ပထမဆုံးပြောချင်တာကတော့ ဒီဆောင်းပါးဟာ အချိုမှုန့်ကို ဆန့်ကျင်တာမဟုတ်သလို ပရိုမိုးရှင်းဆင်း တာလည်း မဟုတ်ဘူးဆိုတာပါ။ ဒါကြောင့်လည်း အာဂျီနိုမိုတိုကုမ္ပဏီဘက်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို အခြေခံ မယူထားပါဘူး။ အခုဖော်ပြတာကတော့ အမေရိကန် အစား အသောက်နှင့်ဆေးဝါးညွှန်ကြားမှုဦးစီးဌာန (U.S Food and Drug Administration) က ထုတ်ထားတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ တချို့သူတွေက အချိုမှုန့်ဟာ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါးထိခိုက်စေတယ်ဆိုပြီး ခါးခါးသီးသီး ငြင်းဆန်တာမျိုးအထိ ရှိကြပါတယ်။ မြန်မာနိုင်ငံသားတွေ အသက်တိုအောင်လို့ တမင် မြန်မာနိုင်ငံအတွက်သီးသန့်ထုတ်ထားတာလို့တောင် စွပ်စွဲကြတာမျိုးထိလည်း ကြားဖူးပါတယ်။
ဆိုတော့ အချိုမှုန့်စားသုံးခြင်းဟာ တကယ်ပဲ ကျန်းမာရေးကိုထိခိုက်နိုင်သလား၊ အမေရိကန်လို ကမ္ဘာ့ စီးပွားရေးထိပ်သီးနိုင်ငံမျိုးမှာကော လက်ခံထားသလား၊ အချိုမှုန့်စားသုံးမှုနဲ့ပတ်သက်လို့ သူတို့ဆီကို ဘယ်လို တိုင်ကြားမှုမျိုးတွေရှိသလဲ ဆိုတာတွေကို ကြည့်လိုက်ကြရအောင်...
အချိုမှုန့်ဆိုတာဘာလဲ..
ကျွန်တော်တို့ခေါ်နေတဲ့အချိုမှုန့်ဆိုတာက ဓာတုဗေဒဖွဲ့စည်းပုံစံအားဖြင့် မိုနိုဆိုဒီယမ်ဂလူတမိတ် ဆိုတဲ့ ဆိုဒီယမ်ဆားတစ်မျိုးပါ။ အာဂျီနိုမိုတိုလို့လည်း သိကြပါတယ်။ (နောက်ပိုင်းမှာတော့ အတိုကောက် MSG လို့ပဲ ဖော်ပြသွားပါမယ်)
တကယ်တော့ ဂလူတမစ်အက်ဆစ်ဟာ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေမှာ သဘာဝအရကို ရှိနေပြီး သားပါ။ တခြားအစားအသောက်တွေနဲ့ ဟင်းခတ်ပစ္စည်းအချို့မှာလည်း ပါဝင်နေပါတယ်။
အချိုမှုန့်ကို ဘယ်လိုလုပ်တာလဲ...
ပြောခဲ့ပြီးသလိုပဲ MSG ဟာ အစားအသောက်အချို့မှာ အလိုအလျောက်ရှိပါတယ်။ ခရမ်းချဉ်သီးတွေ၊ ဒိန်ခဲတွေလိုမျိုးမှာပေါ့။ သမိုင်းတစ်လျှောက်မှာလည်း လူတွေဟာ ဂလူတမိတ်ကြွယ်ဝတဲ့ အစားအစာ တွေကို စားခဲ့ကြပါတယ်။ ဥပမာအားဖြင့် အာရှလူ့အဖွဲ့အစည်းမှာ သမိုင်းနဲ့ချီစားခဲ့ကြတဲ့ ပင်လယ်ရေညှိ ဟင်းချိုမျိုးလိုမှာပါ။ အချိုမှုန့်အစကလည်း ဒီပင်လယ်ရေညှိဟင်းချိုကပါပဲ။
၁၉၀၈ ခုနှစ်မှာတော့ ဂျပန်လူမျိုး ဓာတုဗေဒပါမောက္ခတစ်ဦးဖြစ်တဲ့ ဒေါက်တာကီကူနေးအီခဲဒါဟာ ဒီပင်လယ်ရေညှိဟင်းချို လျှာလည်အောင်ကောင်းနေစေတာဟာ ဂလူတမိတ်ဓာတ်ကြောင့်ဖြစ်ပြီး ဒီဓာတ်ကို ထုတ်ယူလို့ရတာကို တွေ့ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အီခဲဒါဟာ ဒီဓာတ်ကို MSG အနေနဲ့ မှတ်ပုံတင်ခဲ့ပြီး စီးပွားဖြစ်ထုတ်လုပ်မှုတွေ လုပ်တော့တာပါပဲ။
ဒီနေ့ခေတ်မှာတော့ MSG လို့ခေါ်တဲ့ အချိုမှုန့်ခဲလေးတွေကို ရေညှိဟင်းချိုကနေ ထုတ်ယူတဲ့အစား ကစီဓာတ်များတဲ့စားစရာတွေ (ပီလောပီနံလိုမျိုး) ၊ သကြားမုန်လာတွေ၊ ကြံတွေ၊ တင်လဲရည်တွေကို အချဉ်ဖောက်ခြင်းနည်းပညာနဲ့ ထုတ်ယူမှုတွေ လုပ်နေကြပါပြီ။ ဒီဟာကို အချဉ်ဖောက်ထုတ်ယူတဲ့နည်း လမ်းဟာ ဒိန်ချဉ်၊ ရှာလကာရည်၊ ဝိုင်တွေ ထုတ်တဲ့နည်းလမ်းမျိုးနဲ့ ဆင်တူပါတယ်တဲ့။
အချိုမှုန့်ဟာ စားဖို့သင့်တော်လား?
