ပြည်ပစျေးကွက်ဝင် ကျောက်ပုစွန်မွေးမြူရေး အပိုင်း(၂)

22/11/2022 15:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကျောက်ပုစွန်မွေးမြူထုတ်လုပ်ရန် သင့်လျော်သော နေရာရွေးချယ်ခြင်း

ကျောက်ပုစွန်မွေးမြူထုတ်လုပ်မည်ဆိုပါက အောအောက်ဖော်ပြပါအချက်များ ရရှိနိုင်သော နေရာမျိုး ဖြစ်သင့်ပါသည်။

  • (က) ဒေသဆိုင်ရာအစိုးရထံမှ သင့်လျော်သော စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အထောက်အပံ့ အကူအညီများ ရရှိနိုင်ခြင်း။
  • (ခ) ခရုအသားဘေးထွက်ပစ္စည်းများ ရရှိနိုင်ခြင်း။
  • (ဂ) ပတ်ဝန်းကျင်ရှိ ကျွန်းများမှ ကျောက်ပုစွန်သားပေါက် (Puerulus)များ ရရှိနိုင်ခြင်း။
  • (ဃ) သင့်လျော်သော ဆိပ်ကမ်းနှင့် လေကြောင်းလိုင်းများ ဆက်သွယ်မှု ရရှိနိုင်ခြင်း။
  • (င) ကျောက်ပုစွန်မွေးမြူခြင်းဆောင်ရွက်ရန် အထောက်အပံ့ ဖြစ်စေမည့် ကုန်းမြေနှင့် ကမ်းလွန်အခြေအနေများရှိခြင်း

သဘာဝပတ်ဝန်းကျင် ဒီရေရောက်တောများ၊ ပင်လယ်မြက်ခင်းများနှင့် ၎င်းတို့ကို မှီတင်းနေထိုင်ကြသော ပင်လယ်ငါးများနှင့် ရေသတ္တဝါများကို မထိခိုက်စေဘဲ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများကို ဟန်ချက်ညီစေမည့်နည်းလမ်းများဖြင့် ဒေသခံရေလုပ်သားများနှင့် ၎င်းတို့၏ နောင်လာနောက်သားများ စဉ်ဆက်မပြတ် အကျိုးဖြစ်စေမည့် ကျောက်ပုစွန်သားပေါက်များကို ဖမ်းဆီးစုဆောင်းမွေးမြူပြီး သိသာသောအရေအတွက်ရှိသည့် ကျောက်ပုစွန်မျိုးအမများကို သဘာဝပင်လယ်ရေပြင်ထဲသို့ မျိုးစိုက်ထည့်ပေး၍ ကျောက်ပုစွန် မဖမ်းဆီးရသည့်နေရာများ သတ်မှတ်ကာကွယ်ခြင်းဖြင့် ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့နိုင်မည် ဖြစ်သည်။ 

သားပေါက်အရွယ်များကို စုဆောင်းမွေးမြူခြင်း

သားဖောက်ခြင်းနည်းပညာများ စီးပွားဖြစ်အတိုင်းအတာအထိအောင်မြင်နိုင်ရေး နှစ်ပေါင်းများစွာဆက်လက်လုပ်ဆောင်ရန် လိုအပ်နေသေးသည်ဟု သိရပါသည်။ သို့သော် ကူးခတ်သွားလာနိုင်ပြီဖြစ်သော ကျောက်ပုစွန်သားပေါက်အရွယ်များကို သဘာဝ၌တွေ့ရှိနိုင်သည်ဖြစ်၍ ဖမ်းဆီးစုဆောင်းမွေးမြူကြပါသည်။

အဆိုပါသားပေါက်များသည် ပုံမှန်အားဖြင့် အခြားသော ပင်လယ်ရေသတ္တဝါများ၏အစာများဖြစ်ကြပြီး အလွန်နည်းပါးသောရာခိုင်နှုန်းပမာဏ(၃ ရာခိုင်နှုန်း)ခန့်သာ ၎င်းတို့၏ သဘာဝနေထိုင်ရာနေရာဖြစ်သည့် ပင်လယ်ကြမ်းပြင်အောက် ကျောက်ဆောင်ပေါ်သို့ ရောက်ရှိရှင်သန်နေထိုင်နိုင်ကြသည်။

