ရခိုင်ပြည်နယ် ရေချို ငါးဖမ်းလုပ်ငန်း ဥပဒေနှင့် ရေလုပ်သားများ၏လူမှုဘဝ

20/12/2017 22:16 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

ရေချိုငါးဖမ်းလုပ်ငန်းဥပဒေပေါ်ထွက်ခဲ့ပေမဲ့ နည်းဥပဒေမထွက်သေးတဲ့အတွက် ဥပဒေရဲ့ အကျိုးကျေးဇူးကို အပြည့် အဝမခံစားရသေးသော်လည်း Livelihoods and Food Security Trust Fund ရံပုံငွေနဲ့ ထူထောင်ထားတဲ့ ရခိုင်ကမ်းရိုးတန်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ လှည့်ပတ်ရံပုံငွေမှ ရေလုပ်သားများအတွက် အခြားလုပ်ငန်း လုပ်ကိုင်နိုင်ရန်နှင့် အပိုဝင်၍ငွေရရှိစေရန်အတွက် ရင်းနှီးမတည်ငွေတွေ ရရှိနေပီဆိုတဲ့ ဂွမြို့နယ်နဲ့ ကျိန္တလီ မြို့နယ်တို့ကို သွားရောက်မေးမြန်းထားတဲ့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဤအစီအစဉ်လေးကို UNESCO, LIFT , မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ သောတရှင်များ မင်္ဂလာပါ ခင်ဗျာ… ဒီကနေ့ တင်ဆက်ပေးမှာကတော့ ကျေး လက်နေ ပြည်သူတွေရဲ့ ရေရှည်တည်တံ့တဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်များအကြောင်း အစီ အစဉ်တွေထဲက တစ်ခုဖြစ်တဲ့ ရခိုင်ပြည်နယ် ရေချိုငါးဖမ်းလုပ်သားတွေရဲ့ ဘဝအကြောင်းကို မြန်မာ့အသံ အကြီးတန် အယ်ဒီတာ မနွဲ့နွဲ့ခိုင်က စုစည်းတင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ရေချိုငါးဖမ်း လုပ်ငန်း ဥပဒေရဲ့ ရေလုပ်သားတွေအပေါ် အကျိုးသက်ရောက်မှုတွေ၊ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်မှု နဲ့ ဒေသခံ ငါးဖမ်းလုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး တွဲဖက်အကောင်အထည်ဖော်မှုတွေက ရေလုပ်သားတွေကို ဘယ်လိုအကူအညီ တွေပေးနေသလဲဆိုတဲ့အကြောင်းအရာတွေကို ဂွမြို့နယ်နဲ့ ကျိန္တလီမြို့နယ်ခွဲတို့မှာ သွားရောက်လေ့လာ တင်ပြထားခြင်း ဖြစ်ပါတယ်။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေနဲ့ ပါဝင်သင့် ပါဝင် ထိုက်သူတွေ အားလုံးပါဝင် ရေးဆွဲထားတဲ့ ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်း ဥပဒေကို ရေးဆွဲပြီး ရခိုင်ပြည် နယ် လွှတ်တော်တွင် ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေဟာ ဒေသခံ ရေလုပ်သား များ၏ လိုအပ်ချက်များနဲ့ အနီးစပ်ဆုံးနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ ပြဌာန်းချက်တွေ ပါဝင်တယ်လို့ သိရပါ တယ်။ ၎င်းဥပဒေထဲမှာ အားသာတဲ့အချက် တစ်ချက်ကတော့ ကျေးလက်အစုအဖွဲ့ပိုင်ကဏ္ဍ ပါဝင်နေတာပဲ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ငါးဖမ်းဧရိယာမှာ ရာသီလိုက်စနစ်တကျ ဖမ်းယူနိုင်ဖို့ အချို့ရှားပါး ငါးမျိုးစိတ်တွေကို မဖမ်း ဆီးဖို့တွေ ဥပဒေအသစ်မှာ ပါဝင်တာကို လေ့လာတွေ့ရှိရပါတယ်။ ဒါ့အပြင် ဒီရေတောတွေဟာ ငါးများ သားပေါက်ရာ နေရာဖြစ်တဲ့အတွက် ကာကွယ်စောင့်ရှောက်ရန် ဖော်ပြထားတဲ့အတွက် ဒီဥပဒေဟာ ရေချို ငါးဖမ်းလုပ်ငန်း အပေါ်များစွာ ထောက်ပံ့ပေးနိုင်တဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။ အားနည်းချက်ကတော့ နည်း ဥပဒေ လိုအပ်နေ သေး တာပဲဖြစ်ပါတယ်လို့ ကျိန္တလီမြို့နယ် ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ကြည်က အခုလို ပြောပါတယ်။

