထို့ကြောင့်ပင် ဆင်ကောင်ရေနှင့်ပတ်သက်သည့် သုတေသနတစ်ခုကို သူ  ဆောင်ရွက်ခဲ့သည်။ သုတေသနအဖြေများအရ ဆင်ကောင်ရေမှာ အမှန်ပင် များပြားလွန်းနေ ကြောင်း ဖော်ပြနေသည်။

အလန်ဆေဗရီက သူ၏ တွေ့ရှိချက်အရ ဆင်ကောင်ရေကို ဂေဟစနစ် (အထူးသဖြင့် မြေဆီလွှာ) က ခံနိုင်ရည်ရှိသည့် အနေအထားသို့ ရောက်အောင် လျှော့ချရမည်ဟု အဆိုပြုသည်။ သည်အဆိုပြုချက်သည် အလွန်ပင် အန္တရာယ်ကြီးသော အဆိုပြုချက်ဖြစ်သည်။ နိုင်ငံရေးအရလည်း နောက်ဆက်တွဲများ များစွာပေါ်ပေါက်လာနိုင်သည်။ ထို့ကြောင့် ဇင်ဘာဘွေအစိုးရက အခြားပညာရှင်များဖြင့် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ပေးကာ အလန်ဆေဗရီ၏ အဆိုပြုချက်ကို အကောင်အထည်ဖော်သင့်၊ မသင့် လေ့လာစေသည်။ ထိုပညာရှင်အဖွဲ့ကလည်း အလန်ဆေဗရီ မှန်ကန်ကြောင်း ထပ်လောင်းအတည်ပြုခဲ့ကြသည်။  

ဤသို့ဖြင့် နောက်တစ်နှစ်အကြာတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အလို့ငှာ ဟု ဆိုကာ အာဖရိကဆင်ရိုင်းကောင်ရေ ၄၀,၀၀၀ ကို သုတ်သင်ရှင်းလင်းခဲ့ကြတော့သည်။

သို့သော် ရလဒ်က ထင်သလို မဖြစ်လာခဲ့ပါ။ သဘာဝပတ်ဝန်းကျင် ပျက်ဆီးယိုယွင်းလာမှုနှင့် ကန္တာရဖြစ်ထွန်းလာမှုက ပို၍ပင် ဆိုးရွားလာခဲ့ပါတော့သည်။

“ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးနဲ့ ဝမ်းနည်းကြေကွဲစရာ အကောင်းဆုံး မှားယွင်းမှုတစ်ခုပါ။ အဲဒီ အပြစ်ကို ကျွန်တော်သေသည်အထိ သယ်ဆောင်သွားရတော့မယ်”

အလန်ဆေဗရီသည် သူ၏ အမှားကို နှစ်ပေါင်းများစွာ ကြာလာသည့်တိုင် ကြေကွဲခံစားကာ ယူကြုံးမရ ဖြစ်နေဆဲပင်။

သို့သော် အမှားထဲက အမှန်ကို ရှာဖို့ လမ်းစတစ်ခု ပေါ်‌ပေါက်လာခဲ့သည်။ အခြားမဟုတ်ပါ။ အလန်ဆေဗရီတစ်ယောက် အမေရိကသို့ ရောက်ရှိလာခြင်းပင်။

ခေတ်မီတိုးတက်ကာ သဘာဝဝန်းကျင်ကို အများနှင့်မတူအောင် ထိန်းသိမ်းစောင့်ရှောက်ရန် အရင်းအမြစ်များ ပြည့်စုံလှပါသည်ဟူသော အမေရိကန်ပြည်ထောင်စုရှိ ဖက်ဒရယ်အစိုးရကိုယ်တိုင် စောင့်ရှောက်ထားသော အမျိုးသားဥယျာဉ်ကြီးအချို့တွင် အာဖရိက ကန္တာရများလို ခြောက်သွေ့လွန်းကာ ဘာအပင်မျှ မရှိသော ကန္တာရများ ဖြစ်ထွန်းနေသည်ကို အလန်ဆေဗရီ တအံ့တသြတွေ့ခဲ့ရသည်။ ထိုကန္တာရများတွင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် အစရှိသည့် မွေးမြူ ရေးတိရစ္ဆာန်များ လုံးဝမရှိသည်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာခဲ့ပြီ ဆိုသည့် အချက်ကိုလည်း အလန်ဆေဗရီ လေ့လာခွင့် ရရှိခဲ့သည်။