အဆိုပါကျောက်ပုစွန်သားပေါက်များကို ဖမ်းဆီးသည့်နည်းပညာများ ဖွံ့ဖြိုးလာသဖြင့် သဘာဝအလျောက် ရှင်သန်နှုန်းထက် သာလွန်မြင့်မားသော ဖမ်းဆီးရယူသည့်သားပေါက်များမှ စီးပွားဖြစ်အရွယ်အထိ မွေးမြူထုတ်လုပ်လာနိုင်ကြသည်။

ဖန်တီးမွေးမြူပြီး မျိုးရင့်မည့်အရွယ်ရောက်သော ကျောက်ပုစွန်များကို ပင်လယ်ပြင်သို့ ပြန်လွှတ် ပေးခြင်းဖြင့် ကျောက်ပုစွန်သယံဇာတများ ပြန်လည်ဖြစ်တည်စေရန် မျိုးစိုက်ထည့်ပေးခြင်းသည် သယံဇာတထိန်းသိမ်းစောင့်ရှောက်သောအစီအမံတစ်ရပ်ဖြစ်ပြီး သဘာဝ၌ ကျောက်ပုစွန်သယံဇာတများ လျင်လျင်မြန်မြန် ပြန်လည်ဖြစ်တည်စေနိုင်လိမ့်မည် ဖြစ်သည်။

ယနေ့ချိန်ခါတွင် ကျောက်ပုစွန်မွေးမြူသည့်တစ်ခုတည်းသောနည်းလမ်းမှာ သဘာဝမှ သားပေါက်အရွယ် (Post-larva or Puerulus)များကို စုဆောင်းရယူခြင်းဖြင့်သာ မွေးမြူနိုင်ကြသည်။ ဤအချက်သည်ပင် ကျောက်ပုစွန်စီးပွားဖြစ်မွေးမြူထုတ်လုပ်ရန်အတွက် အတွေးသက်သက်သာဖြစ်စေသော အကြောင်းအချက်ဖြစ်နေသည်။

သဘာဝမှ ကျောက်ပုစွန်သားလောင်းများ ရရှိနိုင်မှုမှာ ပုံသေမျှော်မှန်း၍ မရရှိနိုင်ဘဲ ဒေသခံရေလုပ်သားများ၏ လွဲမှားသောနားလည်သဘောပေါက်မှုကြောင့် ကျောက်ပုစွန်သားလောင်း (Puerulus)များကို သဘာဝမှစုဆောင်းခြင်းသည် ရင်းနှီးမြှုပ်နှံမှုနည်းသော်လည်း ပြောင်းပြန်အကျိုးသက်ရောက်စေခြင်းဖြစ်သည်။

ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးလာစေရေးအတွက် နောက်ထပ်အဓိကအခက်အခဲတစ်ရပ်မှာ ကြီးထွားနှုန်းကောင်းစေမည့် ဖော်စပ်စာများ ထုတ်လုပ်နိုင်မည့်နည်းပညာ လိုအပ်ခြင်းနှင့် လက်ခံနိုင်လောက်သည့်အတိုင်းအတာအထိ အစာဖိုးကုန်ကျစရိတ်များကို လျှော့ချနိုင်ရေးဖြစ်သည်။

ကျောက်ပုစွန်အစာ

လက်ရှိအချိန်တွင် ကျောက်ပုစွန်ပမာဏ အနည်းငယ်မျှသာ မွေးမြူသောလုပ်ငန်းများသည် သဘာဝအစာဖြစ်သော ငါးသေး၊ ငါးနုတ်များ၊ ဂုံး၊ ကမာ၊ ယောက်သွားများကို အဓိကအစာအဖြစ် အားထားနေရသည်။