ဒေါက်တာ ခင်မောင်ကြည်။ ။ ရေလုပ်သားတွေ လိုက်နာဖို့ဘက်က ဥပဒေကို အခု နားလည်နေတာ ထက် ပိုနားလည်ဖို့လိုတယ်။ ဒီဥပဒေကို လိုက်နာဖို့အတွက် လက်တွေ့ကျင့်သုံးဖို့အတွက် နည်းဥပဒေက ပိုပြီးအရေးကြီးပါတယ်။ ဒီနည်းဥပဒေကို ပြဋ္ဌာန်းပြီးရင် ရေလုပ်သားတွေကိုရော သက်ဆိုင်ရာ Stakeholder တွေကိုပါ ရှင်းပြဖို့ရှိပါတယ်။ ရေချိုငါးလုပ်ငန်းဥပဒေထဲမှာ ရေငန်ပိုင်းလည်းပါတယ်၊ ပိုက်ကွင်းစိတ်ကလေး တွေနဲ့ (မြစ်) အောက်နားမှာ လုပ်ထားတွေရှိတယ်ပေါ့နော်၊ အဲ့ဒါမျိုးတွေကြတော့ ကျနော်တို့ ဥပဒေအရ ဘယ်လိုမှခွင့်ပြုလို့ မရဘူး။ အဲ့ဒီဟာတွေကိုလည်း သက်ဆိုင်ရာကျေးလက် မိမိဧရိယာတွေထဲမှာ ရေလုပ် သား ဒီလူတွေ ကနေပြီးတော့ ဥပဒေနဲ့အညီ ငါးဖမ်းဧရိယာလေးတွေ ငါးဖမ်းပိုက်ရဲ့ အကွက်အစိတ်တွေကို ပါ အများသဘောနဲ့ ဆုံးဖြတ် ပြီးတော့ လုပ်ဖို့အတွက်ကိုအထိ ကျနော်တို့ ပြင်ဆင်နေပါတယ်။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ ရခိုင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပဒေထဲမှာ ကျေးလက်ငါးဖမ်းအဖွဲ့စည်း လို့ ခေါ်တဲ့ အဖွဲ့တွေကို ထိုက်သင့်တဲ့ ငွေကြေးပံ့ပိုးမှုများ ဆောင်ရွက်ပေးရမယ်ဆိုတဲ့ အချက်ပါရှိပါတယ်။ ယခု လောလောဆယ်မှာတော့ ငါးမဖမ်းရတဲ့ ရာသီတွေမှာ ရေလုပ်သားတွေ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး၊ Livelihoods and Food Security Trust Fund ရံပုံငွေနဲ့ ထူထောင်ထားတဲ့ ရခိုင်ကမ်းရိုးတန်း ဒီရေတော ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့ရဲ့ လှည့်ပတ်ရန်ပုံငွေမှ ရေလုပ်သားများ အခြားလုပ်ငန်းလုပ်ကိုင်နိုင်ရန်နဲ့ အပိုဝင်ငွေရရှိရန် အတွက် ရင်းနှီးငွေမတည်ပေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

ဒေါက်တာ ခင်မောင်ကြည်။ ။ ရေချိုငါးလုပ်ငန်းဥပဒေရဲ့အောက်ကနေ အစုအဖွဲ့ပိုင်ငါးလုပ်ငန်းကို ဖော် ဆောင်တဲ့ကာလမှာ ဂွမြို့နယ်အနေနဲ့ ရေချိုငါးဖမ်းလုပ်သားတွေကို ငွေကြေးထောက်ပ့ံ့တာတွေကို ဆောင်ရွက် နေပြီ။ ဒီလို ငွေကြေးတွေ ကျေးရွာအလိုက်မှာ ထောက်ပံ့မှုပေးခြင်းအားဖြင့် ငါမဖမ်းရတဲ့ အချိန် မျိုးတွေမှာ အိမ်မှာ ဝက်မွေးတာ၊ ကြက်မွေးတာကအစ စသည်ဖြင့်ပေါ့ ကျနော်တို့ စီမံကိန်းကထောက်ပံ့တဲ့ ငွေကြေးကို သူတို့မိသားစုရဲ့ ဝင်ငွေ တစ်ဖက်တစ်လမ်းက တိုးတက်ဖို့အတွက်ကို အများကြီး အထောက် အပံ့ ဖြစ်ပါတယ်။

