နည်းစနစ်သစ်များဖြင့် ကျေးလက်ဒေသ မွေးမြူရေး တိုးတက်ကောင်းမွန်လာခြင်း

29/12/2017 15:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်ကြပေမယ့် ဆည်ရေမရတဲ့ဒေသတွေနဲ့ မိုးရေချိန်နည်းတဲ့ ဒေသတွေမှာ မွေးမြူရေးကို အဓိကလုပ်ကိုင်နေကြတဲ့ မန္တလေးတိုင်းဒေသကြီးက ကျေးလက်နေတောင်သူတွေရဲ့ အခြေအနေကို သွားရောက်မေးမြန်းထားတဲ့ အင်တာဗျူး အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဤအစီအစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ မန္တလေးတိုင်းဒေသကြီးမှာရှိကြတဲ့ ကျေးလက်နေပြည်သူတွေဟာ စိုက်ပျိုးရေးလုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းကို တွဲဖက်လုပ်ကိုင်လေ့ ရှိပါတယ်။ သို့သော် ဆည်ရေမရရှိတဲ့ နေရာမျိုးနဲ့ မိုးရေချိန် ရွာသွန်းမှု နည်းတဲ့နေရာမျိုးတွေမှာ မွေးမြူရေးလုပ်ငန်းကို အဓိကဦးစားပေး လုပ်ကိုင်ကြပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက် ပြီး ကိုယ်တိုင်သွားရောက် သတင်းရယူထားတဲ့ မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင် က တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ်။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ မန္တလေးတိုင်းဒေသကြီးရှိ လူဦးရေ ရဲ့ (၇၀)% ကျော်ဟာ မွေးမြူရေးပေါ်မှာပဲ အဓိက မှီခိုအားထား စားသောက်ကြ ရပါတယ်။ စီးပွားဖြစ် မွေးမြူတာထက် တစ်ပိုင်တစ်နိုင် မွေးမြူကြတာ ပိုများတဲ့ အတွက် တစ်ပိုင်တစ်နိုင် မွေးမြူရေးသမားတွေရဲ့ လုပ်ငန်းကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးခြင်းအားဖြင့် လူနေမှုဘဝ တွေ အဆင်ပြေလာသလို တစ်ဖက်ကလည်း တိုင်းပြည်ရဲ့အသားကဏ္ဍ ကုန်ထုတ်လုပ်ငန်းတွေပါ တိုးတက်လာမှာဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ-နယူးဇီလန် နို့စားနွားမွေးမြူဖွံ့ဖြိုးမှု စီမံကိန်းမှ ဒေါက်တာ ဇော်လင်းက အခုလိုရှင်းပြပါတယ်။ ဒါပေမဲ့ သဘောပေါက်ရမှာက မိ၇ိုးဖလာနည်းဟာ လိုအပ် ချက်များရှိနေကြောင်းနဲ့ တချို့ဟာ လက်တွေ့မှာ မလိုအပ်ကြောင်း သူကဆက်ပြောပါတယ်။ ဒီအထဲမှာ နွားသားပေါက် များ နို့ရည်လုံလောက်စွာ မရရှိခြင်းဟာ တချက်အပါအဝင် ဖြစ်ပါတယ်။

