ရုပ်ရှင်ကားတစ်ကားဟာ စိုက်ပျိုးရေးသမားတွေရဲ့ တိုးတက်ကြီးပွားရေးကို ဖော်ဆောင်ပေးနိုင်တယ်ဆိုရင် ယုံကြည်နိုင်ကြပါသလား?
လက်ရှိ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတွေထဲက တစ်ခု ဖြစ်တဲ့ နီကျား - ၂ (Ne Zha 2) ဟာ တရုတ်ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ဝင်ငွေစံချိန်တင် အောင်မြင်လျက်ရှိပြီး အဲဒီအောင်မြင်မှုဟာ တရုတ် ပြည်က ကြာစွယ်စိုက်ပျိုးရေးသမားတွေအတွက် စီးပွားရေးအခွင့်အလမ်းတွေ ယူဆောင်လာပါတယ်။ ဟူပေးပြည်နယ် ဟုန်းဟူ (Honghu) ဒေသဟာ နီကျား - ၂ ဇာတ်ကားကြောင့် ကြာစွယ်တွေ ရောင်းအားမြင့်တက်ပြီး စီးပွားပို ဖြစ်လာကြပါတယ်။
နီကျားဆိုတာ
နီကျားနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေ၊ ရုပ်ရှင်တွေ အများကြီး ရှိတဲ့အနက် ၂၀၁၉ ခုနှစ်မှာ နီကျား နာမည်နဲ့ ကာတွန်း(animation) ရုပ်ရှင် ထုတ်လုပ်ခဲ့ကြပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ နီကျား -၂ အဖြစ် Nezha: The Demon Child Churns the Sea နာမည်နဲ့ ထပ်မံထုတ်လုပ်ခဲ့ကြတာပါ။
တကယ်တော့ နီကျား(哪吒, Nézhā) ဟာ တရုတ်ဒဏ္ဍာရီနဲ့ တာအိုဘာသာထဲက စွမ်းအားရှင် ကလေး တစ်ယောက်ပါ။ ရှန်းခေတ်(Shang) က စစ်သူကြီး လီကျင်းရဲ့ ဇနီးဟာ အချိန် သုံးနှစ်ခွဲကြာအောင် ကိုယ်ဝန် ဆောင်ပြီးတဲ့နောက် အသားလုံးကြီးတစ်လုံး မွေးဖွားလာပါသတဲ့။ ဖခင်ဖြစ်တဲ့ လီကျင်းဟာ အသားလုံးကြီးကို မကောင်းဆိုးဝါးလို့ ယူဆပြီး ဓားနဲ့ ထက်ခြမ်းခွဲလိုက်တဲ့အခါ အထဲက နီကျားလေး ထွက်လာပါသတဲ့။ နောက်ပိုင်းမှာ နီကျားဟာ တာအိုဘာသာရဲ့ မသေမျိုး နတ်မင်းတစ်ပါးဖြစ်တဲ့ ထိုက်ယီကျန်းရန် (Taiyi Zhenren - 太乙真人) ဆီ မှာ တပည့်ခံရပါတယ်။
နီကျား -၂ နဲ့ ကြာစွယ်
နီကျား - ၂ ဇာတ်ကားထဲမှာတော့ နီကျားနဲ့ နဂါးလေး အောင်ပင် (Ao Bing) တို့ဟာ ကောင်းကင် မိုးကြိုးဒဏ်ခံရပြီး ဝိညာဉ်ဖြစ်သွားပါတယ်။ ဆရာကြီး ထိုက်ယီကျန်းရန်ဟာ နီကျားရဲ့ ခန္ဓာကိုယ်ကို ကြာစွယ်မှုန့်တွေသုံးပြီး ပြန်ပုံဖော်ယူတဲ့ ဇာတ်ကွက်နဲ့ နီကျား-၂ ကို စထားပါတယ်။
နီကျား ဇာတ်ရုပ်ကို ကြာစွယ်နဲ့ ထပ်ဟပ်ဖော်ပြထားပုံက စိတ်ဝင်စားစရာပါ။