နွဲ့နွဲ့ခိုင်။ ။ ဒါကတော့ ရေလုပ်သားများကို အသေးစား ငွေအရင်းအနှီး ထောက်ပံ့ပေးပုံအကြောင်း ဒေါက်တာ မောင်မောင်ကြည် ရှင်းပြခဲ့တာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရေချိုငါးလုပ်ငန်းဥပဒေ မရှိခင် တုန်းက ဒေသတွင်း ငါးသယံဇာတ စောင့်ရှောက်မှု တွေနည်းပါးပြီး၊ ငါးများဆုံးရှုံးမှုကို ကာကွယ်ထိန်းသိမ်း နိုင်မှု မရှိခဲ့သလို ငါးများသားပေါက်ရာ ဒီရေတောတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်မှု မရှိခဲ့ပါဘူး။ ယခုဥပဒေ ပေါ်ထွက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ယခင်ကလောက် ငါးပေါများမှုမရှိသေးသော်လည်း၊ ငါး သယံ ဇာတ ထိန်းသိမ်းမှုများ ရှိလာပြီး၊ ဒေသခံ အိမ်ထောင်စုများ စားသုံးဖို့အတွက် ဖူလုံတယ်လို့ဆိုပါတယ်။ ဒေသခံတွေကတော့ ငါးပေါများမှုရှိလာအောင် ငါးမျိုးစိတ် တွေစိုက်ထည့် ပေးစေချင်နေတယ်လို့ ဂွမြို့နယ် ဂန့်ကော်တောင် ကျေးရွာ Integrated Community Fishery Project မှ အတွင်းရေးမှူး ဆလိုင်းတင်ထွေး ကလည်း အခုလို ရှင်းပြပါတယ်။

ဆလိုင်း တင်ထွေး။ ။ ၁၉၇၀ ခုနှစ် လောက်ကစပြီးတော့ ကျနော်တို့ဒေသဟာ ငါးကိုစောင့်ရှောက်နိုင် တာက နည်းနည်းရယ်၊ အခုကြတော့ ၂၀၁၄ ခုနှစ် ဒီဖက်နောက်ပိုင်းမှာ လိုအပ်တဲ့ လုံခြုံရေးအတွက် ပြည်သူ့ရဲ တွေကပါ ပူးပေါင်းဆောင်ရွက်လာကြတော့ အရင်လိုစည်းမဲ့ကမ်းမဲ့ မဖမ်းဆီးရဲတော့ဘူး။ ငါးဖမ်း တဲ့ မသမာတဲ့ နည်းလမ်းနဲ့ ဖမ်းယူမှုတွေ အတော်လေးကင်းသွားပါတယ်။ ငါးဖမ်းဖို့အချိန်ရယ် မဖမ်းရမယ့် အချိန်ရယ် ကျနော်တို့ ကန့်သတ်ချက်ရှိတယ်။ အဲ့ဒါ အရေးအကြီးဆုံးဘဲ။ ငါးရစ်ငါးသန်ပေါ့ ငါးမျိုးဥတွေရှိနေ တဲ့ အချိန်တွေမှာ မဖမ်းရင် ငါးက ပြန့်ပွားနှုန်း ပိုများပါတယ်။ အရင်ကလောက်မပေါပေမယ့် တစ်အိမ်ထောင် ချင်း စားဖို့အတွက်ကတော့ ဖူဖူလုံလုံရပါတယ်။ နောက်တစ်ခုမေတ္တာရပ်ခံချင်တာက ကျနော်တို့ ဒီရေချိုထဲ မှာ တတ်နိုင်ရင် ဒေသအတွက် ငါးပိုပြီးတော့ပေါများလာအောင် ငါးမျိုးတွေ စိုက်ထည့်ပေးဖို့ မေတ္တာရပ်ခံလို ပါတယ်။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ ရေချိုငါးဖမ်းလုပ်ငန်းဥပဒေ ပေါ်ထွက်ခဲ့ပြီး ရေလုပ်သားတွေရဲ့ဘဝ တိုးတက်မှု ရှိခဲ့ပေမယ့် နည်းဥပဒေ အတည်မပြုရသေးတဲ့အတွက် အဖွဲ့အစည်းတွေအနေနဲ့ တရားဝင် လုပ်ကိုင်ခွင့်တွေ အပြည့်အဝ မရရှိကြသေးပါဘူး။ အလားတူ ကျေးရွာတွေအနေနဲ့လည်း ပြည့်ဝတဲ့ အကျိုး ကျေးဇူးတွေ မခံစားရသေးပါဘူး။ ဒါကြောင့် နည်းဥပဒေအတည်ပြုပြီးရင် သက်မွေး-မ်းကြောင်း ထောက်ပံ့ ငွေတွေကို ကျေးရွာအဖွဲ့ဝင် အချိုးအစားအလိုက် ပေးသွားဖို့ ရှိနေပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း တကယ်အရင်း အနှီး လိုအပ်တဲ့သူတွေကို တရားဝင် မှတ်ပုံတင်ပေးပြီးရင် ၂၀၁၄ ခုနှစ် ရခိုင်ပြည်နယ် ရေချို ငါးလုပ်ငန်းဥပဒေထဲ မှာပါတဲ့အတိုင်း ချေးငွေများထုတ်ချေးပေးသွားမှာ ဖြစ်တယ်လို့ ရခိုင်ကမ်းရိုးတန်းဒေသ Community Fishery အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဦးအောင်မျိုးနိုင်ကလည်း အခုလိုရှင်းပြခဲ့ ပါတယ်။

