ဆလတ်ပင်တွေ ရိုးတံရှည်ထွက် ခါးသက်လာရတဲ့ အကြောင်းအရင်း

28/02/2023 15:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ဆလတ်မျိုးအများစုဟာ အေးမြတဲ့ရာသီမှာစိုက်ပျိုးမယ်ဆိုရင် ပုံမှန်အတိုင်း ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်တဲ့ အပင်တွေဖြစ်ပါတယ်။ သို့ပေမဲ့ ရာသီဥတုပူပြင်းလာတဲ့အခါမှာတော့ ရိုးတံ (ပင်စည်) တွေရှည်ထွက်လာပြီး ပန်းပွင့်ကာ အစေ့တည်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ ရိုးတံရှည်ထွက်လာတာနဲ့ တချိန်တည်းမှာပဲ အရွက်တွေခါးလာတာကိုလည်း သတိပြုမိလာပါလိမ့်မယ်။ ဆလတ်ပင်မှာ အဆိုပါပုံစံ ဖြစ်ပေါ်လာတာကို Bolting လို့ ခေါ်ဆိုကြတာ ဖြစ်ပါတယ်။ 

လက်ရှိမှာကိုပဲ ဆလတ်ပင်တွေစိုက်ပျိုးထားရင်းနဲ့ ရာသီဥတု သိသိသာသာပူလာပြီး အပင်တချို့မှာ Bolting ဖြစ်ပေါ်လာတာကို တွေ့ရှိရတာကြောင့် ယခုဆောင်းပါးကနေတဆင့် မျှဝေပေးချင်တာ ဖြစ်ပါတယ်။

ဆလတ်ပင်မှာ ဖြစ်ပေါ်တတ်တဲ့ Bolting ဆိုတာက ဘယ်လိုပုံစံမျိုးလဲ 

Bolting ဆိုတာ ဆလတ်စိုက်ပျိုးထားတဲ့အချိန်မှာ ရာသီဥတုပူလာတဲ့အခါ ဖြစ်ပေါ်တတ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အဲ့ဒီလိုအခြေအနေမှာ ဆလတ်ပင်တွေဟာ မျိုးစေ့ထုတ်လုပ်မဲ့ဆီကို အမြန်ဦးတည်သွားနိုင်တာ ဖြစ်ပါတယ်။ Bolting ဖြစ်စဉ်အတွင်းမှာ ဆလတ်ပင်ရဲ့ ပင်စည်ဟာ ရှည်လျားလာမှာဖြစ်ပြီး အပင်ရဲ့ထိပ်ပိုင်းမှာ ပန်းအဖူးတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ တချို့ကတော့ ဆလတ်မျိုးအပေါ်မူတည်ပြီး ပန်းပွင့်နိုင်တဲ့ ရိုးတံများစွာ ထွက်ပေါ်လာတတ်တာ ဖြစ်ပါတယ်။ 

Romaine ကဲ့သို့ ဆလတ်မျိုးကွဲတွေဆိုရင် အံ့သြစရာကောင်းလောက်အောင် အပင်တွေရှည်ထွက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ အခြားဆလတ်မျိုးကွဲကတော့ Romaine မျိုးလောက် ပင်စည်ရှည်ထွက်လာတာမျိုး မရှိပေမဲ့ ၎င်းတို့မှာလည်း Bolting ဖြစ်ပေါ်နိုင်ပါတယ်။ အဲ့ဒီလိုဖြစ်တဲ့အခါ ဆလတ်ရွက်တွေဟာ များသောအားဖြင့် ခါးတာကြောင့် အဆိပ်မရှိပေမဲ့လည်း စားသုံးဖို့ မကောင်းတော့တဲ့ အခြေအနေဖြစ်သွားတတ်ပါတယ်။

ရှည်ထွက်လာတဲ့ ဆလတ်ပင်တွေနဲ့ ပုံမှန်ဆလပ်တွေဟာ အာဟာရတန်ဖိုးအရတော့ အတူတူပဲဖြစ်ပါတယ်။ ဆလတ်ပင်ရဲ့ ပင်စည်ကနေ နို့နဲ့တူတဲ့ အဖြူရောင်အရည်တွေ ထွက်ရှိလာတာကို တွေ့ရမယ်ဆိုရင် ၎င်းအခြေအနေဟာ ပြန်လည်ကုသလို့မရတော့တဲ့ အနေအထားကို ကျော်လွန်သွားပြီလို့ ပြောလို့ရပါတယ်။ 

ဆလတ်ပင်တွေကို ရှည်လာစေတဲ့ အကြောင်းရင်းများ

ဆလတ်ပင်မှာ တွေ့ရတတ်တဲ့ Bolting ဖြစ်စဉ်ဟာ သဘာဝဖြစ်စဉ်တစ်ခုလို့ အထက်မှာမျှဝေခဲ့ပြီး ဖြစ်ပါတယ်။ 

