“ဈေးကွက်ဝင်…..  ငါးပုဏ္ဏားများ”

07/12/2020 11:45 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ငါးပုဏ္ဏားမှာ အကြေးခွံပါသောငါးဖြစ်ပြီး နှုတ်ခမ်းမွှေးရှည်ရှည်နှင့် အသားနူးညံ့ကာ အရသာကောင်းမွန်တဲ့ ငါးတစ်မျိုးဖြစ်သည်။ ဆူးတောင်ရိုးပျော့သော ငါးအုပ်စု (ray-finned fish) တွင်ပါဝင်ကြပြီး အင်္ဂလိပ်လို Mango fish (or) Paradise Threadfin ဟုလည်းခေါ်ကြသည်။

     ရေချိုမြစ်များတွင် တွေ့ရှိရပြီးအများအားဖြင့် အလျှား(၉)လက်မခန့်ရှည်လျှားကြပြီး တန်ဖိုးမြင့်ငါးတွင်ပါဝင်ပါသည်။ အမြင့်ဆုံးအလျှားမှာ (၃၀)စင်တီမီတာထိရှိကြသည်။ ထူးခြားချက်မှာ ငါးပုဏ္ဏား၏ အရောင်မှာ ရွှေနီရောင်သန်းနေပြီး နှုတ်ခမ်းမွှေးက အမြီးထိရှည်ကြသည်။ ဆောင်းတွင်းဘက်အအေးများ ချိန်တွင်ပိုမိုရမိတတ်ကြသည်။

     ရေချိုပိုင်းတွင် အများဆုံးတွေ့ရပြီး ရေချိုရေငန်စပ်၊ ရေငန်ပိုင်းတွင် လည်းတွေ့ရတတ်ပါသည်။ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေမှာလည်း တွေ့ရသည်။ အသားစား(carnivorous)များဖြစ်ကြပြီး အခွံမာရေသတ္တဝါ၊ငါးငယ်စသည်တို့ကို စားလေ့ရှိကြသည်။

     အရိုးနည်းပြီး အသားနူးညံ့သည်။ သူ့တွင်အသားဓာတ်၊ရေငွေ့ဓာတ်ပါရှိပြီး ထူးခြားချက်မှာ ခေါင်းကို မဖြတ်ဘဲ ကြော်စားပါက အလွန်နူးညံ့ပြီး ကျက်လွယ်သဖြင့်ကြွပ်ရွပြီးစား၍ အလွန်ကောင်းသည်။ ငါးပုဏ္ဏားမှာ အင်အားဖြစ်စေသည်ဟုယုံကြည်မှုရှိကြပြီး ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုတွေကို ဓာတ်စာအနေဖြင့်လည်း ကျွေးကြသည်။

     ငါးပုဏ္ဏားကို အကြွပ်ကြော်၊ချဉ်စပ်ဆီပြန်၊အိုးကပ်၊ ဆူဆီ စသဖြင့်ပြုလုပ်စားသုံးကြသည်။ မွန်ပြည်နယ်၊မော်လမြိုင်ဘက်တွင် ငါးပုဏ္ဏားဆူဆီဟင်းမှာ နာမည်ကြီးသည်။ ငါးပုဏ္ဏားဆူဆီဟင်းမှာ ကြော်ပြီး ပြန်နှပ်ထားသော ဟင်းတမည်ဖြစ်ပါသည်။

ငါးပုဏ္ဏားဆူဆီ(ခေါ်) ငါးပုဏ္ဏားကြော်နှပ်ပြုလုပ်ပုံ

     ငါးပုဏ္ဏားဆူဆီ(ခေါ်) ငါးပုဏ္ဏားကြော်နှပ်ပြုလုပ်ရာ၌ ငါးပုဏ္ဏား၊ ငရုတ်သီးအစိမ်းမှုန့်၊နနွင်း၊ငံပြာရည်၊ ဆီ၊ ဆား၊ ရသာမှုန့်၊ ကြက်သွန်ဖြူ/နီ၊ခရမ်းချဥ်သီးတို့ လိုအပ်ပါသည်။