အဆိုပါနည်းမှာ ပမာဏအနည်းငယ်မွေးမြူခြင်းဆိုလျှင် အကျိုးအမြတ်ရရှိနိုင်သော်လည်း ပမာဏတိုးတက်ထုတ်လုပ်လိုပါလျှင် သဘာဝအစာများ၏စျေးနှုန်းမြင့်မားလာခြင်းနှင့် ရာသီကာလများ၌ လုံလောက်သောသဘာဝအစာပမာဏ မရရှိနိုင်မှုကြောင့် ပမာဏအများအပြား မွေးမြူထုတ်လုပ်နိုင်ရေးမှာ ဖြစ်နိုင်ခြေနည်းသည်။

ထို့ကြောင့် သင့်လျော်သောအစာဖော်စပ်ထုတ်လုပ်သည့်နည်းပညာများ ဖွံ့ဖြိုးလာစေခြင်းဖြင့် ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းကို နှစ်ပတ်လည်ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ ကျောက်ပုစွန်၏ သင့်လျော်သောအစာ အသုံးချနိုင်မှုနှင့် အစာကျန်များကြောင့် ပတ်ဝန်းကျင်ရေထုညစ်ညမ်းစေနိုင်မှုကို လျှော့ချနိုင်မည့်နည်းပညာများလည်း ယခုအခါဖွံ့ဖြိုးလာပြီဖြစ်သည်။

သဘာဝမှကျောက်ပုစွန်သားပေါက်များကို ဖမ်းဆီးစုဆောင်းရယူသော လက်ရှိနည်းလမ်းများမှာ သုတေသနအတွက်ရည်ရွယ်ပြီး ပုံစံထုတ်ထားသော ရေမြုပ်လှောင်ကန်ပုံစံ(Witham collectors) ကဲ့သို့သော စနစ်များကို အခြေခံထားသည်။

စီးပွားဖြစ်ဖမ်းဆီးစုဆောင်းရယူသောနည်းစနစ်များသည် လက်ရှိအချိန်၌ မလိုအပ်ဘဲ အခြားသောရေသတ္တဝါများကို ဖမ်းဆီးနိုင်မှုအနည်းဆုံးဖြစ်စေပြီး သင့်တော်သောဖမ်းဆီးမှုကို ဖြစ်စေနိုင်သည့်နည်းစနစ်များဖွံ့ဖြိုးလာပြီ ဖြစ်သည်။ 

ကာရစ်ဘီယန်ဒေသတွင် ခရုသင်းကဲ့သို့ ခရုကြီးများ၏ ဘေးထွက်ပစ္စည်းများကို ကျောက်ပုစွန်၏ အစာအဖြစ် အသုံးပြုမွေးမြူကြပြီး ခရုကြီးများဖမ်းဆီးထုတ်လုပ်သည့်ရာသီလွန်ကာလများတွင် ဖော်စပ်ထုတ်လုပ်သောအစာတောင့်များကျွေး၍ မွေးမြူကြသည်။ 

ဗီယက်နမ်နိုင်ငံ၏ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း

အာဆီယံဒေသတွင်းနိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်နိုင်ငံသည် ကမ္ဘာ၌ကျောက်ပုစွန်မွေးမြူခြင်း စီးပွားဖြစ်အောင်မြင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ဗီယက်နမ်ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်းတွင် သဘာဝသားပေါက်များဖမ်းဆီးမွေးမြူခြင်းကို အဓိကဆောင်ရွက်ကြသည်။ မွေးမြူထိန်းသိမ်းထားသောအခြေအနေမှ သားဖောက်ခြင်းလုပ်ငန်းမှာခက်ခဲလှသောနည်းပညာများကြောင့် သားဖောက်ထုတ်လုပ်သည့် ကျောက်ပုစွန်သားပေါက်များ မရရှိနိုင်သေးပေ။

ဗီယက်နမ်နိုင်ငံသည် လက်ရှိအချိန်တွင် အထူးသဖြင့် Panulirus ornatus ဟုခေါ်သည့် ကျောက်ပုစွန်ထိပ်တန်းမျိုးကို တစ်နှစ်လျှင်တန်ချိန် ၁၆၀၀ တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၂၀ ကျော်ဖိုး တင်ပို့လျက်ရှိသည်။