ဒေါက်တာဇော်လင်း။ ။ နွားပေါက်စလေးတွေဆိုလို့ရှိရင် တစ်ကောင်ကို တစ်ရက်ကို (၅) လီတာနှုန်းတိုက်ပြီး တော့မှ (၂) လပြည့်ပြီဆိုတာနဲ့ သားခွဲမယ်။ သားခွဲမယ့်အချိန်မှာ အနည်းဆုံးအလေးချိန်ဟာဆိုရင် (၁၂၀) (၁၃၀) ကီလိုဂရမ် ရှိရမယ်။ အဲ့ဒီလို ရှိမှသာလျင် အရွယ်ရောက်ပြီးတော့မှာ သားဆော့နိုင်မှာဖြစ်တယ်။ အဲ့ဒီ Target ထဲကို မဝင် ဝင်အောင် ကျွန်တော်တို့က နွားလေးတွေကိုစောင့်ရှောက်တဲ့ နည်းစနစ် အခုလောလောဆယ်မှာ အဓိက ဆောင် ရွက်နေတယ်။ အဲ့လိုပြည့်မီမှသာလျင် ဒီနွားလေးတွေ ဟာဆိုလို့ရှိရင် သူ့ရဲ့မျိုးရိုးအလိုက် သူ့အမေက နို့ထွက်နှုန်း ကောင်းတယ်ဆိုရင် သူကလည်းကောင်းကောင်းထွက် နိုင်မှာဖြစ်တယ်။ တကယ်လို့ သူ့အမေ နို့ထွက်နှုန်းကောင်း သော်လည်းပဲ (၂) လအတွင်းမှာ သားခွဲရမယ့်အချိန်မှာ ရှိသင့်ရှိထိုက်တဲ့အလေးချိန် မရှိခဲ့ဘူး ဆိုလို့ရှိရင် သူ့ရဲ့နို့ထွက် နှုန်းဟာဆိုလို့ရှိရင် သူ့မျိုးရိုးအလိုက် ထွက်သင့်ထွက်ထိုက်တဲ့ ထွက်နှုန်း ရရှိနိုင်မှာ မဟုတ်ပါဘူး။ ပြုစုသင့်တဲ့အချိန်မှာ မပြုစုနိုင်တဲ့ အတွက်ကြောင့်မို့လို့ အထွက်နှုန်းနည်းနေခြင်းဖြစ်တယ်။ အဲ့အတွက်ကြောင့် အကျိုးအမြတ်ကဆိုရင် နည်းနေတယ်။

နွဲ့နွဲ့ခိုင်။ ။ ဒီလို လက်တွေမှာ နွားတွေကို ဆီလျော်စွာကျွေးမယ် အာဟာရရှိအောင်ကျွေးမယ်ဆိုရင် မွေးမြူရေး သမားများရဲ့ နွားတွေဟာ နိ့အရည်အသွေး အမှန်တကယ် ကောင်းလာမှာဖြစ်ပါတယ်။ အခုဆိုထိုက်သင့်တဲ့ အကျိုး အမြတ်ရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေတဲ့အကြောင်း နွားမွေးမြူပြီး လုပ်ကိုင်စားသောက်နေတဲ့ အမရပူရ မြို့နယ် သာယာအေးရွာမှ ကိုမျိုးအေးက အခုလိုဆိုပါတယ်။

