မွှားပြဿနာနှင့်မြန်မာနိုင်ငံက မွှားသတ်ဆေးများအကြောင်း

22/06/2023 13:00 PM တွင် ဖုန်းမဏ်တိုး ဖုန်းမဏ်တိုး မှ ရေးသား

မွှားဆိုသည်နှင့် ပိုးကောင်တစ်ကောင်ဖြစ်မှန်း လူတိုင်းသိကြမှာပါ။

သို့သော် ယင်းမွှားသတ္တဝါမှာ အင်းဆက်ပိုးကောင်မဟုတ်ပါ။ ထို့အတွက် သာမန်အင်းဆက်ပိုးတွေကိုသတ်သည့် ပိုးသတ်ဆေးတွေ ဖျန်းတယ်ဆိုရင်တောင် မွှားတွေက မသေနိုင်ပါ။ စုပ်စားပိုးသတ်ဆေးဖျန်းတာဆိုရင်တောင်မှ မွှားကိုနိုင်မည်ဆိုတာ မသေချာပါ။

ဒါဆိုရင် အဲ့မွှားတွေက ဘာတွေလဲ?

အင်းဆက်တွေနဲ့ ဘာကွာပါသလဲ?

 

အဲ့မွှားတွေက အင်းဆက်တွေလို ခြေထောက် ခြောက်ချောင်းမကပါဘူး။ ခြေ ရှစ်ချောင်းပါဝင်ပါတယ်။ အင်းဆက်ပိုးကောင်တွေနဲ့ ဇီဝဖွဲ့စည်းပုံကွဲပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးတိုင်းက မွှားတွေကိုမသတ်နိုင်တာပါ။

 

မွှားတွေဟာ စုပ်စားပိုးတစ်မျိုးပါပဲ။ အပင်ရည်တွေကို စုပ်စားပါတယ်။ အရွက်နုလေးတွေ ထိပ်အညွန့်လေးတွေမှာ သူတို့နေထိုင်ပါတယ်။ ပြီးတော့ အပင်ဆဲလ်ထဲက အရည်တွေကို စားသောက်ပါတယ်။  များသော အားဖြင့် အရွက်အောက်မျက်နှာပြင်မှာနေထိုင်စားသောက်ပါတယ်။

မွှားအရွယ်အစားကအရမ်းသေးပါတယ်။ မျက်စိနဲ့အလွယ်မမြင်ရပါ။ တချို့မွှားတွေဆိုရင် မိုက်ခရိုစကုပ်နဲ့သာမြင်ရပါတယ်။

တချို့မွှားတွေက ထိပ်ညွှန့်တွေကို တွန့်လိပ်ထွတ်တာမျိုးတွေဖြစ်ပါစေတယ်။ ဥပမာ - ငရုတ်မာ ဖြစ်တာများပါတယ်။

ထို့အတွက် အပင်တွေ အရွက်တွေမှာ ဖြူမွဲမွဲ အကွက်အစက်တွေ ပြလာပါတယ်။ နောက်ပိုင်း အပွင့်တွေမှာပါကျလာမယ်။ အဖူးအပွင့်တွေ ကန်းလာမယ်။ အသီးမတင်တော့ဘူး။ တင်တဲ့အသီးကလည်း အကွက်အနာတွေနဲ့ အရောင်တွေဖျော့ပြီး ဈေးကောင်းမရနိုင်တော့ပါဘူး။

ပူလာတဲ့အချိန်တွေမှာဆို မွှားတွေက အရမ်းပေါက်ပွားလွယ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပင် ပန်းပင်တွေမှာ အဓိကကျရောက်ပါတယ်။ မွှားမှာမှ ပင့်ကူမျှင်လို အမျှင်တွေထုတ်တဲ့ မွှားတွေလည်းရှိပါတယ်။ အမျှင်မထုတ်တဲ့မွှားလည်း ရှိပါတယ်။ 

ဘာဆေးတွေသုံးမလဲ ?