မည်သည့်အကြောင်းကြောင့် ယင်းကန္တာရများ ဖြစ်ထွန်းလာနေသနည်း ဟူသည့် မေးခွန်းအပေါ် အမေရိကန်သိပ္ပံပညာရှင်များကလည်း အဖြေမထုတ်ပေးနိုင်ခဲ့ပါ။ ခြောက်သွေ့ လွန်းသည်၊ ထို့ကြောင့် ကန္တာရဖြစ်သည် ဟူသော သမားရိုးကျအဖြေသာ သူတို့ ပေးနိုင်ကြသည်။

ထို့ကြောင့်ပင် မွေးမြူရေးတိရစ္ဆာန်များက ကန္တာရကို ဖြစ်ထွန်းစေသည် ဟူသော အချက်အပေါ် အလန်ဆေဗရီ သံသယ ဝင်လာတော့သည်။ သူသည် အမေရိကန်ပြည်ထောင်စု အနောက်ပိုင်းရှိ သုတေသနကွင်းများသို့ တတ်နိုင်သမျှ နေရာစုံရောက်အောင် သွား၍ လေ့လာတော့သည်။ သူသွားခဲ့သော သုတေသနကွင်း (research plot) များမှာ လူတို့မွေးမြူသည့် နွား များကို ဖယ်ရှားလိုက်ခြင်းဖြင့် ကန္တာရဖြစ်ထွန်းမှုကိုလျှော့ချနိုင်ကြောင်း သက်သေပြနိုင်ရန် အတွက် သုတေသနပြုလုပ်နေသည့် ကွင်းများဖြစ်သည်။ အလန်ဆေဗရီ ရောက်ရှိချိန်တွင် သူ တွေ့ရှိခဲ့ရသည်မှာ သုတေသန၏ ယူဆချက်နှင့် ပြောင်းပြန်ဖြစ်နေသည်။ နွားမွေးမြူရေး ရပ်ဆိုင်းထားသည့်‌ နေရာများတွင် ကန္တာရများ ပိုမိုဖြစ်ထွန်းနေသည်ကို သူတွေ့ရှိလိုက်ရသည်။

သူက Jornada Research Station ကို ဥပမာပေးသည်။ ၁၉၆၁ ခုနှစ်က စိမ်းစိမ်းစိုစိုနှင့် ရှိခဲ့သော မြက်ခင်းပြင် (grassland) သည် ၂၀၀၂ ခုနှစ်တွင် ကန္တာရဖြစ်လုလု အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ယင်းအခြေအနေကို တင်ပြသည့် သုတေသီတစ်ဦးက ယင်းသို့ စိမ်းစိုနေသောနေရာမှ ကန္တာရအဖြစ် ပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ “အကြောင်းအရင်းမသိရ” ဟု တင်ပြခဲ့သည်။

“ကျွန်တော်တို့ဟာ ကန္တာရတွေ ဘာကြောင့် ဖြစ်ထွန်းလာခဲ့ရတယ်ဆိုတာကို ဘယ်တုန်းကမှ သေသေချာချာ နားမလည်ခဲ့ဘူး” ဟု အလန်ဆေဗရီက ဆိုသည်။ သို့သော် သူသည် အမေရိကန် အမျိုးသားဥယျာဉ်ကြီးများထဲမှ ကန္တာရကွင်းကျယ်ကြီးများကို ကြည့်ကာ အခြေ အနေကို ရိပ်စားမိလာခဲ့သည်။

ကန္တာရဖြစ် ထွန်းလာမှုနှင့် ပတ်သက်၍ သူ့ရှင်းပြချက်က ရိုးရှင်းလှသည်။

“တစ်စတုရန်းမီတာ အကျယ်ရှိတဲ့ မြေကွက်လေးတစ်ခုနဲ့ ခင်ဗျား လေ့လာကြည့်ပါ။ အပေါ်မှာ ဘာမျှ မဖုံးအုပ်ဘဲ ထားရင် အဲဒီ မြေကွက်ကလေးရဲ့ မျက်နှာပြင်ဟာ နေ့ပိုင်းမှာ အလွန်ပူပြီး၊ ညပိုင်းမှာ အပူချိန် လျော့ကျသွားလိမ့်မယ်။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အဲဒီမြေကွက် လေးပေါ်မှာပဲ အပင်ကထွက်တဲ့ အမှိုက်တွေ ဖုံးအုပ်လိုက်ရင် နေ့အခါ ပူတဲ့အပူချိန် လျော့ကျလာတာကို တွေ့ရမယ်။ ခင်ဗျားအနေနဲ့ ရာသီဥတုအသေးစားလေး(microclimate) ကိုပြောင်းလဲပစ်နိုင်တယ်” ဟု သူက ဆိုသည်။