အစားအသောက်တွေထဲမှာ MSG ထည့်ခြင်းဟာ ယေဘုယျအားဖြင့်တော့ စားဖို့သင့်တော်ပါတယ်လို့ အမေရိကန် FDA က ဆိုထားပါတယ်။ အချိုမှုန့်လို့ဆိုလိုက်တာနဲ့ ဆတ်ဆတ်ထိမခံ လက်တကာကာ ဖြစ်ကြတဲ့သူတွေရှိနေပေမဲ့ ပညာရှင်တွေက အချိုမှုန့်စားစေတဲ့သူနဲ့ MSG ဓာတ်မပါတဲ့အချိုမှုန့်အတု စားစေတဲ့သူမျိုးတွေရဲ့တုန့်ပြန်မှုကို နှိုင်းယှဉ်လေ့လာကြည့်ရာမှာ သက်ရောက်မှု တိတိပပအဖြေမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဂလူတမိတ်ဟာ ဂလူတင်နဲ့ အတူတူပဲလား?
မဆိုင်ရေးချမဆိုင်ပါပဲတဲ့။ တချို့လူတွေနဲ့ဓာတ်မတည့်တာမျိုးရှိတတ်တဲ့ ဂလူတင်ဓာတ်ဟာ ပဲပုပ်စေ့ အချဉ်ရည်လိုမျိုးထဲမှာ ပါကောင်းပါနိုင်ပေမဲ့ MSG ထုတ်ကုန်တွေမှာတော့ မပါပါဘူး။
MSG နဲ့ အစားအသောက်အချို့မှာ အလိုလိုပါပြီးသား ဂလူတမိတ်ဓာတ်နဲ့ ဘာကွာလဲ?
ဓာတုဗေဒနည်းအားဖြင့်တော့ ကွာခြားမှုမရှိပါဘူး။ ဒီနှစ်မျိုးအပေါ် ခန္ဓာကိုယ်ရဲ့တုံ့ပြန်ပုံတွေကလည်း အတူတူပါပဲ။ အရွယ်ရောက်ပြီးသားလူတစ်ယောက်ဟာ အစားအသောက်ပရိုတိန်းတွေမှာပါတဲ့ ဂလူ တမိတ် ၁၃ ဂရမ်နီးပါး စားလို့ရပါတယ်။ MSG အနေနဲ့ဆိုရင်တော့ ဒါဟာ ၀.၅၅ ဂရမ်နဲ့ ညီပါမယ်။
အစားအစာတွေထဲ MSG ပါမပါ ဘယ်လိုသိနိုင်မလဲ?
ဒါကတော့ အစားအသောက်တွေထဲမှာ MSG ပါတယ်ဆိုရင် ပါဝင်ပစ္စည်းအညွှန်းဖော်ပြချက်မှာ FDA အနေနဲ့ ထည့်ခိုင်းဖို့လိုပါလိမ့်မယ်။ တချို့ပစ္စည်းတွေမှာတော့ MSG အလိုလိုပါနေတာမျိုးတွေရှိပါတယ်။ အစားအစာမှာ အသားအရသာအတွက် အသုံးပြုပစ္စည်း (hydrolyzed vegetable protein)၊ တစေး မှုန့်များ၊ ပဲပုပ်ထုတ်ကုန်များနဲ့ ခရမ်းချဉ်သီးနဲ့ ဒိန်ခဲတွေလိုမျိုးမှာပါတဲ့ပရိုတိန်း စတာတွေမှာ ပါနေတာ ဖြစ်ပါတယ်။
ထုတ်ကုန်တွေရဲ့ပါဝင်ပစ္စည်းမှာ MSG ပါရင် ဖော်ပြရမယ်လို့ FDA က ဆိုထားပေမဲ့ သဘာဝအလျောက် MSG ပါနေတာမျိုးကိုတော့ သီးသန့်မဖော်ပြလည်း ရပါတယ်။ ဒါပေမဲ့ အဲ့ဒီလို သဘာဝအလျောက် MSG ပါနေတဲ့ အစားအသောက်ထုတ်ကုန်တွေမှာ ‘No MSG’ (MSG မပါ) ဆိုတာမျိုးတော့ ဖော်ပြလို့ မရပါဘူး။ MSG ပါတယ်လို့ဖော်ပြရမယ့်အစား ‘ဟင်းခတ်အမွှေးအကြိုင်နှင့်အရသာမှုန့်’ ဆိုပြီး နားလှည့်ပါးရိုက် ဖော်ပြတာမျိုးလည်း လက်မခံပါဘူး။
MSG နဲ့ပတ်သက်လို့ ဆိုးဆိုးရွားရွားဖြစ်စဉ် တိုင်ကြားမှုတွေ ရှိဖူးလား?