ဈေးကွက်ထဲမှာတော့ မှတ်ပုံတင်ပြီးသားကော ပိတ်ထားလိုက်တဲ့ဆေးတွေကော အပါအဝင် မြန်မာနိုင်ငံက မွှားသတ်ဆေး အေအိုင်(အဆိပ်ရှိပစ္စည်းအမည်)  အမျိုးအစား ၃၀ လောက်ရှိပါတယ်။ နောက်ပိုင်းတိုးလာတာ မျိုးတွေလည်း ရှိနိုင်ပါတယ်။

ယင်းဆေးတွေထဲမှာမှ မွှားကိုအဆိပ်သင့်ပုံ(mode of action) အရ အုပ်စုခွဲကြည့်လိုက်မယ်ဆိုရင်  သုံးမျိုးရှိပါတယ်။

ပထမအုပ်စုက မွှားအကောင်တွေရဲ့ အာရုံကြောစနစ်နဲ့  ကြွက်သားတည်ဆောက်မှုကို တိုက်ခိုက်တာပါ။ ဒီ အုပ်စုမှာပါတဲ့ဆေးတွေက အာနိသင်ပြတာမြန်တယ်။ ပြောမယ်ဆို ချက်ချင်းဝုန်းဒိုင်းဆိုပြီး ထိရောက်တဲ့အမျိုးအစားဆေးတွေပါ။

မွှားတွေကို မလှုပ်ရှားနိုင်အောင် သို့မဟုတ် အရမ်းလှုပ်ရှားပြီး မြန်မြန် အသက်ထွက်အောင်လုပ်ပေးတဲ့ဆေးတွေပါ။ မွှားရဲ့အာရုံကြောစနစ် ကိုတိုက်ခိုက်ပါတယ်။

ပထမ အုပ်စုကဆေးတွေကတော့

  • ၁။ အေမိထရက်ဇ် Amitraz
  • ၂။ အက်ဘာမာတင် Abamectin
  • ၃။ ဘိုင်ဖန်သရင် Bifenthrin
  • ၄။ ကာဘိုဖြူရမ် Carbofuran
  • ၅။ ဖန်နိုက်ထရိုသိုင်အွန် Fenitrothion
  • ၆။ ဖန်ပရိုပါသရင် Fenpropathrin
  • ၇။ ဖလူဗာလီနိတ် Fluvalinate
  • ၈။ ဖော်မတနိတ် ဟိုက်ဒရိုကလိုရိုက် Formetanate hydrochloride
  • ၉။  မာလာသီရွန် Malathion
  • ၁၀။ အိုမီသိုအိတ် Omethoate
  • ၁၁။ ဖန်သိုအိတ် Phenthoate
  • ၁၂။ ဖော့စလုံး Phosalone
  • ၁၃။ ဖော့စမက် Phosmet
  • ၁၄။ ပရိုဖန်နိုဖော့ Profenofos
  • ၁၅။ ထရိုင်ဇိုဖော့ Triazophos

ဒီဆေးတွေရဲ့ ဆေးအုပ်စုတွေကတော့ OP organophosphate , Carbamate ,  Pyrethriod, Amidine နဲ့ Avermectin အုပ်စုတွေပါ။

ဒုတိယအုပ်စုကတော့ မွှားရဲ့ အသက်ရှူစနစ်ကို တိုက်ခိုက်အဆိပ်သင့်စေတဲ့ဆေးတွေပါ။ ပြောမယ်ဆို အသက်ရှူမဝ အသက်ရှူကြပ်ပြီး သေအောင်သတ်တဲ့ပုံစံပေါ့။