ဆလတ်ပင်တွေဟာ ၎င်းရဲ့အရွက်တွေကြီးထွားဖွံ့ဖြိုးတာကို ရပ်တန့်လိုက်ရတာ ဘာကြောင့်လဲ။ ပြီးတော့ ပိုအရေးကြီးတာက ဒီဖြစ်စဉ်နဲ့ပတ်သက်လို့  တစ်ခုခု လုပ်လို့ရနိုင်သလားဆိုတာကို ဆက်ပြီး လေ့လာကြည့်ရအောင်။ 

၁။ စိုက်ပျိုးချိန် 

သီးနှံတွေစိုက်ပျိုးရာမှာ စိုက်ပျိုးချိန်ဟာ အလွန်အရေးကြီးပါတယ်။ အထူးသဖြင့် အပူချိန်မြင့်မားနေတဲ့ကာလမှာ ဆလတ်ပင်တွေ စိုက်ပျိုးဖို့ဆိုတာ လုံးဝစဉ်းစားရမဲ့ အခြေအနေပါ။ အကယ်လို့ မဖြစ်မနေစိုက်ပျိုးရမယ်ဆိုရင်တော့ အရိပ်ကောင်းစွာရဖို့နဲ့ အစိုဓာတ်ကို များများထောက်ပံ့ပေးနိုင်ဖို့ လိုအပ်ပါတယ်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အထက်ရှိပြီး နေ့တာရှည်မှုတိုးလာပါက ဆလတ်ပင်တွေမှာ Bolting ဖြစ်စဉ် ဖြစ်ပေါ်လာနိုင်ပါတယ်။ အပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက် ရှိနေသရွေ့တော့ ရာသီဥတုပူနွေးနေပေမဲ့လည်း အပင်တွေကို ထိခိုက်ဖို့အလားအလာ နည်းပါတယ်။ 

ဆလတ်စိုက်ပျိုးတဲ့အခါမှာ စိုက်ပျိုးသူတွေ အများဆုံးကြုံရလေ့ရှိတဲ့ ပြဿနာကတော့  အေးတဲ့လတွေမှာ ဆလတ်မျိုးစေ့တွေ အပင်ပေါက်လာကြပြီး သိပ်မကြာခင်မှာပဲ ပူပြင်းတဲ့ရက်တွေ ရောက်ရှိလာတာကြောင့် ဆလတ်ပင်တွေဟာ ပုံမှန်မဟုတ်တော့ဘဲ ရှည်ထွက်လာကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဆလတ်ပင် ကြီးထွားလာမဲ့ကာလနဲ့ စိုက်ပျိုးမဲ့နေရာဒေသရဲ့ အပူချိန်ကိုချိန်ဆပြီးမှ ၄၅ ရက်ခန့်ကြိုတင် စိုက်ပျိုးဖို့လိုအပ်ပါတယ်။ 

၂။ အပူချိန် ဆက်တိုက်မြင့်မားနေခြင်း 

ဆလတ်ပင်တွေဟာ ၂၀ ဒီဂရီစင်တီဂရိတ်နဲ့အထက် အပူချိန်ကို တစ်ရက်လျှင် ၈ နာရီထက်ပိုရပြီး အဆိုပါပုံစံအတိုင်း အနည်းဆုံး ၁၅ ရက် ဆက်တိုက်ရှိနေမယ်ဆိုရင် အပင်တွေ ရှည်ထွက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အချို့သော ဆလတ်မျိုးတွေကတော့ မြင့်မားတဲ့အပူချိန်မှာ ရက်ပေါင်း ၃၀ လောက် ဆက်တိုက်ရှိနေမှသာ အပင်ရှည်ထွက်လာတာမျိုးလည်း ရှိကြပါတယ်။ 

အပူချိန်မြင့်မားတဲ့နေ့ရက်တွေ ဆက်တိုက်ဖြစ်လာတာနဲ့အမျှ ဆလတ်ပင်ဟာ မျိုးစေ့ထုတ်ဖို့ရာ ဦးတည်သွားမှာဖြစ်ပြီး ၎င်းဖြစ်စဉ်ကိုရပ်တန့်ဖို့ရာ ခက်ခဲသွားမှာလည်း ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်း ကဲ့သို့သော ဟင်းသီးဟင်းရွက်နဲ့ ဆေးဖက်ဝင်အပင်အချို့မှာလည်း အလားတူ ဖြစ်စဉ်မျိုး တွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် ပူတဲ့ရာသီမှာစိုက်ပျိုးမယ်ဆိုရင် အရိပ်ကောင်းစွာ ရရှိတဲ့နေရာမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ သို့မဟုတ် အရိပ်ရရှိအောင် ပြုလုပ်ထားပေးသင့်ပါတယ်။ 