ရှေးဟောင်းတရုတ်ရိုးရာအရ ကြာစွယ်ဟာ "အသက် သွေးကြော" နဲ့ တူတယ်လို့ ယူဆကြပါတယ်။ ကြာစွယ်တွေကို ဆွဲဆန့်တဲ့အခါ စမ်းချောင်းလေးတစ်ခုလို ပျော့ပျောင်းပြီး ချိုးဖဲ့လိုက်ရင်တောင် တစ်ပိုင်းနဲ့တစ်ပိုင်း တွယ်ဆက်နေတုန်းပဲမို့ ခန္ဓာကိုယ်တစ်ခုကို ပြန်လည်ပုံဖော် ထုဆစ်ဖို့ အကောင်းဆုံးပဲလို့ ယူဆကြတာပါ။ ဒါ ကြောင့် နီကျားရဲ့ ခန္ဓာကိုယ်ကို ကြာစွယ်မှုန့်တွေနဲ့ ပြန်လည် ထုတ်ဆစ်တာပါ။
ဒါ့အပြင် ကြာစွယ်ဟာ မြင့်မြတ်မှုနဲ့ စင်ကြယ်မှုကို ကိုယ်စားပြုပါတယ်။ "ရွှံ့နွံကြားမှာ ရှင်သန်ကြီးထွားလာ ရပေမယ့် ကြာစွယ်တွေဟာ သူတို့ရဲ့ မူလအရောင်ဖြစ်တဲ့ အဖြူရောင်ကို ထိန်းသိမ်းထားပါတယ်။ ကြာစွယ်တွေဟာ ပတ်ဝန်းကျင်ကြောင့် မညစ်နွမ်းသွားတတ်တဲ့ လူကြီးလူကောင်းတွေရဲ စိတ်နေသဘောထား ကိုလည်း ကိုယ်စားပြု ဖော်ညွှန်းနိုင်ပါတယ်။ နီးကျားရဲ့ အပြစ်ကင်းပြီး မာရေကျောရေနိုင်တဲ့ စရိုက်ကို ထင်ဟပ်နေတာပါ။
ကြာစွယ်တွေဟာ ဆောင်းရာသီမှာဆိုရင် ရွှံ့နွံ့တွေထဲ မြုပ်ပြီး သေဆုံးသွားတဲ့အလား ငြိမ်သက်သွားတယ်။ ဒါပေမယ့် တကယ်တော့ သူတို့ဟာ အဲဒီအချိန်မှာ ခွန်အားတွေကို စုစည်းနေတာပါ။ နွေဦးပေါက်ပြီဆိုရင် အညွန့်လေးတွေ ပြန်ပြီး ပေါက်လာကြပြီ။ ပြန်လည်မွေးဖွားရှင်သန်လာခြင်း ဆိုတဲ့ လက္ခဏာပါ။ ဒါကိုလည်း နီကျားမှာ ထည့်သွင်းအသုံးချထားပါတယ်။
တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
တရုတ်ပြည်မှာ ကြာစွယ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ဝန်းကျင်ကတည်းက စိုက်ပျိုးလာကြတာဖြစ်ပြီး လက်ရှိမှာ တစ်ကမ္ဘာလုံး ကြာစွယ်စိုက်ပျိုးထုတ်လုပ်မှုရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ တရုတ်ပြည်က ထုတ်လုပ်တာ ဖြစ်ပါတယ်။
တရုတ်ပြည်က ထုတ်လုပ်တဲ့ ကြာစွယ်စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကိုတော့ ဟူပေးပြည်နယ်က ထုတ်လုပ်တာပါ။ ဟူပေးပြည်နယ်ထဲမှာ ကြာစွယ်စိုက်ပျိုးဧရိယာက ဟက်တာပေါင်း ၈၆,၇၀၀ ရှိပြီး တစ်နှစ်ကို ကြာစွယ် တန်ချိန် ၃.၂ သန်း ထုတ်လုပ်တာမို့ တရုတ်ပြည်မှာ ကြာစွယ်စိုက်ပျိုးထုတ်လုပ်မှုအမြင့်မားဆုံး ပြည်နယ်ဖြစ်ပါတယ်။
ဟုန်းဟူ တစ်နေရာတည်းမှာတင် ကြာစွယ်စိုက်ပျိုးမှုက ဟက်တာ ၁၄,၇၀၀ ရှိပြီး တစ်နှစ်ကို တန်ချိန် ၃ သိန်း ထုတ်လုပ်တယ်လို့ သိရပါတယ်။
နီကျားကြောင့်မြင့်တက်လာတဲ့ ကြာစွယ်စားသုံးမှု
