တောင်သူ့မိတ်ဆွေ လိပ်ခုံးကျိုင်းလေးတွေရဲ့ အံ့အားသင့်စရာအချက် ၈ ချက်

06/07/2023 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

Ladybug (သို့မဟုတ်) lady beetles လို့ခေါ်ဆိုကြတဲ့ လိပ်ခုံးကျိုင်းတွေဟာ ပိုးတောင်မာ (ကျိုင်း) မျိုးရင်းဝင် အင်းဆက်တွေ ဖြစ်ကြပါတယ်။ ဒီသေးငယ်တဲ့ အင်းဆက်လေးတွေဟာ မျိုးစိတ်ပေါင်း ၅၀၀၀ ခန့်ရှိပြီး အများစုက အလွန်အသုံးဝင်တဲ့ အကောင်ငယ်လေးတွေ ဖြစ်ပါတယ်။

လိပ်ခုံးကျိုင်းတွေကို အနက်ရောင် အစက်အပြောက်ပါရှိတဲ့ အနီရောင်ပိုးကောင်တွေဆိုပြီး လူသိများပါတယ်။ ဒါပေမဲ့ အချို့က အရောင်မျိုးစုံရှိပြီး အချို့က အစင်းကြောင်းတွေပါသလို အချို့က အမှတ်အသား လုံးဝမပါတာမျိုးလည်း ရှိကြပါတယ်။ ဤအခွံမာ သတ္တဝါလေးတွေဟာ လူသားတွေအတွက် အန္တရာယ်ကင်းပြီး သီးနှံစိုက်ပျိုးတဲ့သူတွေအတွက် အထောက်အကူဖြစ်စေတဲ့ အင်းဆက်လေးတွေရယ်ပါ။

လိပ်ခုံးကျိုင်းတွေနဲ့ ပတ်သက်လို့ ၎င်းတို့မှာရှိနေတဲ့ အမျိုးမျိုးသော အစက်အပြောက်များကနေ ဝှက်ထားသော အတောင်ပံများအထိသာမက သီးနှံစိုက်ခင်းတွေမှာ အကူအညီပေးနေတဲ့ ဤချစ်စရာကောင်းသော အင်းဆက်လေးတွေရဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို ယခုဆောင်းပါးမှာ လေ့လာကြရမှာ ဖြစ်ပါတယ်။ 

၁။ Lady Beetles လို့ခေါ်ရင် ပိုမှန်ပါလိမ့်မယ်

လိပ်ခုံးကျိုင်းတွေကို နည်းနာနိဿရ အရ Lady beetles (သို့မဟုတ်) ladybird beetles ဆိုပြီး ခေါ်ဆိုကြမယ်ဆိုရင် ပိုပြီးမှန်ကန်ပါလိမ့်မယ်။ Ladybug ဆိုတဲ့ အသုံးအနှုန်းဟာ Coccinellidae မျိုးရင်းဝင် ပိုးတောင်မာတွေကို ပေးထားတဲ့ အမေရိကန်နာမည်တစ်ခု ဖြစ်ပါတယ်။

Bugs ဆိုတဲ့ ပိုးကောင်တွေမှာ အပ်နဲ့တူတဲ့ ပါးစပ်အစိတ်အပိုင်းရှိပြီး အများအားဖြင့် အရည်ကိုစားသုံးကြတာဖြစ်ပါတယ်။ Beetles ဆိုတဲ့ ပိုးတောင်မာတွေကတော့ အပင်နဲ့ အင်းဆက်ပိုးမွှားတွေကို ကိုက်ဖြတ်ဝါးစားနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

ပိုးတောင်မာ (Beetles) တွေမှာ တောင့်တင်းခိုင်ခံ့တဲ့ အတောင်တွေပါရှိပြီး  ပိုးကောင် (Bugs) တွေမှာတော့ ပျော့ပျောင်းတဲ့အတောင်တွေ (သို့မဟုတ်) အတောင်လုံးဝမရှိကြတာ ဖြစ်ပါတယ်။ ပိုးတောင်မာ (Beetles) တွေဟာ ပြီးပြည့်စုံသော အသွင်ပြောင်းခြင်း (Complete metamorphosis) ကို ဖြတ်သန်းကြရသလို ပိုးကောင် (Bugs) တွေဟာလည်း ၎င်းတို့ရဲ့ ဘဝစက်ဝန်းတစ်ခုလုံးမှာ တူညီသောပုံစံနဲ့ ဖြတ်သန်းကြရတာ ဖြစ်ပါတယ်။

