မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသမှာရှိတဲ့ တောင်သူလယ်သမားတွေဟာ ဖြေရှင်းလို့မရတဲ့ပြဿနာနဲ့အတူ အိမ်မက်ဆိုးတစ်ခုလိုမျိုး ၂၀၂၅ ခုနှစ်မှာ ရင်ဆိုင်နေခဲ့ကြရတာပါ။ အကြောင်းကတော့ သူတို့မှာ စပါးအထွက်နှုန်းတွေ အဆမတန်များနေပေမဲ့ ရောင်းချဖို့ရာစျေးကွက်မရှိတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
လက်ရှိဘာတွေဖြစ်နေလဲ ?
မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသက လယ်သမားအများစုဟာ စပါးစိုက်ပျိုးရေးအပေါ်မှာ အကြီးအကျယ် ပုံအောပြီးရင်းနှီးမြှုပ်နှံခဲ့ကြပေမဲ့ လက်ရှိမှာတော့ သူတို့ရဲ့ စပါးတွေကို ရောင်းချလို့မရဖြစ်နေရတယ်လို့ The New York Times သတင်းစာမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ နွေဦးရာသီတုန်းက စပါးစျေးဟာ ၁ bushel (အမေရိကန်တွင်အသုံးပြုသော သီးနှံတိုင်းတာသည့် ယူနစ်) ကို ၇ ဒေါ်လာအထိ စျေးတက်ခဲ့တာကြောင့် Jack Westerfield လို လယ်သမားတွေဟာ စပါးကို ပမာဏပိုတိုးပြီးတော့မှ စိုက်ပျိုးခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ဟာ မကြာခင်မှာပဲ သူတို့ကို အခက်တွေ့လာစေပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့စပါးစျေးနှုန်းတွေဟာ ၃၀ ရာခိုင်နှုန်းလောက်အထိ ထိုးကျသွားပြီး ၁ bushel ကို ၅ ဒေါ်လာဝန်းကျင်ပဲ ရှိတော့တာကြောင့်ပါ။ အဓိက အကြောင်းအရင်းကတော့ အိန္ဒိယနိုင်ငံဟာ ဆန်တင်ပို့မှုအပေါ်မှာ ကန့်သတ်ချက်တွေကို လျှော့ချပေးလိုက်တာကြောင့် ဈေးကွက်ထဲမှာ ကုန်ပစ္စည်းအဝင် များလာတာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အဓိက ဈေးကွက်ဖြစ်တဲ့ လက်တင်အမေရိကနိုင်ငံတွေဟာ အမေရိကန်ဆန်ထက် တခြားနိုင်ငံက ဆန်တွေကို ပိုမိုရွေးချယ်ဝယ်ယူလာတာကြောင့်လည်း ဖြစ်ပါတယ်။
ဒါကြောင့်လည်း မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသက တောင်သူလယ်သမားတွေဟာ သူတို့အရင်က မကြားဖူးခဲ့တဲ့ စပါးပမာဏ အမြောက်အမြားကို သိုလှောင်ရုံတွေထဲမှာ စုပုံသိမ်းဆည်းထားရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
"ကျွန်တော့်မှာရှိနေတဲ့ စပါး ပေါင် ၂.၂ သန်းကို ဘာသွားလုပ်ရမှာလဲ" လို့ Jack Westerfield က The New York Times ကို စိတ်ပျက်လက်ပျက်နဲ့ မေးခွန်းထုတ်ခဲ့ပါတယ်။
ဒီလို အကျပ်အတည်းမျိုးကို ကြုံတွေ့နေရတာက အမေရိကန်လယ်သမားတွေထဲမှာ Jack Westerfield တစ်ယောက်တည်းတော့ မဟုတ်ပြန်ပါဘူး။ ဒီအခြေအနေဟာ ကုန်သွယ်ရေးတင်းမာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ပိုလျှံသီးနှံတွေကို အရှုံးခံပြီး ရောင်းထုတ်နေရတဲ့ ပဲပုပ်စိုက်တောင်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့လည်း ဆင်တူနေပါတယ်။
မစ္စစ္စပီ လယ်ယာမြေဗျူရိုအဖွဲ့ချုပ်ရဲ့ အစည်းအဝေးတစ်ခုမှာတော့ တက်ရောက်လာတဲ့အဖွဲ့ဝင်တွေက အစိုးရဘက်ကနေ ထောက်ပံ့ကူညီပေးနိုင်မယ့် အစီအစဉ်တစ်ခုကို အကြံပြုတင်ပြခဲ့ကြပါတယ်။ အဲဒါကတော့ လယ်သမားတွေအနေနဲ့ သူတို့ဆီမှာ အဆမတန်ပိုလျှံနေတဲ့ စပါးတွေကိုစွန့်ပစ်လိုက်ရမယ်ဆိုပါက အစိုးရရဲ့ အာမခံထောက်ပံ့မှုပါဝင်တဲ့ အစီအစဉ်တစ်ရပ်ဖြင့် လျော်ကြေးငွေပေးအပ်ဖို့ရာ တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။
မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသက လယ်သမားတွေရဲ့ ရုန်းကန်နေရမှုတွေဟာ ဘာကြောင့် အရေးပါတာပါလဲ?