ဦးအောင်မျိုးနိုင်။ ။ နည်းဥပဒေမထွက်သေးတဲ့အတွက်ကြောင့် ဌာနဆိုင်ရာဖက်က တရားဝင်လုပ်ခွင့် မရနိုင် တဲ့ အပိုင်းလေးတွေ ရှိတဲ့အခါ ရခိုင်ပြည်နယ်ရေချိုငါးလုပ်ငန်း ဥပဒေရဲ့အကျိုးကျေးဇူးကို ခံစားတဲ့နေရာမှာ ပြည့်ပြည့်ဝဝ ခံစားခွင့် မရှိသေးဘူးပေါ့။ ရခိုင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေမှာပါတဲ့ အဖွဲ့အစည်းတွေဟာ မိမိကျေးရွာပိုင်ဆန္ဒပြု ရေပြင်တွေကိုကာကွယ်စောင့်ရှောက် နိုင်တယ်။ တရားမဝင်နည်းတွေနဲ့ ဖမ်းမယ် ဆိုရင် တားဆီးနိုင်တယ်၊ ဒါပေမယ့် နိုင်ငံတော်အစိုးရ အနေနဲ့ နည်းဥပဒေ အတည်ပြုပြဌာန်းမှုမပြီးသေးတဲ့ အခါ ဒီအဖွဲ့တွေအတွက် အစိုးရဆီက ချေးငွေဆိုတဲ့ဟာ လောလောဆယ်က အကောင်အထည်ဖော်လို့ မရသေးဘူး။ နည်းဥပဒေထွက်ပြီးတဲ့အခါ ဒီအဖွဲ့တွေကို အစိုးရက တရားဝင်မှတ်ပုံတင်ပေးပြီးတော့ ဥပဒေ ထဲမှာဆိုထားပြီးသား အဖွဲ့ဝင် (၅၀) နဲ့ (၅၀) အောက်ကို သိန်း(၅၀) ချေးပေးပါ့မယ်။ ရခိုင်ပြည်နယ် ရေချို ငါးလုပ်ငန်း ဥပဒေထဲမှာ အတိအကျ ဆိုထားပါတယ်။