ဒီ ဒုတိယအုပ်စုဆေးတွေကတော့

  • ၁။ အေဇိုဆိုင်ကလိုတင် Azocycotin
  • ၂။ ကလိုဖန်နာပိုင်ရာ Chlorfenapyr
  • ၃။ ဒိုင်ယာဖန်သီယူရွန် Diafenthiuron
  • ၄။ ဖန်နဇက်ကွင် Fenazaquin
  • ၅။ ဖန်ဗျူတတင် အောက်ဆိုက် Fenbutatin Oxide
  • ၆။ လူဖန်နျူရွင် Lufenuron
  • ၇။ ပရိုပါဂိတ် Propargite
  • ၈။ ပိုင်ရီဒါဘန် Pyridaben
  • ၉။ တက်ဗျူဖန်ပိုင်ရတ်Tebufenpyrad
  • ၁၀။ တက်ထရာဒိုင်ဖရွန် Tetradifon

ကျန်တဲ့ တတိယအုပ်စုက မွှားတွေရဲ့ ကြီးထွားမှု၊ ဥကနေ အကောင်ပေါက်မှု စတာတွေကို ဟန့်တား အနှောင့်အယှက်ပေးတဲ့ အဆိပ်တွေပါ။ ဒီအုပ်စုက အရမ်းနည်းပါတယ်။ လုပ်ဆောင်မှုလည်း အရမ်းနှေးကွေးတဲ့ အုပ်စုဖြစ်ပါတယ်။ 

  • ၁။ ဘူပရိုဖန်ဇင် Buprofenzin
  • ၂။ ဟက်ဇီသိုင်ယာ ဇောက် Hexythiazox
  • ၃။ စပီရိုဒစ်ကလိုဖန် Spirodiclofen

တချို့ ဆေးကုမ္ပဏီတွေက အုပ်စုနှစ်မျိုး ရောထုတ်တာမျိုးတွေလည်းရှိပါတယ်။

ကျွန်တော်မှာချင်တာက ကိုယ့်စိုက်ခင်းမှာ မွှားတွေကျနေပြီဆိုရင် ဒီဆေးတွေကို ဆေးအုပ်စု မတူတာနှစ်ခုတွဲဖျန်းပါ။ ဒါမှမဟုတ် ပထမအုပ်စုထဲက ဆေးတစ်ခုခုကိုဖျန်းပြီးရင် နောက်အခြားအုပ်စုကို နောက်တစ်ရာသီ သို့မဟုတ် နောက်တစ်ကြိမ်မာ ဖျန်းပေးနိုင်ပါတယ်။ ပြောမယ်ဆိုရင် ပထမအုပ်စုပဲ အမြဲသုံးနေရင်က မွှားက ဆေးဒဏ်ခံနိုင်လာပါလိမ့်မယ်။

လက်ဝှေ့ပွဲမှာလို ပြိုင်ဘက်ရဲ့ ဗိုက်လည်းကန်မယ်၊ ခေါင်းလည်းထိုးမယ်ဆိုပြီး ရှုထောင့်နေရာစုံကနေ မွှားကိုတိုက်ရမှာပါ။ တစ်နေရာတည်းတိုက်မယ် ဗိုက်ပဲကန်တတ်တယ်ဆိုရင် မွှားကအဲ့ဗိုက်ကိုပဲ သူက ခံနိုင်အောင် တည်ဆောက်ပြောင်းလဲလာမှာဖြစ်လို့ပါ။ ဟိုဘက် ချလိုက် ဒီဘက်က တိုက်လိုက်နဲ့ဆိုမှ မွှားကမျက်စိလည်ပြီး ဆေးဒဏ်ခံနိုင်မှုနှေးမှာဖြစ်ပါတယ်။

မှတ်ချက် - ဆာလ်ဖာ (ကန့်) ဆေးဟာလည်း မွှားကို နိုင်ပါတယ်။ ထိသေဆေးဖြစ်ပါတယ်။ Mode of action အဆိပ်သင့်ပုံက ယခုထိ တိကျစွာမသိသေးသော unknown ဖြစ်သဖြင့် ထည့်မဖော်ပြထားပါ။ 

ကျမ်းကိုး  - IRAC Insecticide Resistance Action Committee.

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်