စိုက်ပျိုးရေးလုပ်ငန်းရဲ့ ဘဏ္ဍာရေးဆိုင်ရာ အလားအလာတွေဟာ မျှော်လင့်ချက်နည်းပါးနေဆဲဖြစ်ပြီး ဒီနယ်ပယ်ထဲကို လူငယ်တွေ ဝင်ရောက်လုပ်ကိုင်လာဖို့ရာ ဆွဲဆောင်နိုင်မှုကလည်း တဖြည်းဖြည်း လျော့နည်းလာနေတာကြောင့်ပဲ ဖြစ်ပါတယ်။
"အခုလို ပင်ပင်ပန်းပန်း အလုပ်လုပ်ရမယ့်အပြင် ကိုယ့်ဘဝတစ်သက်တာ ကုန်ဆုံးသွားချိန်အထိတိုင်အောင် အထွတ်အထိပ်ကို မြင်တွေ့ရဖို့ရာမသေချာတဲ့ ဒီလောက်ကြီးမားတဲ့ အကြွေးတောင်ကြီးကို တက်လှမ်းဖို့ ဘယ်သူကများ ဒီနယ်ပယ်ကိုလာချင်ပါ့မလဲ?" လို့ Jack Westerfield မေးခွန်းထုတ်ခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အခြေကျပြီးသားဖြစ်တဲ့ လယ်သမားကြီးတွေဟာလည်း သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်နေကြသလို ယခုအခြေအနေလိုမျိုး အရှုံးပေါ်နေတဲ့ ပြဿနာတွေကို နောက်ထပ် ဘယ်နှစ်နှစ်လောက်အထိ တောင့်ခံထားနိုင်ကြမလဲဆိုတာကို တွေးပူနေကြပါတယ်။ ဒီပြဿနာရဲ့ အဓိက အရင်းအမြစ်ကတော့ မစ္စစ္စပီမြစ်ဝကျွန်းပေါ်ဒေသ အပါအဝင် အမေရိကန်လယ်သမားတွေဟာ ပြည်တွင်းစျေးကွက်မှာ ပြန်လည်ရောင်းချမယ့် စားသောက်ကုန်တွေကို စိုက်ပျိုးထုတ်လုပ်ကြတာ အလွန်ရှားပါးလာနေခြင်းပဲ ဖြစ်ပါတယ်။
ဒါဟာ သူတို့အနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ဝယ်လိုအားအပေါ်မှာပဲ လုံးလုံးလျားလျား မှီခိုနေရတယ်လို့ ဆိုလိုနိုင်ပါတယ်။ အဆိုပါဝယ်လိုအားဟာလည်း အခွန်အတားအဆီးတွေ၊ ပြိုင်ဘက်နိုင်ငံတွေရဲ့ ထုတ်လုပ်မှုနဲ့ ဈေးကွက်အကြိုက် ပြောင်းလဲမှုတွေကြောင့် ထိခိုက်လာနိုင်ခြေ ရှိနေပြန်ပါတယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့အခါ ရောင်းချလို့မရတဲ့ သီးနှံတွေအတွက် စိုက်ပျိုးမြေ ဧကပေါင်းများစွာဟာ အလဟဿ ဖြစ်သွားရပါတယ်။ အကျိုးဆက်အနေနဲ့ စိုက်ပျိုးရာမှာ အသုံးပြုခဲ့ရတဲ့ စက်သုံးဆီ၊ ရေနဲ့ လုပ်အား စတဲ့ အရင်းအနှီးအားလုံးဟာလည်း ဆုံးရှုံးသွားရတာပဲ ဖြစ်ပါတယ်။

မစ္စစ္စပီလယ်သမားတွေရဲ့ အခက်အခဲတွေအတွက် ဘာတွေလုပ်ဆောင်ပေးနေပါသလဲ?