နွဲ့နွဲ့ခိုင် (သတင်းထောက်)။ ။ ရခိုင်ပြည်နယ် ဂွမြို့မှာရှိတဲ့ ဂွချောင်းဟာဆိုရင် ပင်လယ်ဝကိုထွက်တဲ့ ပင်လယ်ထွက်ပေါက် တစ်ခုဖြစ်ပါတယ်။ ကျမတို့အဖွဲ့ဟာ ဂွချောင်းရဲ့ ဆိပ်ခံဗောတံတားကနေ မနက် စောစော စက်လှေစီးပြီး ဒီရေတောအများအပြား ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ကမ်းခြေတစ်ခုဆီ ထွက် လာခဲ့ပါတယ်။ ဒီရေတောရေပြင်ကနေ မလှမ်းမကမ်းကို လှမ်းကြည့် လိုက်တဲ့အခါမှာတော့ အုန်းပင်လေး တွေက စိမ်းစိုစို လှေလေးတွေက လှုပ်စိစိနဲ့ အနီးကကျွန်းပေါ်ကို လှမ်းကြည့်လိုက်အခါမှာ ကလေးတွေ ပြေးလွှားဆော့ကစားနေတာကို တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းက ကျမတို့အဖွဲ့ရဲ့စိတ်ကို ညို့ယူဖမ်းစား လိုက်တဲ့အတွက် စက်လှေကို ကျွန်းဘက်ကပ်မောင်းခဲ့ပြီး ကမ်းပေါ်တက်ကြည့် လိုက်တဲ့အခါမှာ “ကံငူ” လို့ ခေါ်တဲ့ ရေလုပ်သား အများအပြား နေထိုင်တဲ့ ရွာကလေးဖြစ်မှန်း သိလိုက်ရပါတယ်။ အံ့သြစရာကောင်းနေ တာက ဝေးလံခေါင်းဖျားလွန်းတဲ့ ဒီရေတောနားက ရွာစွန်လေးဟာ လျှပ်စစ်မီးကို ရယူသုံးစွဲနိုင်တာပဲ ဖြစ်ပါ တယ်။ အရမ်းကိုစိတ်ဝင်စား စရာကောင်းတဲ့ ကိုယ်ထူကိုယ်ထ ကျေးရွာလေးတစ်ရွာကို တွေ့လိုက်ရတဲ့ အတွက် ဘယ်လို ဖြစ်ထွန်းတိုးတက်လာတယ် ဆိုတာကို မေးကြည့်လိုက်တဲ့အခါမှာ ကံငူ ကျေးရွာသူ ကျေးရွာသားတွေက အခုလို ပြောပြကြတယ်။

ကံငူကျေးရွာသား (၁)။ ။ ဒီရွာမှာစာသင်ကျောင်းလည်းမရှိဘူး ဘုန်းကြီးကျောင်းလည်းမရှိဘူး။ (၂၈) သိန်း တန် ခြံတစ်ကွက် ကျောင်းမြေအတွက် ဝယ်ပေးတယ်။ အဖွဲ့ဝင်ထဲက ဘယ်သူပဲ ဆေးရုံတက်တယ် (၂၀၀၀၀) ကူပေးတယ်။ နာရေးဆိုလည်း ဘယ်သူပဲဖြစ်ဖြစ် (၂) သောင်းပေးတယ်။ အခု ကျမတို့မှာ စက်လှေတစ်စီးကို အနည်းလေး သိန်း (၄၀) ကျော်တယ်။ အခု စက်လှေ (၉) စင်းရှိတယ်။ အရင်တုန်းကဆို စက်လှေကို မြင်တောင် မမြင်ဖူးဘူး။ အိမ်မက်တောင် မမက်ဖူးဘူး။ လက်နဲ့လှော်တဲ့လှေကလေးတောင် သူများဆီကငှားပြီးတော့ ထင်းသွားခုတ်၊ အဲ့ထင်းကို ညမိုးချုပ်တဲ့အထိခုတ်ပြီး မိသားစုအကုန် လုပ်ကိုင် စားရတယ်။ အခုကျတော့ သူများရွာက ထင်းခုတ်ဖို့ ငါးဖမ်းဖို့ လှေငှားစရာမလိုတော့ဘူး ကိုယ့်ရွာမှာ လှေပိုင် တွေအကုန် ဖြစ်ကုန်ပြီပေါ့။ အဲ့ဒါက (Lift Fund ရဲ့ ဒီရေတောစီမံကိန်း) အကျိုးကျေးဇူးလေးပေါ့။