၂။ အားလုံးက အမည်းစက်တွေနဲ့ အနီရောင်မရှိကြပါ

လူအများစုက လိပ်ခုံးကျိုင်းတွေကို အနက်ရောင် အစက်ပြောက်ပါတဲ့ အနီရောင်အင်းဆက်လေးတွေအဖြစ် မြင်ကြပေမဲ့ မျိုးစိတ်အားလုံးက တူညီနေကြတာ မဟုတ်ကြပါဘူး။ ၎င်းတို့ဟာ မြောက်အမေရိကဒေသမှာရှိတဲ့ မျိုးစိတ် ၄၅၀ အပါအဝင် ကမ္ဘာတဝန်းမှာ မျိုးစိတ်ပေါင်း ၅၀၀၀ ခန့် ရှိနေတာပါ။

လိပ်ခုံးကျိုင်းတွေဟာ အများစုတွေ့နေကျ အနီရောင်အပြင် အဝါ၊ လိမ္မော်၊ အညို၊ ပန်းရောင်နဲ့ အနက်ရောင်အထိ ရှိနိုင်ပါတယ်။ အချို့သော မျိုးစိတ်တွေဆိုရင် အစက်အပြောက်လုံးဝမပါဘဲ အစင်းကြောင်းနဲ့ ပိုတူတဲ့ပုံစံကို တွေ့ရမှာ ဖြစ်ပါတယ်။

၃။ အင်းဆက်အများအပြားကို စားသောက်နိုင်တယ်

လိပ်ခုံးကျိုင်းတွေဟာ ပျ ပိုး အပါအဝင် အပင်တွေကို ပျက်စီးစေနိုင်တဲ့ အင်းဆက်တွေကို စားသောက်ရတာ နှစ်သက်ပါတယ်။ လိပ်ခုံးကျိုင်းတွေဟာ ပျပိုးတွေ ကျက်စားတဲ့နေရာမှာ ဥ ရာပေါင်းများစွာ ဥချလေ့ရှိပြီး အကောင်ပေါက်ပြီးတာနဲ့ မကြာခင်မှာပဲ သားလောင်းတွေဟာ ချက်ချင်းဆိုသလို အစာစားကြတာ ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသား လိပ်ခုံးကျိုင်းတစ်ကောင်ဟာ ၎င်းရဲ့သက်တမ်းတစ်လျှောက်မှာ ပျ ပိုး အကောင်ရေ ၅၀၀၀ ခန့်ကို စားပစ်နိုင်ပါတယ်။

အကျိုးပြု လိပ်ခုံးကျိုင်းတွေဟာ သီးထိုးယင်၊ လှေးပိုးနဲ့ မွှားပင့်ကူတို့ကိုလည်း စားသောက်ကြပါသေးတယ်။ အချို့သော  မျိုးစိတ်တွေကတော့ မတူညီတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်ကြတာ ဖြစ်ပါတယ်။ အများစုကတော့ ဥယျာဉ်စိုက်ခင်းတွေမှာရှိတဲ့ အဖျက်ပိုးမွှားတွေကို စားသောက်ကြတာဖြစ်ပြီး အချို့ကတော့ ပဲပင်နဲ့ ဘူး၊ သခွား ပင်တွေမှာကျရောက်တဲ့ အဖျက်ပိုးတွေကို စားသောက်ကြပါတယ်။

၄။ ဆောင်းရာသီမှာ ဆောင်းခိုကြတယ် 

သူတို့ဟာ ဆောင်းရာသီမှာ နေရာရွှေ့ပြောင်းရမဲ့အစား အေးတဲ့ရာသီဥတုမှာပဲ အုပ်စုဖွဲ့နေထိုင်တတ်ပြီး ဆောင်းခိုလေ့ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ပျ ပိုးတွေ စတင်ပျောက်ကွယ်သွားတဲ့အခါ ဆောင်းရာသီလာတော့မှာဖြစ်ကြောင်းနဲ့ ဆောင်းရာသီမဝင်မီ မျိုးပွားကြဖို့ကို လိပ်ခုံးကျိုင်းတွေက သတိပြုမိကြတာ ဖြစ်ပါတယ်။

သူတို့ဟာ  ၉ လကျော်လောက်အထိ ဆောင်းခိုနိုင်ကြပြီး အင်းဆက်ပိုးမွှားတွေ ထပ်မံပေါများလာမဲ့ နွေဦးပေါက်ချိန်အထိ ၎င်းတို့ ခန္ဓာကိုယ်ထဲမှာ ထိန်းသိမ်းထားတဲ့ အဆီတွေအပေါ်မှာမှီခိုပြီး  နေထိုင်နိုင်ကြတာ ဖြစ်ပါတယ်။