ရှိဖူးပါတယ်။ MSG ပါတဲ့ အစားအသောက်မျိုးတွေစားပြီး ခေါင်းကိုက်တာ၊ ပျို့ချင်အန်ချင်ဖြစ်တာမျိုး တွေ ကြုံရတယ်ဆိုပြီး တိုင်ကြားချက်တွေ ရှိပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်တွေကို အမေရိကန် FDA က စစ်ဆေးစုံစမ်းတဲ့အခါမှာတော့ MSG ကြောင့်ဖြစ်ရတာပါဆိုတဲ့ အတည်ပြုချက်မျိုး ဘယ်တစ်ခုမှာမှ မရှိခဲ့ပါဘူးတဲ့။
FDA ရဲ့ အခုလိုစစ်ဆေးစုံစမ်းမှုတွေတင်မဟုတ်ပါဘူး။ အမေရိကန် ဇီဝဗေဒလက်တွေ့စမ်းသပ် အဖွဲ့အစည်းရဲ့ ၁၉၉၀ ခုနှစ်တွေတုန်းက စမ်းသပ်ချက်တွေအရလည်း စိတ်ချလက်ချ စားသောက်လို့ရပါ တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ သဘာဝအစာထဲကပါတာမျိုးမဟုတ်တဲ့ ထုတ်လုပ် MSG ၃ ဂရမ် (လက်ဖက်စားဇွန်းတစ်ဝက်ခန့်) စားမိတဲ့ တချို့ အချိုမှုန့်မတည့်တတ်သူတွေမှာတော့ မပြင်းထန်တဲ့ ခေါင်းကိုက်တာ၊ ထုံတာကျဉ်တာ၊ မျက်နှာနီတာ၊ စပ်ဖျဉ်းဖျဉ်းခံစားရတာ၊ ရင်တုန်တာ၊ ငိုက်မျဉ်းစေတာ စတဲ့လက္ခဏာတွေ ခဏတဖြုတ် ဖြစ်တာမျိုး ကြုံရတတ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒါကလည်း ၀.၅ ဂရမ်အောက်လောက်ထိပဲစားမယ်ဆို ဘာမှဖြစ်တာမျိုးမဟုတ်ဘဲ ၃ ဂရမ်နဲ့ အထက် တစ်ထိုင်တည်းစားမိမှသာ ဖြစ်တတ်တာမျိုးလို့ ဆိုပါတယ်။
ဆိုတော့ အမေရိကန်အစားအသောက်နဲ့ဆေးဝါးညွှန်ကြားမှုဦးစီးဌာနရဲ့ အဆိုတွေအရဆိုရင် အချိုမှုန့် ဟာ အလွန်အကျွံသာမစားရင် လူကိုဘာမှအန္တရာယ်မရှိနိုင်ဘူးဆိုတဲ့သဘောမျိုး ဖော်ပြထားတာ တွေ့ရပါတယ်။ (အရည်အသွေးနိမ့်အချိုမှုန့်တွေကိုတော့ ထည့်သွင်းဆိုလိုခြင်းမရှိပါ)
၂၀၁၈ ခုနှစ်တုန်းက ဝက်ဘ်ဆိုဒ်တစ်ခုရဲ့သုတေသနတစ်ခုအရလည်း အချိုမှုန့်ကို မူရင်းစတင်ခဲ့တဲ့ ဂျပန် နိုင်ငံအပါအဝင် နိုင်ငံအများအပြားမှာ သုံးစွဲစားသုံးကြပါတယ်။ ထိုင်းနိုင်ငံမှာလည်းသုံးပါတယ်။ အများဆုံးအသုံးပြုတာကတော့ တရုတ်နိုင်ငံပါ။ ဒါကတော့ တရုတ်ဟာ အဲ့ဒီအချိန်တုန်းက ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်နေတာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
Ref: https://www.fda.gov/food/food-additives-petitions/questions-and-answers-monosodium-glutamate-msg?f
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။