မျိုးအေး (နွားမွေးမြူသူ)။ ။ ကိုယ်တိုင်ရောင်းတာဆိုတော့ တစ်ပိသာကို (၁၂၀၀)လောက်တော့ ကျွန်တော် တို့ရတယ်။ ဖောက်သည်တွေပေးရတာ၊ လက်ဘက်ရည်ဆိုင်၊ အိမ်သောက်။ ညနေပိုင်းကျတော့ကျွန်တော် တို့က နို့ခဲလုပ်တယ်။ နေ့ခင်းလည်းလုပ်တယ် ဖောက်သည်လိုအပ်ချက်နဲ့ ။ နို့ခဲ ခဲတာကိုက နို့ ဟိုဟာလောက်ရှိတယ် (၇၀) တစ်ခါ တလေလည်း (၅၀)။ ကျွန်တော်တို့လို လူမျိုးတွေကျတော့ နည်းနည်းတော့မွေးတာပေါ့ နွားအပြတ်တော့ မခံဘူး။ ကျွန်တော်တို့ဆို မွေးလာတာ ဒေသနွားမွေးလာတာ အဘိုးအဘွားတွေ လက်ထက်ကနေ ကျွန်တော်တို့ လက်ထက်အထိ။ စီးပွားရေးလည်း ဖြစ်တာတော့ ဖြစ်တယ်ပေါ့ဗျာ ဒီ့ပြင်လုပ်ငန်းကြီးလောက်တော့ ကြီးကြီး ကျယ် ကျယ်တော့ မဖြစ်ဘူး။ ဒါပေမယ့် မိသားစု စားဖို့သောက်ဖို့လောက်တော့ အဆင်ပြေတယ်။ ကျွန်တာ်တို့ဆို ပညာတတ် တွေဖြစ်လာအောင် အဖေ အမေ တွေ ထားပေးနိုင်တယ် ဒီ နွားမွေးတဲ့လုပ်ငန်းတစ်ခုတည်းနဲ့။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ နွားစာကျွေးတဲ့အခါမှာ ချည်တိုင်ကို ချည်ကျွေးတဲ့အတွက် အစာမဝတာတွေ ဖြစ်တတ်တယ်။ ကျွေးတဲ့အခါမှာလည်း ကောက်ရိုးဟာ ရရှိဖို့လွယ်ကူပြီး စျေးချိူပေမဲ့ အဟာရမဖြစ်ဘူး။ ဒါ့အပြင် ရေကြီးပြီး ရေလွှမ်းမိုးမှု တွေကြောင့် နွားစာရှားပါးပြီး၊ စျေးနှုန်းကြီးမြင့်မှုတွေနဲ့ တွေ့ကြုံ ကြရပါတယ်။ ဒါ့ကြောင့် နယူးဇီလန် နို့စားနွားမွေးမြူဖွံ့ဖြိုးမှု စီမံကိန်းကနေ ကြီးထွားမှုနှုန်း မြန်တဲ့ မွမ်ဘာဇာမြက်မျိုးနဲ့ နေဗီယာမြက်မျိုးတွေကို စိုက်ပျိုးဖို့ အားပေးခဲ့တယ်။ ဒီမြက်မျိူး ဟာ အာဟာရပြည့်တဲ့အပြင် ပိုလျှံလာတဲ့မြက်တွေကိုလည်း မြက်ချဉ်ဖတ် လုပ်နည်းပါသင်ပေးတဲ့အတွက် နွေရာသီမှာ နွားစာဝယ်ဖို့မလိုအပ်တော့ပါဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက် ဆည်ကုန်းကျေးရွာနဲ့ အမရပူရမြို့နယ် သာယာအေး ရွာတို့မှ မြက်စိုက်ပျိုးသူတွေက အခုလို ပြောပါတယ် -

ရွာသားများ။ ။ အရင်တုန်းက ကောက်ရိုးနဲ့ သဘာဝမြက် အဲ့ဒါကိုပဲ ရှာကြံကျွေးနေရတယ်။ အခုကျတော့ ဒီ Newziland Project နဲ့ဆိုတော့ ဒီနွေရာသီကျွေးဖို့အတွက်ကို ကျွန်တော်တို့ မြက်ချဉ်ဖတ်တွေ ဘာတွေ သိပ်ပြီးတော့ လုပ်တယ်၊ တခြားတောင်သူတွေဆီကနေပြီးတော့ ဝယ်ပြီးတော့မှ ကျွန်တော်တို့ အဲ့ဒါမျိုး ချဉ်ဖတ်သိပ်ပြီးတော့ လုပ်ပါတယ် ခင်ဗျ။ 