၅။ အစက်အပြောက်တွေဟာ သတိပေးချက်တစ်ခုအဖြစ် လုပ်ဆောင်ပေးတယ်

လိပ်ခုံးကျိုင်းတွေပေါ်မှာရှိတဲ့ အစက်အပြောက်တွေနဲ့ တောက်ပတဲ့အရောင်တွေဟာ အသွင်အပြင်သပ်သပ်သာ မဟုတ်ပါဘူး။ အဆိုပါအသွင်အပြင်ဟာ သူတို့ကိုတိုက်ခိုက်လာမဲ့ ရန်သူတွေကို ဆိုးရွားသော အရသာရှိတဲ့အင်းဆက် ဖြစ်နိုင်တယ်ဆိုပြီး သတိပေးဖို့ ရည်ရွယ်တာလည်းဖြစ်ပါတယ်။

လိပ်ခုံးကျိုင်းတွေဟာ ရန်သူကို အရောင်တွေနဲ့ ဟန့်တားနိုင်တဲ့အပြင် အခြားသော ကာကွယ်ရေးနည်းလမ်းတစ်ခုလည်း ရှိပါသေးတယ်။ ၎င်းတို့ ရုတ်တရက် လန့်ဖျပ်သွားတဲ့အခါ ခြေထောက်အဆစ်တွေကနေ အနံ့အသက်ဆိုးရွားတဲ့ အရည်တစ်မျိုးကို ထုတ်လွှတ်လေ့ရှိပါတယ်။ အဆိုပါ အဝါရောင်အရည်ဟာ ငှက်နဲ့ နို့တိုက်သတ္တဝါငယ်များကဲ့သို့ လိပ်ခုံးကျိုင်းတွေရဲ့ ရန်သူတွေကို အဆိပ်သင့်စေနိုင်တာ ဖြစ်ပါတယ်။

လိပ်ခုံးကျိုင်းတွေဟာ ၎င်းတို့ရဲ့ ကာကွယ်နိုင်မှု စွမ်းရည်ကြောင့် ရန်သူတွေရဲ့စားသောက်မှုကို မခံရပေမဲ့လည်း အချို့သောအင်းဆက်မျိုးစိတ်တွေ ဖြစ်ကြတဲ့ သတ်ဖြတ်ဘက်ပိုး (Assassin bug)၊ ကျောက်ကြမ်းပိုး (ဂျပိုး) နဲ့ ပင့်ကူတွေကတော့ လိပ်ခုံးကျိုင်းတွေကို ဖမ်းယူစားသောက်လေ့ ရှိပါတယ်။

၆။ နာမည်က ဒဏ္ဍာရီဆန်တယ်

ဒဏ္ဍာရီအဆိုအရ lady beetle မှာရှိတဲ့ "lady" ဆိုတဲ့ စကားလုံးဟာ အလယ်ခေတ်က စတင်ခဲ့တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းကတော့ တစ်ချိန်တုန်းက တောင်သူတွေရဲ့ ကောက်ပဲသီးနှံတွေကို ပျ ပိုးတွေ အစုလိုက်အပြုံလိုက် ဖျက်ဆီးကြပါတယ်။ အဲ့ဒီနောက် တောင်သူတွေဟာ အကူညီပေးဖို့အတွက် အပျိုစင်မာရီထံမှာ ဆုတောင်းကြပြီးတဲ့နောက် လိပ်ခုံးကျိုင်းတွေရောက်ရှိလာပြီး ပျ ပိုးတွေ အားလုံးကို စားသောက်ကာ ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ တောင်သူတွေဟာ အလွန်ကျေးဇူးတင်တဲ့အတွက် အဲ့ဒီအချိန်ကနေစပြီး  အဆိုပါ အင်းဆက်တွေကို "Our Lady's beetles" ဆိုပြီး ခေါ်ဆိုလာခဲ့ကြတာလို့ ဒဏ္ဍာရီဆန်ဆန် အဆိုရှိတာ ဖြစ်ပါတယ်။

