အစိုဓာတ်များရင် ဖြစ်ပေါ်တတ်တဲ့ ကြက်သွန်နီဂျိုလိမ်ရောဂါ ကာကွယ်ကုသနည်း

13/12/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

မြန်မာနိုင်ငံမှာ ကြက်သွန်နီ ပျမ်းမျှ  ဧက ၁.၇ သိန်း ​ကျော်စိုက်ပျိုးလေ့ရှိပြီး ကြက်သွန်တန်ချိန် ၁ သန်း​ကျော် ထုတ်လုပ်လျက်ရှိတယ်လို့ စီးပွားကူးသန်းဌာန အချက်အလက်များအရ သိရှိရပါတယ်။

ကမ္ဘာ တစ်ဝှမ်းမှာလည်း ကြက်သွန်သီးနှံဟာ စိုက်ဧက အများဆုံး သီးနှံထဲ ပါဝင်တယ်လိုဆိုပါတယ်။

ကျန်းမာ​ရေးရှု​ထောင့်အရလည်း​ကောင်း၊ စီးပွား​ရေးအရ​သော်လည်း​ကောင်း၊ စားဖို​ဆောင်သီးနှံထဲမှာ မရှိမဖြစ် သီးနှံဖြစ်​နေပါတယ်။

ဒါ​ကြောင့်လည်း ကမ္ဘာမှာ မီးဖိုချောင်၏ဘုရင်မ (Queen of the Kitchen) ဟု လူသိများ​စေတာဖြစ်ပါလိမ့်မယ်။

ယခင်က ကြက်သွန်ဖြူဂျိုလိမ်​ရောဂါ အဖြစ်များ​သော်လည်း ယခုနှစ်အတွင်း ကြက်သွန်နီဂျိုလိမ်​ရောဂါပါ အဖြစ်များလာတာ​တွေ့ရပါတယ်။

​တောင်သူ​တွေ မှည့်​ခေါ်ကြတဲ့အမည်ဖြစ်တဲ့ ကြက်သွန်နီဂျိုလိမ် ​ရောဂါဆိုတာ ရောဂါလား၊ ပိုး​ကြောင့်လား၊ အာဟာရ​ကြောင့်လားသိရှိထားဖို့လိုပါတယ်။ ရောဂါ​ကြောင့်ဆိုရင်လည်း မှိုလား၊ ဘက်တီးရီးယားလား၊ နီမတုပ်​ကြောင့်လား အပြင် ဗိုင်းရပ်​ရောဂါလား ..စသဖြင့် ဂဃနဏ သိထား စေရန်ရည်ရွယ်ပြီး ပညာရှင်များရဲ့ လက်​တွေ့စမ်းသပ်ချက်များ၊ ကိုယ်​တွေ့ အ​တွေ့အကြုံများ၊ ကြက်သွန်စိုက်​တောင်သူများနဲ့​ဆွေး​နွေး​မေးမြန်းချက်များအ​ပေါ်အ​ခြေခံပြီး ​ကောက်နုတ်တင်​ပြပါရစေ။

  • မြန်မာအမည်   = ကြက်သွန်နီ ဂျိုလိမ်​ရောဂါ
  • အင်္ဂလိပ်အမည် = Onion twister disease/Anthracnose twister
  • Causal organism = Collectotrichum  spp.

India ပညာရှင်များရဲ့ ယူဆချက်အရ ကြက်သွန်နီ ဂျိုလမ်​ရောဂါဟာ Anthracnose ​ခေါ်(Collectotrichum   gloeosporioides) မှိုတစ်မျိုးတည်း ကျ​ရောက်တာမဟုတ်ဘဲ Fusarium  oxysporum လို့​ခေါ်တဲ့ ဖျု​ဆေရိယန် ခါးရိ​ရောဂါပါ ပူးတွဲကျ​ရောက်တယ်လို့ ဆိုထားပါတယ်။

ရောဂါ လက္ခဏာ(Disease symptom)

ကြက်သွန်အရွက်များ ကောက်ကွေးခြင်း၊ လိမ်တွန့်ခြင်း၊ အစိမ်း​ရောင်ကလိုရိုဖီးများ ပျက်စီးကာ အဖြူ သို့မဟုတ် အဝါ​ဖျော့​ရောင် ရေစိုနာကွက်များ၊ ဘဲဥပုံသဏ္ဌာန် ​တွေ့ရပါတယ်။ အမြစ်များ လှီလာခြင်း၊ ကြက်သွန်ဥလည်ပင်းများ ပုံမှန်မဟုတ်သော ရှည်ထွက်ခြင်း ဖြစ်တတ်ပါတယ်။

အထူးသဖြင့် အမြစ်ထိပ်ဖျားများ ကြီးထွားလတ်ဆတ်ရာမှ မှိုစပိုးများ​ပေါက်ပွားပြီး အမြစ်များမည်းပုပ်နေသည်ကို တွေ့ရပါသည်။ ရောဂါရ အပင်များမှာ ကွက်တိကွက်ကြားဖြစ်တတ်ပါတယ်။

​ရောဂါ ကူးစက်ပျံ့နှံ့ပုံ (Disease spreads)