အဆင်ပြေလာတယ် အစောပိုင်းတွေတုန်းက မိုးရွာမှလေ ဒေသမြက်ကပေါတာကိုး၊ ဒီကောင်ကျတော့စိုက်ထားတော့ (၁၅) ရက်လောက်နေရင် ပြန်ရိတ်ရတယ်ဆိုတော့ တစ်ဧကလောက် ကြဲထားလို့ရှိရင် နွား (၅) ကောင်လောက်က တော့ ပြီးပြီ။ နွားကျန်းမာရေးလည်း ကောင်းတယ်။ အရင်တုန်းက အခြောက်ချည်းပဲကျွေးတဲ့ဟာကတော့ သိပ်အဆင် မပြေဘူးဗျ နို့အရောင်ကိုက၊ ဒီလိုစစ်လိုက်တဲ့ ဟာထဲကို အနည်းအဖတ်တွေ။ အခုနောက်ပိုင်းတော့ နွားကျန်းမာရေး လည်းကောင်းလာတာပေါ့ အဲ့ဒါလည်းပါမှာပေါ့။ နောက် နေဗီယာမြက်ကျွေးတဲ့နွားတွေက ဟို နေတယ်ဗျာ (၈) သား (၉) သားအထိ ကျွန်တော်တို့ဆီတော့ထားကြတယ်။ မကျွေးတဲ့နွားကတော့ (၂) သား (၃) သား (၄) သား အဲဒါဆိုရင် သွားပြီ အဲ့ နောက်ပိုင်း မရတော့ဘူး။ မရတော့ဘူးဆိုတာ သူ့ကျန်းမာရေးကိုက ဖောက်လာတာ ဖွံ့ဖြိုးမှုလည်းမရှိဘူး။ 

နွဲ့နွဲ့ခိုင်။ ။ တိရိစ္ဆာန်တွေရဲ့ကျန်းမာရေးကို ဂရုစိုက်ဖို့ ဟာအလွန်မှအရေးကြီးပြီး နွားမွေးသူတွေအနေနဲ့ အလေးမထား ခဲ့ ရင်တော့ သူတို့ရဲ့တိရိစ္ဆာန်တွေ ကပ်ဆိုးကျရောက်နိုင်ပါတယ်။ တိရိစ္ဆာန် ကူးစက်ရောဂါတွေဖြစ်တဲ့အခါ မွေးမြူရေးနဲ့ ကုသ ရေးဦးစီးဌာနကိုသတင်းပေးပြီး စောစောကာကွယ် ကုသထိန်းချုပ်နိုင်ဖို့နဲ့ သတင်းပေးတဲ့လမ်းကြောင်းတွေမှာ ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမယ်ဆိုတဲ့ သင်တန်းတွေပို့ချပေးတယ်လို့လည်း မန္တလေးတိုင်းဒေသကြီး မွေးမြူရေး နှင့်ကုသရေး ဦးစီးဌာန တိုင်းဦးစီးမှူး (ညွှန်ကြားရေးမှူး) ဒေါက်တာရန်နိုင်စိုး က အခုလိုပြောပါတယ်။

ဒေါက်တာ ရန်နိုင်စိုး။ ။ သင်တန်းတွေကတော့ မွေးမြူရေးသမားအကြီးစားတွေနဲ့ ဒေသခံ တိ/ကု ဝန်ထမ်းတွေ ကို ပေးတဲ့ သင်တန်းတွေဖြစ်ပါတယ်။ အဲ့ဒီ့သင်တန်းတွေကို ရပြီးသွားရင် ကိုယ့်သက်ဆိုင်ရာ မြို့နယ်မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနမှ ရွာမှာရှိတဲ့လူတွေကိုခေါ်ပြီးတော့ သင်ပေးတဲ့ သင်တန်းပေါ့။ အဲ့ဒီ့သင်တန်းကလည်း (၂) မျိုး လုပ်ပေးတာ ဖြစ်တယ်။ တစ်ခုက အခြေခံတိရိစ္ဆာန်ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့သင်တန်းပေါ့။ လွယ်လွယ်ကူကူ နဲ့ တိရိစ္ဆာန် တစ်ကောင် နေမကောင်းဖြစ်ရင် ဘယ်လိုမျိုးလုပ်ရမလဲ ဘယ်လိုလေး အိမ်မှာရှိတဲ့ ဆေးမြီးတိုနဲ့ ဘယ်လို ကုမလဲ အဲ့ဒါရယ်။ နောက်တစ်ချက်ကကျတော့ တိရိစ္ဆာန် ကူးစက်ရောဂါတွေရှိတယ် တိရိစ္ဆာန်ကူးစက်ရောဂါတွေ ဖြစ်ပွားလာတဲ့အခါမှာ သတင်းစောစောပို့နိုင်ဖို့၊ သတင်းစောစောပို့ရင် စောစောကာကွယ် ထိန်းချုပ်နိုင်မယ်။ အသေ အပျောက်နည်းမယ် ကူးစက်မှု နည်းမယ် ဆိုတဲ့အလုပ်တွေ။ သူတို့ကို သတင်းပို့တဲ့ လမ်းကြောင်းတွေပေါ့ ဘယ်လို ဆက်သွယ် ဆောင်ရွက်ရမလဲဆိုတာ အဲ့ဒါလေးတွေ သင်ပေးတယ်။