၇။ သူတို့ရဲ့ ကိုယ်ပိုင်ဥတွေကို စားသောက်ပစ်နိုင်တယ်

လိပ်ခုံးကျိုင်း အမတွေဟာ တစ်ရာသီအတွင်းမှာ ရွှေအိုရောင် ဥသေးသေးလေးတွေ ၁,၀၀၀ လောက်အထိ ဥ တတ်တာဖြစ်ပေမဲ့ ဥ အားလုံးဟာ အကောင်ပေါက်ပြီး အရွယ်ရောက်လာကြမှာတော့ မဟုတ်ပါဘူး။ ပျ ပိုးတွေ ကျရောက်နေတဲ့ အရွက်တွေပေါ်မှာ ဥ ချလေ့ရှိပေမဲ့ သူတို့အတွက် သားကောင်ရှားပါးလာတဲ့အခါ လိပ်ခုံးကျိုင်းတွေဟာ ၎င်းတို့ရဲ့ ဥနဲ့ သားလောင်းတွေကို ပြန်လည် စားသောက်တတ်ကြတာ ဖြစ်ပါတယ်။ 

အမှန်တကယ်တော့ လိပ်ခုံးကျိုင်းတွေဟာ အစာရေစာ ပြတ်တောက်မှုအတွက် ကြိုတင် စီစဉ်ထားလေ့ ရှိပါတယ်။ အစားအစာ ရှားပါးလာတဲ့အခါ လိပ်ခုံးကျိုင်းတွေဟာ ၎င်းတို့ရဲ့ သားလောင်းတွေကို ကျွေးမွေးဖို့ရာ မျိုးမအောင်တဲ့ ဥ တွေကို ကြိုတင်ဥချထားလေ့ရှိတာ ဖြစ်ပါတယ်။

၈။ ဝှက်ထားတဲ့ အတောင်တွေရှိတယ်

လိပ်ပြာများကဲ့သို့ပင် လိပ်ခုံးကျိုင်းတွေဟာလည်း ၎င်းတို့ရဲ့ ပြီးပြည့်စုံတဲ့ အသွင်သဏ္ဍာန်ကို မရောက်ခင်မှာ အဆင့် ၄ ဆင့်ကို ဖြတ်သန်းကြရတာ ဖြစ်ပါတယ်။

၎င်းတို့ဟာ သေးငယ်တဲ့ ဥ (Egg) အဖြစ်နဲ့စတင်ပေါက်ပွားလာပြီးနောက် အလွန်သေးငယ်ပြီး ဆူးချွန်များစွာပါရှိသော မိကျောင်းနဲ့ ဆင်တူတဲ့ သားလောင်းများ (Larvae) အဖြစ်သို့ ကူးပြောင်းသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ပိုးရုပ်ဖုံးအဆင့် (Pupa) ရောက်ရှိပြီး ၎င်းအဆင့်ဟာ ၂ ပတ်ခန့်ကြာနိုင်တာ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ နောက်ဆုံးအဆင့်မှာတော့ အရွယ်ရောက်ပြီးသော လိပ်ခုံးကျိုင်း (Adult) တစ်ကောင်ဖြစ်လာပြီး ၎င်းတို့ရဲ့ ဝှက်ထားတဲ့ အတောင်ပံတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အရွယ်ရောက်ပြီးတဲ့ လိပ်ခုံးကျိုင်းတွေဟာ ချောမွတ်တဲ့ အမိုးခုံးပုံသဏ္ဍာန်ရှိကြပြီး ၎င်းတို့ရဲ့ ရှေ့အတောင်ပံတွေကို အပြင်ခွံ (သို့မဟုတ်) အတောင်ဖုံး (elytra) ဖြင့် ကာကွယ်ထားတာ ဖြစ်ပါတယ်။ အပြင်ဘက်အခွံရဲ့ အောက်ခြေမှာ ပါးလွှာတဲ့ အနောက်တောင်ပံတစ်စုံ ရှိပြီး ၀.၁ စက္ကန့် အမြန်နှုန်းနဲ့ အတောင်ဖြန့်ထုတ်နိုင်ကာ ၎င်းဟာ လိပ်ခုံးကျိုင်းရဲ့ ကိုယ်ထည်ထက်ကို သိသိသာသာကြီးမားတာလည်း ဖြစ်ပါတယ်။ အတောင်ပံဖြန့်လိုက်တာနဲ့ လိပ်ခုံးကျိုင်းတွေရဲ့ အတောင်ပံတွေဟာ ၁ စက္ကန့်လျှင် ၈၅ ကြိမ်နှုန်းနဲ့ ရိုက်ခတ်နိုင်ကြတာ ဖြစ်ပါတယ်။

ဇင်ထူးနိုင်

Ref: https://www.treehugger.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်