ထိုနည်းအတိုင်း ကမ္ဘာ့ပေါ်ရှိ ကျယ်ပြောလှသော ကန္တာရများကို ဖုံးအုပ်ပေးနိုင်ပါက အကြီးစားရာသီဥတု‌ (macroclimate) ကို အကောင်းဘက်ရောက်အောင် ပြောင်းလဲပစ်နိုင်မည်ဟု သူက ယူဆသည်။

ကန္တာရဖြစ်ထွန်းမှု၏ အခြေခံအကြောင်းအရင်းမှာ မြေပြင်ကို ကာကွယ်ထားသည့် အဖုံးအကာ မရှိခြင်းဖြစ်သည်။ တစ်နှစ်ပတ်လုံး စိုစွတ်နေသည့် ရာသီဥတု ရှိသော နေရာများတွင် မြေပြင်ကို အပင်များက မပြတ်ဖုံးအုပ်နေကြသဖြင့် ကန္တာရဖြစ်ထွန်းလာရန် အလွန်ခက်ခဲမည် ဖြစ်သည်။ သို့သော် တစ်နှစ်တွင် သုံး၊ လေးလခန့် မိုးရေချိန်အနည်းငယ် ရရှိကာ ကျန်အချိန်များတွင်‌ ခြောက်သွေ့နေတတ်သည့် ရာသီဥတုရှိသော နေရာများတွင်မူ ကန္တာရဖြစ်ထွန်းမှုက ပို၍ လွယ်ကူစေသည်။

အလန်ဆေဗရီက ယီမင်နိုင်ငံရှိ တီဟားမား (Tihamah) ကန္တာရတွင် သူလေ့လာခဲ့ပုံကို ဥပမာပေးသည်။

တီဟားမားတွင် မိုးရေချိန် ၂၅ မီလီမီတာ (တစ်လက်မဝန်းကျင်) ရရှိသည့်နေ့ တစ်နေ့ကို လေ့လာကြည့်ခဲ့သည်။ မိုးရေချိန် ၂၅ မီလီမီတာ ရွာသွန်းပါက မြေအကျယ်အဝန်း တစ်ဟက်တာတွင် လီတာ ၁၀၀၀ ဆန့် ရေတိုင်ကီ အလုံးပေါင်း ၂၅၀ ကို သွန်ချခြင်းနှင့် အတူတူပင် ဖြစ်သည်။ သို့သော် မိုးရွာပြီး နောက်တစ်နေ့တွင် လေ့လာကြည့်သည့်အခါ ယမန်နေ့က မိုးရွာထားသည်ကို လုံးဝ မသိနိုင်လောက်အောင် ခြောက်သွေ့နေသည်ကို တွေ့ခဲ့ရသည်။ သို့ဆိုလျှင် လီတာ ၁၀၀၀ ဆန့် ရေတိုင်ကီ အလုံးပေါင်း ၂၅၀ သွန်ချထားသကဲ့သို့ များပြားလှသည့် မိုးရေ များသည် တစ်ရက်တာအတွင်း မည်သို့ ပျောက်ဆုံးသွားပါသနည်း။

ရေအချို့မှာ မြေပြင်ပေါ်တွင် စီးဆင်းပြီး အခြားနေရာများသို့ ရောက်သွားခြင်းဖြစ်သည်။ အများစုမှာမူ မြေအောက်သို့ စိမ့်ဝင်ကာ၊ ခဏအကြာတွင် လေထုထဲသို့ ပြန်လည်၍ ရေငွေ့ပျံကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်။

မြေပြင်ပေါ်တွင် ဖြတ်သန်းစီးဆင်းသွားမည့် ရေ၏အရှိန်ကို တားဆီးပေးမည့် အပင်များ မရှိခြင်းကြောင့် ရေဆုံးရှုံးမှုဖြစ်ပေါ်သည်။ ထို့အတူ မြေပြင်ကို ကာကွယ်ထားသည့်အရာ ဘာတစ်ခုမျှ မရှိသဖြင့် ရေငွေ့ပျံမှုကို အဆမတန် လျင်မြန်စေကာ ရေများ ပျောက်ဆုံးကုန်ခြင်း ဖြစ်သည်။ ရေနှင့်အတူ မြေဆီလွှာအတွင်းရှိ ကာဗွန်များပါ လေထုထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ ကန္တာရဖြစ်ထွန်းခြင်းကို ရိုးရိုးရှင်းရှင်း နားလည်ကြည့်လျှင် မြေပြင်ကို အကာအကွယ် အဖုံးအအုပ်မဲ့စွာ ထားခြင်း၏ အကျိုးဆက်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် တစ်နှစ်တာကာလအတွင်း မိုးရေကို လအနည်းငယ်သာ ရရှိသည့်ဒေသများတွင် ရရှိသည့် မိုးရေကို တတ်နိုင်သမျှ မြေကြီးထဲတွင် ထိန်းသိမ်းသိုလှောင်ထားရန် လိုအပ်မည် ဖြစ်သည်။ တနည်းအားဖြင့် လေထုထဲသို့ ပြန်လည်၍ အငွေ့မပျံသွားစေရန်နှင့်၊ အခြားနေရာများသို့ စီးဆင်းမသွားစေရန် ထိန်းသိမ်း‌ပေးရမည် ဖြစ်သည်။ ထိုသို့ ထိန်းသိမ်းရန်အတွက် မြေပြင်ကို ပြောင်းတလင်းမခါစေဘဲ အဖုံးအအုပ် ပြုလုပ်ပေးရန် လိုအပ်လာသည်။