နွဲ့နွဲ့ခိုင်။ ။ တိရိစ္ဆာန်တွေမှာဖြစ်တတ်တာကတော့ ခွာနာလျှာနာ၊ ပေါင်ပုတ် လက်ပုတ်နဲ့ ဒေါင့်သန်းရောဂါ တွေဖြစ်ပြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနမှာမှ ကာကွယ်ဆေးတွေလည်း အလကား လာထိုးပေးတယ်လို့ ကိုမျိုးအေး က ဆိုပါတယ်။ 

ကိုမျိုးအေး။ ။ လုပ်ပေးတယ်ဗျ ဒေသဆရာဝန်တွေက သူတို့ ခွာနာ လျှာနာဆေးတို့ တစ်နှစ်ကို (၃)ကြိမ်လောက် လာ လာထိုးကြတယ် အလကားထိုးပေးတယ်။ အရင်တုန်းကတော့ ပိုက်ဆံပေးရတယ် အခုနောက်ပိုင်း အလကား အလကားဆိုတာ ခွာနာလျာနာဆေးဆို ကျွန်တော်တို့ဆီ ဒီနွားတွေဖြစ်ရင် တအားဆိုးတာကိုး။ ခွာနာလျာနာ ကာကွယ် ဆေးဆိုရင် အခုနောက်ပိုင်း အလကား။ အရင်တုန်း ကဆိုရင် တစ်ကောင်ကို (၁၅၀၀) လောက်ကျတယ်။ (၁၅၀၀) တောင် ကျွန်တော်တို့ကထိုးတာပဲ။ ထိုးတာပဲဆိုတာက ဖြစ်ပြီးရင် မျိုးနဲ့နွားဆိုရင် ရှောတာပဲ၊ ခွာနာလျာနာဝင် လိုက်ရင်။ 

နွဲ့နွဲ့ခိုင်။ ။ နယူးဇီလန် ပရောဂျက်ကနေ မွေးမြူရေး လုပ်သားတွေကို ပေးတဲ့ အခြားအရေးကြီးတဲ့အချက် တချက် ကတော့ မှတ်တမ်းထားရှိဖို့ရန် ဖြစ်ပါတယ်။ ဒီလိုတိကျတဲ့မှတ်တမ်းထားရှိခြင်းဟာ မွေးမြူရေးသမားတွေ နွားပေါက်စ တွေကို ဘယ်လို ကောင်းအောင်ကျွေးမွေးရမလဲဆိုတဲ့ အမြင်ကိုရ၇ှိစေသလို မွန်ဘာစာမြက် စို်က်ပျိူးခြင်း ဟာလည်း ဝင်ငွေထွက်ငွေအပေါ် သက်ရောက်မှု ၇ှိလာပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ကုလားမတောင် ကျေးရွာ ရွှေအိုး နွားမွေးမြူရေးခြံမှ ကိုကျော်စိုးလင်းကတော့ အရင်က နွားမွေးမြူတဲ့အခါမှာ နွားခြံ မှတ်တမ်းတွေ မထားရှိခဲ့ကြောင်းနဲ့ မှတ်တမ်းထားရှိခြင်းရဲ့ အကျိူးကျေးဇူတွေနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။ 