ဟုန်းဟူ ရဲ့ ကြာစွယ်ထုတ်ကုန်တွေ ရောင်းရငွေဟာ ဇန်နဝါရီလ ၂၉ ရက်ကနေ ဖေဖော်ဝါရီလ ၂၃ ရက် အကြား (တစ်လမပြည့်ခင်) မှာပဲ ယွမ်ငွေ ၅၈၂ သန်း (အမေရိကန်ဒေါ်လာ ၈၀.၁ သန်း) ရှိခဲ့ပါတယ်။ မနှစ်က ကာလတူ ရောင်းရငွေနဲ့ နှိုင်းယှဉ်ရင် ၅၁ ရာခိုင်နှုန်း ပိုမြင့်တက်လာတာ ဖြစ်တယ်လို့ ဟုန်းဟူ ကြာစွယ်စိုက်ပျိုးထုတ် လုပ်ရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာရဲ့ အချက်လက်တွေက ဖော်ပြနေပါတယ်။ တစ်လမပြည့်တဲ့ ကာလလေးမှာတင် ကြာစွယ်အစိမ်း ရောင်းချရာမှုက တန်ချိန် ၁၈,၇၀၀ ရှိခဲ့တာပါ။ ကြာစွယ်မှုန့်၊ ကြာစွယ်အဖူး၊ ကြာစွယ်ဟင်းချို စသ ဖြင့် တန်ဖိုးမြှင့် ထပ်ဆင့်ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေရဲ့ ပမာဏကလည်း မနှစ်ကထက် အများကြီး မြင့်တက် လာပါတယ်။ နှစ်သစ်ကူးပွဲတော်ကနေစပြီး e-commerce ကနေ ရောင်းချရမှုဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၀ ရာခိုင် နှုန်း (နှစ်ဆ) မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
နီကျား -၂ ရုပ်ရှင်ဟာ တရုတ်နှစ်သစ်ကူးပွဲတော်ရက်နဲ့ အချိန်ကိုက် ရုံတင်ပြသနိုင်ခဲ့လို့ ကြည့်ရှု့သူများသလို တရုတ်လူမျိုးတွေ ငွေသုံးတဲ့ကာလ၊ ခရီးထွက်တဲ့ကာလမှာ နီကျားရုပ်ရှင်က ကြာစွယ်ကို ဈေးကွက်မြှင့်တင်ပေး လိုက်သလို ဖြစ်သွားတာကလည်း ကြာစွယ်စားသုံးမှု မြင့်တက်ဖို့ အကြောင်းအရင်း တစ်ခုပါ။
အခုဆိုရင် နီကျား - ၂ ဇာတ်ကားရဲ့ အရှိန်နဲ့ ခရီးသွားနဲ့ အစားအသောက် ဗွီဒီယိုတွေရိုက်ကူးထုတ်လွှင့်ကြ တဲ့ vloggers တွေနဲ့ livestreaming သမားတွေဟာလည်း ကြာစွယ်ထုတ်လုပ်မှုမြင့်မားတဲ့ ဒေသတွေကို ဦးတည်လာနေကြသလို၊ ကြာစွယ်နဲ့ ပတ်သက်တဲ့ ဗွီဒီယိုတွေကို အရှိန်အဟုန်မြှင့် ရိုက်ကူးတင်ပြလာကြပါတယ်။
ဟူပေးဒေသစာတွေ တည်ခင်းရောင်းချတဲ့ စားသောက်ဆိုင်တစ်ခုကတော့ ကြာစွယ်နဲ့ ဝက်နံရိုးဟင်းချို၊ ကြာစွယ်ဝက်သားဆန်းဝှစ်၊ ကြာစွယ်ကြော် တို့ပါဝင်တဲ့ "နီကျားပြန်လည်မွေးဖွားခြင်းဟင်းလျာ (Ne Zha rebirth feast)" ကို ၁၄၉ ယွမ် (မြန်မာငွေ ကိုးသောင်းကျော်) နဲ့ တည်ခင်းရောင်းချနေတယ်လို့ ဆိုပါတယ်။
ကြာစွယ်ကို တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချကြတဲ့ ကုမ္ပဏီတွေအနေနဲ့လည်း သူတို့ရဲ့ ထုပ်ပိုးမှုမှာ နီကျား ဇာတ်ရုပ်ကို အသုံးချပြီး ထုတ်လုပ်ရောင်းချလာကြတော့မှာ ဖြစ်ပါတယ်။