​​နေ့အပူချိန်.၂၂°-၃၀°စင်တီဂရိတ်အတွင်းက ရောဂါပျံ့နှံမှုကိုအား​ပေးပါတယ်။ မျိုး​စေ့​ဆောင်​ရောဂါဖြစ်ပြီး တစ်ရာသီမှ တစ်ရာသီသို့ကူးပြောင်းချိန်တွင် ကျန်ခဲ့သည့်  ရိုးပြတ်များမှ လည်း​ကောင်း၊ မျိုးရိုးတူ လက်ခံပင်မှလည်း​ကောင်း၊ မိုး​ရေ၊​ လေနှင့် သွင်း​ရေများမှလည်း​ကောင်း ကူးစက်ပျံ့ပွားနိုင်ပါတယ်။ အထူးသဖြင့် ​မြေတွင်းအစိုဓာတ်များပြီး ရေဝပ်​သော စိုက်ခင်းများတွင် ဖြစ်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းနည်းများ (Disease control methods)

၁။ စိုက်ပျိုး​ရေးနည်းဖြင့်ကာကွယ်ခြင်း (Cultural control)

  • ရိုးပြတ်များကို ချေမွပစ်ခြင်း၊ ​မြေမြှုပ်ပစ်ခြင်း၊ ​ဆွေး​မြည့်စေခြင်းစသည့် တစ်ခုခုပြုလုပ်ပါ။
  • မျိုးရိုးအုပ်စုမတူ​သော သီးနှံများ လှည့်စိုက်ပါ။
  • ဘောင်စနစ်ဖြင့်ပြင်ဆင်ပြီး Drip irrigationနည်းဖြင့် ​ရေ​ပေးပါ။
  • ​ရောဂါဖြစ်​​နေချိန် မိုးတုရွာခြင်း (Over head irrigation)မလုပ်သင့်ပါ။

၂။ ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းနည်း (Biological management)

  • ကြက်သွန်ခင်းအပါအဝင် ရေမြုပ်တတ်​သော မည်သည့်စိုက်ခင်းမဆို အပင်များ ပြန်လည်ကောင်းမွန်လန်းဆန်းရန်အတွက် 1-aminocyclopropane-1-carboxylic acid (ACC) ပရိုတင်းမဟုတ်သော အမိုင်နိုအက်ဆစ်ကို အသုံးပြုပါ။  အပင်ဟော်မုန်း အီသလင်း၏တိုက်ရိုက်ရှေ့ပြေးအဖြစ် လုပ်ဆောင်သည့် အသီးအပွင့်နှင့် ကြီးထွားမှုဖြစ်စဉ်များစွာကို ထိန်းညှိပေးသည့်  ACC (အီသလင်းဇီဝပေါင်းစပ်မှု၏ ဗဟိုမော်လီကျုး) လိုမျိုး အပင်ကြီးထွားမှုကို လှုံဆော်ပေးသည့် ဟိုမုန်းများကိုလည်း အသုံးပြုနိုင်ပါတယ်။
  • ထရိုင်ကိုဒါးမား+ဆူဒိုမိုးနပ်စ်(အကျိုးပြုဘက်တီးရီးယား)ကို ​မြေကြီးထဲထည့်ခြင်း၊ အပင်ဖျန်းခြင်းများလည်း ပြုလုပ်နိုင်ပါတယ်။

၃။ ဓာတုမှိုသတ်​ဆေးဖြင့် ကာကွယ်ကုသခြင်း (Chemical control)

  • သီရန်(thiran) သို့မဟုတ် ရိုဘရယ်(iprodione) ကို မျိုး​စေ့​ဆေး စိမ်ခြင်း၊ ပျိုးပင် ​ဆေးစိမ်ခြင်းပြုလုပ်စိုက်ပျိုးပါ။
  • မိုးများပြီး ​ရေဝပ်ရာမှ ​ရောဂါဖြစ်တတ်သဖြင့် အမြစ်သစ်များထွက်နိုင်​စေရန် ဟူးမစ်အက်ဆစ်အသုံးပြုခြင်း။
  • ဟိုက်ဒြိုဂျင်ပါ​ရောက်ဆိုက်ကို အသုံးပြုခြင်း။
  • Triazoleဇိုးအုပ်စု(ပရိုပီကိုနာဇိုး/ဟက်ဇာကိုနာဇိုး....) မှိုသတ်​ဆေး များကို အသုံးပြုခြင်းဖြင့် Anthracnose ​ရောဂါကို ​ကောင်းစွာ ထိန်းသိမ်းနိုင်ပါတယ်။

သို့သော် Fusarium​ရောဂါနဲ့ ဘက်တီးရီး​ရောဂါများပါ ပူးတွဲကျ​ရောက်နိုင်သဖြင့် ထရိုင်ကိုဒါးမား/အဇိုဇီစထရိုဘင်+ဒိုင်ဖန်နိုကိုနာဇိုး ကို အသုံးပြုသင့်ပါတယ်။

အထူးသတိပြု​စေရန်မှာ.. ကြက်သွန်နီဂျိုလိမ်​ရောဂါက မှို​ရောဂါတမျိုးတည်း​ကြောင့်မဟုတ်ဘဲ ​ရေဝပ်ခြင်းလိုမျိုး ရာသီဥတုနှင့် အပင်ဇီဝကမ္မ သဟဇာတ မညီမျှမှုတို့ ပူးတွဲ ကျ​ရောက်ခြင်း​ဖြစ်သဖြင့် ဘက်​ပေါင်းစုံကာကွယ်နည်းဖြင့် ဖြေရှင်းနိုင်ကြ​စေရန် ရည်ရွယ်၍ တင်ပြရခြင်းဖြစ်ပါတယ်။

​စေတနာများစွာဖြင့်...

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်