ကိုကျော်စိုးလင်း။ ။ နွားခြံမှတ်တမ်းတွေရော နားကပ်တွေတပ်ပြီးတော့ မှတ်တမ်းတွေ လုပ်တဲ့အချိန်မှာလည်း အများကြီး တိုးတက်မှု ရလာပါတယ်။ နွားလေးတွေ ပြုစုစောင့်ရှောက်တာတွေအများကြီး တိုးတက်လာတယ်။ နို့ သန့်ရှင်းရေးအပိုင်းတွေလည်း တိုးတက်လာတယ်။ ကျွန်တော်တို့ မဒမ်းဆိုရင် (၂) နှစ်ဆိုရင် သားစပေါက်ပါပြီ၊ အရင် တုန်းကဆိုရင် ကျွန်တော် တို့ သေချာဂရုမစိုက်တော့ (၃) နှစ်မှ ပေါက်ပါတယ် တစ်နှစ်လောက်ဆုံးရှုံးမှုရှိတယ်။ မြက်ကျတော့ နယူးဇီလန် ပရော့ဂျက် က ထောက်ပံ့ပေးထားတဲ့ ဆိုတဲ့မြက်ကို ကျွန်တော်တို့ (၃) ဧကစိုက်ပြီးတော့ အခု နနက်လေးတွေ ကျွေးလောက်ပါတယ်။ 

ကလေးရဲ့ တစ်လ တစ်လ ဘော်ဒီဝိတ်တိုင်းလိုက်ရင် အခုနောက်ပိုင်း ဒီမြက်ကိုကျွေးတာ ကြီးထွားနှုန်းက အရင်နဲ့ ကတော့ တခြားစီပါပဲ အများကြီးတိုးတက်မှုရှိပါတယ် အခုဟာက။ အရင်တုန်းက ကျွန်တော်တို့ ဒီကောက်ရိုးနဲ့ ဒီဒေသမြက်တွေ ကျွေးတဲ့အချိန်တုန်းက ဘော်ဒီဝိတ်က ကြီးထွားနှုန်းနည်းနည်းနှေးပါတယ်။ အခုနောက်ပိုင်းမှာ မွန်ဘာဇာကို စိုက်ပြီးတော့ သေချာကျွေးပြီးတော့မှ ဘော်ဒီဝိတ်တိုင်းတဲ့အချိန်မှာ ကြီးထွားနှုန်းကအရင်ထက် အများ ကြီးပိုပါတယ်။ နို့ထွက်နှုန်းကျတော့ အရင်တုန်းက ပိသာ (၁၀၀) ကျော်ပဲထွက်ပါတယ်။ ဒီနောက်ပိုင်းမှာ ကျွန်တော်တို့ သေချာ မှတ်တမ်းတွေ နားကပ်တွေနဲ့ သေချာ အလေးချိန်တွေ တစ်ကောင်ချင်းစီရဲ့ နို့ထွက်နှုန်းတွေကိုချိန်တဲ့အခါမှာ တိုးတက်မှုက အခုဆိုရင်ပိသာ (၄၀၀) ကျော်လောက်ရပါတယ်။ (၃) ဆလောက် နီးပါး တက်လာပါတယ်။ ဝင်ငွေ များကျတော့လည်း အကျိုးအမြတ်တော်တော် ရလာပါတယ်။ 

နွဲ့နွဲ့ခိုင်။ ။ မန္တလေးတိုင်းဒေသကြီးမှာ ဆိတ်မွေးမြူရေးဟာလည်း ထွန်းကားပါတယ်။ အများအားဖြင့်တော့ မိ၇ိုးဖလာ အတိုင်း လမ်းဘေးမှာပဲ လွတ်ထား ကြပါတယ်။ ဆိတ်ဟာ နိုင်ငံတွင်းမှာ သိပ်ပြီး မထင်ပေါ်ပေမဲ့ ပြည်ပမှာ တော်တော် စျေးကောင်းရပါတယ်။ အစာကောင်းကျွေးပြီး အလေးချိန်အတိုင်းအတာတစ်ခုအထိ ၇ှိမယ်ဆိုရင်တော့ ပြည်ပမှာ စျေးကွက် ၇ှိတယ်ဆိုတာ ဆိတ်မွေးသူတိုင်း သိသင့်ပါတယ်။ ယခု ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ရဲ့ ထောက်ပံမှုနဲ့ ဆိတ် မွေးမြူရေးကို စနစ်တကျ သင်ကြားပေး နေပါတယ်။ အဲ့ဒီလိုအဆင်ပြေနိုင်ဖို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန ရုံးချုပ် ကနေပြီးတော့ ဆက်စပ်ဌာနအချင်းချင်းရော ကျန်တဲ့အိမ်နီးချင်းနိုင်ငံတွေနဲ့ပါ ဆက်သွယ်ဆောင်ရွက်နေတာတွေ ရှိပါ တယ်လို့ ဒေါက်တာရန်နိုင်စိုးက ဆိတ်မွေးတောင်သူတွေကို အခုလို သတင်းစကားပါးလိုက်ပါသေးတယ်။