လယ်သမားတွေဟာ ဒေါ်လာ ၁၂ ဘီလီယံတန်ဖိုးရှိတဲ့ အရေးပေါ်အကူညီ အထောက်အပံ့တွေကြောင့် လက်ရှိမှာတော့ အနည်းငယ်အဆင်ပြေနေပြီး စပါးစိုက်တောင်သူတွေကတော့ အများဆုံးလျော်ကြေးရမယ့်စာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမဲ့လည်း စပါးတစ်ဧကအတွက် လျော်ကြေးငွေ ၁၃၂ ဒေါ်လာဆိုတာဟာ ရောင်းမထွက်တော့တဲ့ သီးနှံတွေကို စိုက်ပျိုးထုတ်လုပ်ရာမှာ ကုန်ကျခဲ့တဲ့ တစ်ဧက ဒေါ်လာ ၁,၀၀၀ ဝန်းကျင် စိုက်ပျိုးစရိတ်နဲ့စာရင်တော့ အများကြီး လိုအပ်နေသေးတာလည်း ဖြစ်ပါတယ်။
နောက်ထပ် အကြံပြုချက်တစ်ခုကတော့ အမေရိကန်လူမျိုးတွေ ပိုမိုစားသုံးလေ့ရှိပြီး ဈေးပိုရတဲ့ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အစေ့အဆန်တွေလိုမျိုး သီးနှံတွေဘက်ကို ပြောင်းလဲစိုက်ပျိုးကြဖို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီလိုလုပ်ဆောင်ဖို့အတွက် အမေရိကန်ရဲ့ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးမှာ အခြေခံကျတဲ့ အတွေးအခေါ်နဲ့ လုပ်ထုံးလုပ်နည်းတွေကို အကြီးအကျယ် ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။
အဲ့ဒီလို အသွင်ကူးပြောင်းမှုမျိုး ဖြစ်ပေါ်လာဖို့အတွက်ဆိုရင် တက္ကသိုလ်တွေရဲ့ သုတေသနလုပ်ငန်းတွေ၊ အစိုးရရဲ့ အာမခံစနစ်တွေ၊ ဘဏ်တွေရဲ့ ငွေကြေးထောက်ပံ့မှု၊ ကုန်စည်စီးဆင်းမှုကွင်းဆက်နဲ့ ဝယ်ယူသူ ကွန်ရက်တွေအဆုံး အရာအားလုံးကို အစကနေ ပြန်လည်ပြင်ဆင် ရေးဆွဲဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
တချို့လယ်သမားတွေရဲ့ အဆိုအရတော့ ဒါဟာ တောင်းဆိုမှု အလွန်ကြီးမားလွန်းတယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့ စတော်ဘယ်ရီပဲဖြစ်ဖြစ် တခြားဘာပဲသီးနှံပဲဖြစ်ဖြစ် စိုက်လို့ရပါတယ်။ ဒါပေမဲ့ အဲဒါတွေကို သွားရောင်းဖို့နေရာမှ မရှိတာ" လို့ တောင်သူ Wayne Dulaney က Times သတင်းစာကို ပြောကြားခဲ့ပါတယ်။
reference link >>> https://finance.yahoo.com/news/farmers-consider-leaving-staple-crops-233000127.html
Yahoo Finance မှဆောင်းပါးအား မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားသော သတင်းတစ်ပုဒ်ဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်