၁။ ငါးပုဏ္ဏားကိုအကြေးခွံသင်ပြီး အမြီး၊အတောင်ဖြတ်၊ ဗိုက်ခွဲ၊အူနှင့် အညစ်အကြေးထုတ်ပြီး ရေစင်အောင်ဆေးကာ ဆား၊နနွင်း၊အရသာမှုန့်ထည့်ပြီး တစ်ကောင်ချင်းစီ အရသာဝင်အောင်နယ်ပြီး ခဏနှပ်ထားရပါမည်။

၂။ ထို့နောက်ခရမ်းချဉ်သီးကို ပါးပါးလှီး၊ကြက်သွန်နီ(၂)လုံးပါးပါးလှီးထားပြီး၊ ကြက်သွန်ဖြူ(၁)လုံးကိုလည်း အခွံသင်ကာဓားပြား ရိုက်ထားရပါမည်။

၃။ အားလုံး အဆင်သင့်ဖြစ်ပါက မီးဖိုပေါ်ဒယ်အိုးတင်၍ ဆီများများထည့်ကာ ငါးကိုအရင်ဆုံးကြော်ရပါမည်။ ငါးကြော်လျှင်သတိထားရမည့်အချက်မှာ ဆီသေပြီး ဆီအငွေ့ထွက်လာမှ ငါးထည့်ပါ။ဆီမကျက်ဘဲ ငါးထည့်ပါက ငါးနှင့်အိုး ကပ်တတ်၍ဖြစ်သည်။  

၄။ပြီးနောက် ဟင်းချက်ရန်အတွက် ငါးကြော်ပြီးသားဆီအနည်း/အများကြည့်ပြီး ဆီလျှော့ရပါမည်။

၅။ပြီးနောက် ဆီလျှော့ထားသော ဒယ်အိုးထဲ စောနကလှီးထားသောကြက်သွန်နီကို ထည့်ကြော်ပြီး ကြက်သွန်နီညိုလာပြီး ကျက်လျှင်ငရုတ်သီး အစိမ်းမှုန့်ထမင်းစားဇွန်း(၁)ဇွန်းမောက်မောက်ထည့်ကာ  ဆီသတ်ပြီးနောက် ပါးပါးလှီးထားသောခရမ်းချဉ်သီးကို ထည့်ကာဆား၊ အရသာမှုန့်၊ ငံပြာရည်ထည့်ရပါမည်။

၆။ ထို့နောက် ရေအနည်းငယ်ထည့်ပြီး ခရမ်းချဉ်သီး လိပ်အောင်၊ဆီပြန်အောင် တည်ထားပြီးမွှေပေးရပါမည်။ မီးပြင်းပါက အိုးကပ်တတ်၍ဖြစ်သည်။

၇။ခရမ်းချဉ်သီး လိပ်ပြီး ရေအနည်းငယ်ကျန်ချိန်၌ ကြက်သွန်ဖြူဓားပြားရိုက်ကို ထည့်ပြီးနောက် ကြော်ထားသော ငါးပုဏ္ဏားကို ခရမ်းချဉ်သီးချက်အိုးထဲထည့်ပြီး သမအောင်ဖြေးဖြေးချင်းမွှေပြီး မီးအေးအေးဖြင့် ခေတ္တနှပ်ထား ရပါမည်။

      ရေခြောက်သွားပြီး ဆီပြန်လာပြီဆိုပါက မီးဖိုပေါ်မှချပြီး စားလို့ရပါပြီ။ အရသာထူးခြားကောင်းမွန်သော ငါးပုဏ္ဏားဟင်းတခွက်ကို ရရှိပေမည်။

ငါးပုဏ္ဏားကို-

Phylum(မျိုးပေါင်းစုံ) -Chordata

Class    (အမျိုးအစား)-Actinopterygii

Order   (မျိုးစဉ်)       -Perciformes

Family   (မျိုးရင်း)    -Polynemidae

Renus    (မျိုးစု)       -Polynemus   

Species  (မျိုးစိတ်)   -P. Paradiseus တို့ဖြစ်ကြသည်။

ပင်လယ်ပြာ( ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်