ဟုန်းဟူမှာ ကြာစွယ်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီပေါင်း ၁၃၅ ခုရှိပြီး နှစ်စဉ် ကြာစွယ်တန်ချိန် ၂ သိန်းလောက်ကို တန်ဖိုးမြှင့်ထုတ်လုပ်ရောင်းချနေပါတယ်။ ထုတ်ကုန်တန်ဖိုးစုစုပေါင်းက ယွမ်ငွေ ၃ ဘီလီယံ လောက်ရှိတယ်လို့ ဆို ပါတယ်။
သင်ခန်းစာယူစရာ
နီကျား နဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေးကဏ္ဍအကြောင်း လေ့လာကြည့်တဲ့အခါ သတိပြုစရာ အချက် နှစ်ချက် တွေ့မိပါတယ်။
ပထမအချက်ကတော့ စိုက်ပျိုးမွေးမြူရေးထွက်ကုန်တွေအတွက် ဈေးကွက်ရှာတယ်၊ ဈေးကွက် မြှင့်တင်တယ်ဆိုတာဟာ သမားရိုးကျ ဈေးကွက်ရှာဖွေရေးနည်းလမ်းတွေနဲ့သာမကဘဲ ယဉ်ကျေးမှု၊ အနုပညာ၊ အ ချိန်အခါတွေကို အသုံးချနိုင်ဖို့လည်း လိုအပ်တယ် ဆိုတဲ့အချက်ပါ။ ကြာစွယ်ဟာ ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုတယ်ဆိုတာမျိုးအပြင် ရှည်ကြာလှပြီဖြစ်တဲ့ ဒဏ္ဍာရီကို အသုံးချပြီး လူတွေစားသောက်ချင်လာဖို့ ဆွဲဆောင်စည်းရုံးနိုင်တာကလည်း အတုယူစရာပါ။ မြန်မာပြည်ရဲ့ ယဉ်ကျေးမှုနဲ့ ဆက်စပ်နေတဲ့ စိုက်ပျိုးရေးထွက် ကုန်တွေ (ဥပမာ လက်ဖက်) ကို ဘယ်လိုဈေးကွက်ထိုးဖောက်ကြမလဲ ဆိုတာမျိုး ချဲ့ထွင်စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။
ဒုတိယအချက်ကတော့ တရုတ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေဟာ ဈေးကွက်က ပေးလာတဲ့ အခွင့်အရေး ကို လက်လွတ်မခံဘဲ အလျှင်အမြန် အသုံးချတတ်တာကို သတိပြုမိတာပါ။ ဒါက နီကျား - ၂ ရုပ်ရှင်ကြောင့် ရလာတဲ့ ဈေးကွက်ကို ထပ်မံပြီး ချဲ့ထွင်ကြီးထွားစေပါတယ်။ အခုဆိုရင် တရုတ်သတင်းဌာနတွေက ကမ္ဘာကျော်လာတဲ့ ဒီရုပ်ရှင်နဲ့အပြိုင် ကြာစွယ် အကြောင်းကိုပါ အင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးတွေ အကြီးအကျယ်ရေးသားလာကြတာကို သတိပြုမိပါတယ်။ ဒါဟာ တရုတ်ယဉ်ကျေးမှုနဲ့အတူ တရုတ်စိုက်ပျိုးရေးထွက်ကုန်ကိုပါ ကမ္ဘာ့အနှံ့စိတ်ဝင်စား လာအောင် ဆောင်ရွက်ခြင်းပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဒဏ္ဍာရီထဲက နီကျားဟာ အပြင်မှာ အမှန်တကယ် ရှိခဲ့သလား၊ မရှိခဲ့သလား မသေချာလှပေမဲ့ တရုတ်ပြည်က ကြာစွယ်စိုက်ပျိုးရေးကဏ္ဍကိုတော့ သူ့အစွမ်းနဲ့ ကူညီနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “ အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။