သည်နေရာတွင် မြက်ခင်းပြင်များက အရေးပါလာတော့သည်။ မြက်ခင်းပြင်များသည် မြေဆီလွှာကို ကာကွယ် ကာ ကန္တာရဖြစ်ထွန်းမှုကို တားဆီးပေးထားသည်။ ယင်းမြက်ခင်းများ ပြန်လည်ရှင်သန်လာခြင်းဖြင့် ကန္တာရဖြစ်ထွန်းမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ မြက်ခင်းများကွယ်ပျောက်သွားခြင်းက ကန္တာရဖြစ်ထွန်းမှုကို ဦးတည်စေသည်။ မြက်ခင်းပြင်များ ပြန်လည်စိမ်းလန်းလာခြင်းဖြင့် ကန္တာရများကို ပြုပြင်ဖာထေးနိုင်မည် ဖြစ်သည်။ သည်အချက်မှာ ရိုးရှင်းလှသည်။

သည်နေရာတွင် မေးခွန်းတစ်ခု ပေါ်ထွက်လာပါသည်။

မြက်ခင်းပြင်ကြီးများကို မည်သို့ ကာကွယ်စောင့်ရှောက်မည်နည်း။ ကန္တာရထဲတွင် မြက်ခင်းပြင်များကို မည်သို့ ပြန်လည်တည်ဆောက်မည်နည်း။

“ကျွန်တော်တို့ နားလည်ဖို့ မကြိုးစားခဲ့မိတဲ့အချက်တစ်ချက်က အဲဒီလို စိုစွတ်တဲ့ ရာသီကာလတိုပဲ ရရှိတဲ့ ပတ်ဝန်းကျင်တွေမှာ၊ အပင်တွေနဲ့ မြေဆီလွှာတွေကို အရေအတွက် များပြားလွန်းလှတဲ့ မြက်စားတိရစ္ဆာန် (grazing animals) အုပ်ကြီးတွေက ဖန်တီးတည်ဆောက်ပေးနေတယ် ဆိုတဲ့အချက်ပဲ” ဟု အလန်ဆေဗရီ က ရှင်းပြသည်။

သူ၏ ရှင်းပြချက်သည် ဆာရန်ဂတ်တီမြက်ခင်းပြင်ပေါ်တွင် လှည့်လည်သွားလာနေသော အရေအတွက် တစ်သန်းခွဲခန့်ရှိသည့် ဆတ်ကျွဲအုပ်ကြီးကို မြင်ယောင်မိစေသည်။

“သဘာဝတရားကို တုပရမယ်” ဟူသော အလန်ဆေဗရီ ၏ စကားကို ခပ်ရေးရေး နားလည်လာနိုင်သည်။ ကီးစတုန်းမျိုးစိတ်တစ်ခုသည် ဂေဟစနစ်အတွင်းမှ သတ္တဝါမျိုးစိတ်များကို ထိန်းကျောင်းပေးရုံမျှမက ဂေဟစနစ် အင်ဂျင်နီယာများအဖြစ် တည်ဆောက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်ကြောင်း တွေးဆလာနိုင်မည် ဖြစ်သည်။

ဆတ်ကျွဲအုပ်သည် ဆာရန်ဂတ်တီမြက်ခင်းပြင်အား ဆာရန်ဂတ်တီကန္တာရ မဖြစ်အောင် ကာကွယ်ပေးနေပါသည်။ ထိုသဘာဝကို အလန်ဆေဗရီက မည်သို့ တုပမည်နည်း။ သူပြောသည့် တစ်ခုတည်းသော ရွေးချယ်စရာကား အဘယ်နည်း။ ဆက်လက်လေ့လာသင့်ပါသည်။

#ခိုင်ကြည်သစ်

#keystonespecies_khaingkyithit

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်