ကံငူကျေးရွာသား (၂)။ ။ အယင်တုန်းက သူများဆီမှာလုပ်ရတယ်။ အခုဆိုရင် ဒီရေတော့(စီမံကိန်း) ပေါ် လာတော့ လုပ်တဲ့အပေါ် မူတည်ပြီးတော့ သူတို့ ကျနော်တို့ကို ပံ့ပိုးမှုတွေပေးပါတယ်။ လှေမရှိရင် လှေဝယ် ပေးတယ်၊ စက်မရှိရင် စက်ဝယ်ပေးတယ်။ အချိုးကျ ပြန်ဆပ်ရပါတယ်။ အရင်ကဆိုရင် တစ်သိန်းဖိုးလုပ်ရင် သူများကို ၅ သောင်းပေးရတယ်။ ကျန်တဲ့ ၅ သောင်းကိုမှ ကျွန်တော်တို့က ၂ ယောက် ခွဲယူရတယ်။ အခု ကျတော့ သူတို့ ပံ့ပိုးပေးထားတာတွေနဲ့ လုပ်ကိုင်စားသောက်တဲ့အခါ အချိုးကျ ဆပ်မှန်းမသိ ဆပ်ရင်းနဲ့ဘဲ ကြေသွားတယ်။ အခုဆိုရင် လှေလည်း ကျနော့်မှာ ကိုယ်ပိုင်ဖြစ်သွားတယ်၊ စက်လည်း ကိုယ်ပိုင်ဖြစ်သွား တယ်။ သူတို့ ပံ့ပိုးမှုနဲ့ အိုးပိုင်အိမ်ပိုင်နဲ့ တူတူတန်တန် ဖြစ်သွားတယ်။

နွဲ့နွဲ့ခိုင်။ ။ ဒီရေတောတွေ ထိန်းသိမ်းတာကို မလုပ်မဖြစ်လုပ်ရပါမယ်။ ဒါမှသာ ငါးမျိုးစိတ်အမျိုးမျိုး ဒီရေတောအတွင်း သားပေါက်နိုင်မှာဖြစ်ပြီး မြစ်ချောင်းအင်းအိုင်တွေထဲ ရောက်ရှိကျက်စားကာ ငါးသယံ ဇာတ လျော့နည်းမသွားမှာ ဖြစ်ပါတယ်။ ဒီရေတောထဲက သစ်တစ်ပင်ကို ထိန်းသိမ်းခြင်းအားဖြင့် အမြစ် အကိုင်းရှိသမျှ နေရာအားလုံးဟာ ပတ်ဝန်းကျင်မြေလွှာကို ထိန်းသိမ်းနိုင်တဲ့အတွက် ကမ်းပါးတိုက်စား ပြိုကျ မှုဒဏ်ကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ပင်လယ်ကမ်းခြေတွင် နေထိုင်ကြသူများအတွက် ဆိုင်ကလုန်း မုန်တိုင်း၊ ဒီရေလှိုင်းများဒဏ်မှလည်း ကာကွယ်နိုင်ပါတယ်။

ဇင်ဝိုင်း (တင်ဆက်သူ)။ ။ ရခိုင်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေ ပေါ်ထွက်လာတဲ့အတွက် ရေလုပ်သား တွေရဲ့ဘဝ တိုးတက်လာပေမယ့် နည်းဥပဒေမထွက်သေးတဲ့အတွက် ရေလုပ်သားတွေနဲ့ အဖွဲ့အစည်းတွေ ဟာ ပြည့်ဝတဲ့အကျိုး ခံစားခွင့်တွေ မရရှိကြသေးပါဘူး။ ဒီရေတောတွေထိန်းသိမ်းနိုင်ဖို့အတွက် ရေချိုငါး လုပ်ငန်းဥပဒေကို လိုက်နာဖို့ဟာ အရေးကြီးတဲ့အချက် ဖြစ်လာပါတယ်။ ဒါ့အပြင် ဤအစီအစဉ်မှ ဒီရေတော ထိန်းသိမ်းခြင်း အားဖြင့်ရရှိလာတဲ့ အကျိုးအမြတ်ကြောင့် တစ်ချိန်က ဆင်းရဲနွမ်းပါးတဲ့ ကံငူ ရွာကလေး ဘယ်လို ဖွံ့ဖြိုးတိုးတက်လာတယ် ဆိုတာကို တင်ပြပေးခဲ့တာ ဖြစ်ပါတယ်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်