ဒေါက်တာ ရန်နိုင်စိုး။ ။ ဆိတ်မွေးတဲ့တောင်သူတွေကို ကျွန်တော်ပြောချင်တဲ့သတင်းစကား တစ်ခုကတော့ ဒီဆိတ် မွေးမြူရေးကို သေသေချာချာလုပ်မယ်၊ နောက်တစ်ခုက ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ အဲ့ဒီ့ရရှိလာတဲ့ ဆိတ်မွေးတဲ့ နည်းပညာနဲ့ ဘယ်လိုမွေးရင်ကောင်းမလဲ ဆိုတာလေးတွေနဲ့ သေသေချာချာ လိုက်နာ ဆောင်ရွက်မယ်ဆိုရင် ကိုယ်ဘက်ကလည်း အဆင်သင့် ဖြစ်နေမယ်၊ ဆိတ်တွေကလည်း ကျန်းကျန်းမာမာ ၀၀ဖြိုးဖြိုး နဲ့ တကယ့် ရောင်းပန်းလှတဲ့ ဆိတ်တွေဖြစ်နေမယ်၊ ကျွန်တော်တို့ဒီဘက် အဖွဲ့အစည်းတွေကလည်း တရားဝင် လမ်းကြောင်းနဲ့ ရောင်းဝယ်ဖောက်ကားဖို့ ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် အဲ့ဒီမှာ ဆုံမှတ်တစ်ခုကို ရောက်သွားရင် ဒါတောင်သူတွေ တော်တော်ကို စီးပွားရေး အဆင်ပြေလာမယ်လို့ ကျွန်တော် ရဲရဲကြီး ပြောရဲ ပါတယ်။

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ ယခုအစီအစဉ်တွင် မန္တလေးတိုင်းဒေသကြီးမှာရှိကြတဲ့ ကျေးလက်နေပြည်သူတွေဟာ အခုဆိုရင် နွားမွေးမြူရေးအပြင် ဆိတ်ကိုပါ အိမ်နီးချင်းနိုင်ငံတွေကို တင်ပို့ရန် ဦးတည်ချက်ထားပြီးတော့ မွေးမြူ သွားရင် တောင်သူတွေရဲ့ လူမှုစီးပွား ဘဝတွေလည်း တိုးတက်လာမှာဖြစ်တယ် ဆိုတာကို မြန်မာ့အသံရဲ့ အကြီးတန်း အယ်ဒီတာ မနွဲ့နွဲ့ခိုင်က မန္တလေးတိုင်းဒေသကြီးကို ကိုယ်တိုင်သွားရောက် မေးမြန်းတင်ဆက်ပေးခဲ့တာပဲ ဖြစ်ပါတယ် ခင်ဗျာ။ အခု အစီအစဉ်ကို သောတရှင်များ သဘောကျနှစ်ခြိုက်ကြမယ်လို့ ထင်ပါတယ်။ တကယ်လို့ သောတရှင်များ မွေးမြူရေးနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်များပိုမို သိရှိချင်တယ်ဆိုရင် မိမိတို့နေထိုင်ရာ မြို့နယ်များရှိ မွေးမြူရေးနှင့်ကုသရေးဦးစီ ဌာနများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်