အဆိုပါအောင်မြင်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ကျောက်ပုစွန်သားပေါက်များ ဖမ်းဆီးစုဆောင်းခြင်းလုပ်ငန်းများဖွံ့ဖြိုးလာပြီး ဗီယက်နမ်နိုင်ငံထက် ကျောက်ပုစွန်သားပေါက် စုဆောင်းရရှိနိုင်မှု ၁၀ ဆမှ အဆ ၂၀ အထိ ရရှိနေသည်။

သို့သော် အင်ဒိုနီးရှားနိုင်ငံ၌ ကျောက်ပုစွန် အသားတိုးမွေးမြူခြင်းမှာ အစိုးရ၏မူဝါဒ၊ မွေးမြူသူများ ၏ အသိပညာ ဗဟုသုတနည်းပါးမှုနှင့် ကျွမ်းကျင်မှုနည်းပါးခြင်းတို့ကြောင့် သိသိသာသာ တိုးတက် မှု မရှိပါ။ အင်ဒိုနီးရှားနိုင်ငံတွင် ဖမ်းဆီးရရှိသော ကျောက်ပုစွန်မျိုးမှာ Panulirus homarus မျိုးဖြစ်ပြီး Panulirus ornatus မျိုးကဲ့သို့ ထုတ်လုပ်မှုကောင်းသော်လည်း စျေးရရှိမှုနည်းသည်။

သဘာဝအတိုင်း ကျောက်ပုစွန်သားပေါက်များ အများအပြား ထူးထူးခြားခြားရရှိနေခြင်းသည် သင့်လျော်သောအခြေအနေများ စုစည်းရှိနေသော သတ်သတ်မှတ်မှတ်နေရာများ ရှိနေခြင်းကြောင့်ဖြစ်ကာ ကမ်းခြေအနီး၌ ကျောက်ပုစွန်သားပေါက်အများအပြား တစ်စုတစ်စည်းတည်းရှိနေစေရန်ဖန်တီးပေးသကဲ့သို့ ဖြစ်နေသည်။

ထိုကဲ့သို့ ကျောက်ပုစွန်သားပေါက်များ တစ်စုတစ်စည်းတည်း ရရှိနိုင်သောနေရာများမှာ ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေဗဟိုနေရာနှင့် အင်ဒိုနီးရှားနိုင်ငံ၌ တောင်ပိုင်းကမ်းခြေ၏ ဗဟိုနေရာတို့ဖြစ်သည်။

အဆိုပါနေရာများ၌ ကျောက်ပုစွန်သားပေါက်များသည် အခြေချနေထိုင်မည့်နေရာများ မလုံလောက်မှုနှင့် သားစားငါးများကြောင့် သဘာဝအရသေဆုံးမှုများလည်း မြင့်မားကြသည်။ အဆိုပါကျောက်ပုစွန်သားပေါက်များကို တာဝန်သိဖမ်းဆီးစုဆောင်းခြင်းသည် တန်ဖိုးရှိသော သယံ ဇာတအရင်းအမြစ်တစ်ရပ်ဖြစ်လာစေပြီး ကမ်းရိုးတန်းဒေသရှိ ပြည်သူများအတွက် ဆင်းရဲမှုလျော့ကျစေသော အကျိုးအမြတ်လည်း ဖြစ်စေသည်။

ကျောက်ပုစွန်သားလောင်းများသည် ၎င်းတို့အခြေချနေထိုင်မည့် သင့်လျော်သောကမ်းခြေများသို့ ကူးခတ်လာကြသဖြင့် စျေးမကြီးဘဲ တီထွင်ဖန်တီးထားသော ထိရောက်သည့် ဖမ်းဆီးနည်းစနစ်များ ပေါ်ထွန်းလာပြီဖြစ်သည်။

Ref:(1) Department of fisheries.

      (2) Wikipedia.

(အပိုင်း (၃) တွင် ကျောက်ပုစွန်မွေးမြူရေးလုပ်ငန်း၏ စီးပွားရေးနှင့် လူမှုရေးအကျိုးရလဒ်များ၊ မြန်မာနိုင်ငံ၏ ကျောက်ပုစွန်စျေးကွက် စသည်တို့ကို ဖော်ပြပေးပါမည်။)

အပိုင်း(၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/Lobster_Farming

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်