၃။ နေ့တာရှည်ခြင်း 

ဆလတ်ပင်တွေဟာ နေ့တာ အတိုအရှည်အပေါ်မှာ ထိခိုက်ခံစားလွယ်တဲ့ အပင်တွေဖြစ်ပါတယ်။ နွေရာသီကဲ့သို့ နေ့တာရှည်တဲ့ကာလတွေဟာ ဆလတ်ပင်တွေကို ပန်းပွင့်စေပြီး မျိုးစေ့ထုတ်ပေးနိုင်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ နွေဦးပေါက်မှာစိုက်ပျိုးတဲ့ ဆလတ်ပင်တွေဟာ အရသာရှိတာမှန်ပေမဲ့ နေ့တာရှည်လာတာနဲ့အမျှ အပင်ရဲ့ကြီးထွားဖွံ့ဖြိုးမှုဟာ ပိုမိုညံ့ဖျင်းလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မရိတ်သိမ်းခင်မှာဘဲ အပင်တွေဟာ ရိုးတံတွေရှည်ထွက်လာမှာလည်း ဖြစ်ပါတယ်။

၄။ ရေရရှိမှုနည်းခြင်း 

ဆလတ်စိုက်ခင်းမှာ ရေရရှိမှုနည်းပါးခြင်းဟာလည်း ဆလတ်ပင်တွေကို ရှည်ထွက်လာစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် အပူချိန်မြင့်တက်လာခြင်း၊ နေ့တာရှည်ခြင်း စသည်တို့နဲ့ ရေငတ်ဒဏ်ခံရတဲ့ အခြေအနေတွေ ပေါင်းစပ်လိုက်တဲ့အခါမှာ Bolting ဖြစ်စဉ်ကို လျင်မြန်စွာ ဖြစ်ပေါ်စေတတ်ပါတယ်။ နောက်တစ်ချက်ကတော့ အပင်ဦးရေများပြီး ခပ်စိပ်စိပ် စိုက်ပျိုးထားမယ်ဆိုရင်လည်း နေရာနဲ့ အစာအရင်းအမြစ်တွေအတွက် ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အပင်တွေ ရှည်ထွက်လာနိုင်ပါတယ်။ 

ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ ဆလတ်စိုက်ခင်းကို ရေများများလောင်းပေးပြီး မြေဆီလွှာကို စိုစွတ်နေအောင် ပြုလုပ်ထားခြင်းဟာ အပင်တွေရှည်ထွက်လာတာကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြထားပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် မြေအနေအထားပေါ်မူတည်ပြီး နေ့စဉ် (သို့မဟုတ်) ၁ ရက်ခြား ရေလောင်းပေးနိုင်မယ်ဆို ပိုကောင်းပါတယ်။ ဒါ့ကြောင့် မြေဆီလွှာမှာ အစိုဓာတ်ထိန်းထားနိုင်ဖို့အတွက် မြေဆွေးအပါအဝင် အော်ဂဲနစ်ပစ္စည်းတွေ ထည့်ပေးလို့ရပါတယ်။ အပင်ခြေမှာ ကောက်ရိုးဖုံးပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 

၅။ နိုက်ထရိုဂျင် ပိုလျှံနေခြင်း

နိုက်ထရိုဂျင်က ဆလတ်လိုအရွက်ကိုအဓိကထားတဲ့ အပင်တွေအတွက် သင့်တော်တဲ့အာဟာရဖြစ်ပေမဲ့ နိုက်ထရိုဂျင်ပိုလျှံနေပါက (သို့မဟုတ်) ဖော့စဖောရပ်စ်ဓာတ်နဲ့ ပေါင်းစပ်သွားပါက မျိုးစေ့တွေဖြစ်ပေါ်လာစေဖို့ ဦးတည်သွားတတ်တာ ဖြစ်ပါတယ်။ 

၆။ မျိုး 

Bolting ဖြစ်စဉ်နဲ့ပတ်သက်လို့ ဆလတ်မျိုးကွဲအားလုံးဟာ အတူတူ မဟုတ်ကြပါဘူး။ Butterhead မျိုးကွဲတွေဆိုရင် အပင်တွေရှည်ထွက်လာဖို့ နှေးကွေးကြတာဖြစ်ပြီး Great Lakes ကဲ့သို့ အချို့သောမျိုးကွဲတွေဆိုရင်တော့ အပင်ရှည်ထွက်လာပြီး မျိုးစေ့ဖြစ်ပေါ်လာဖို့အတွက် မြင့်မားတဲ့အပူချိန်ကို ရက်ပေါင်း ၅၀ ကြာသည်အထိ ခံနိုင်ရည်ရှိကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ပျိုးမဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်နဲ့ ရာသီဥတုအခြေအနေတွေပေါ် မူတည်ပြီး သင့်တော်မဲ့မျိုးတွေကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ 

ဇင်ထူးနိုင်

Ref:https://www.tinygardenhabit.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်