မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်မြေသြဇာ ဘယ်လိုထုတ်၊ ဘယ်လိုသုံး - ၁

28/04/2023 13:00 PM တွင် Aye Aye Aye Aye မှ ရေးသား
  • မြန်မာအမည် - မီးစုန်းဓာတ်
  • အင်္ဂလိပ်အမည် - ဖော့စဖောရပ်
  • ဓာတုဗေဒသင်္ကေတ - P

မီးစုန်းလို့ခေါ်တဲ့ ဖော့စဖောရပ်ဟာ ကမ္ဘာမြေပေါ်မှာ ၁၁ ခုမြောက် အပေါဆုံးဒြပ်စင်ဖြစ်ပါတယ်။ ဂရိဝေါဟာရ ‘phosphoros’ “အလင်းသယ်ဆောင်သူ” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာပါ။

၁၆၆၉ ခုနှစ်တုန်းက ဂျာမနီနိုင်ငံ ဟမ်းဘက် Hamburg ပြည်နယ်မှာ Hennig Brand ဆိုသူက ကျင်ငယ်ရေထဲမှာ ပျော်ဝင်နေတဲ့ ဖော့စဖိတ်ပမာဏ အတန်အသင့်ရှိနေတာကို စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ယေဘုယျအားဖြင့်တော့ ဖော့စဖောရပ်မှာ အဖြူရောင်ဖော့စဖောရပ်နဲ့ အနီရောင်ဖော့စဖောရပ်ဆိုပြီး  အဓိက (၂) မျိုးရှိပါတယ်။ အဖြူရောင်ဖော့စဖောရပ်က အဆိပ်ရှိတဲ့ ဖယောင်းခဲဖြစ်ပြီး လူသားတို့ အရေပြားနဲ့ထိတွေ့မိရင် လောင်စေပါတယ်။ အမှောင်ထဲမှာ တောက်တောက်ပပရှိပြီး လေနဲ့ထိတွေ့မိရင်‌တော့ မီးထလောင်တတ်ပါတယ်။ အနီ‌ရောင်ဖော့စဖောရပ်ကတော့ ပုံဆောင်မဲ့၊ အဆိပ်ဓာတ်မရှိတဲ့ အခဲဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင်ဖော့စဖောရပ်ဆိုပြီးလည်း ရှိသေးတယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖော့စဖောရပ်မြေသြဇာရဲ့ သုံးပုံနှစ်ပုံနီးပါးကိုတော့ အနည်ကျကျောက်၊ ပင်လယ်ဖော့စဖိတ်ကျောက်တို့ကနေ ရရှိတာဖြစ်ပါတယ်။ ‌ဖောစဖောရပ်ဟာ လေနဲ့ထိတွေ့ရင် အလွန်ဓာတ်တိုးလွယ်တာမို့ သဘာဝမှာ သူ့ချည်းသီးသီးသန့်သန့်တော့ မတွေ့ရနိုင်ပါဘူး။

ဖော့စဖိတ်ကျောက်သားဆိုတာကတော့ စျေးကွက်ထဲမှာ စီးပွားဖြစ်အသုံးပြုနေတဲ့ ဖော့စဖိတ်ဓာတ်မြေသြဇာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အဓိကကုန်ကြမ်းပစ္စည်းပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် ကြိတ်ချေထားတဲ့ ဖော့စဖိတ်ကျောက်မှုန့်တွေကို စိုက်ပျိုးမြေတွေမှာ ဖော့စဖောရပ်မြေသြဇာအရင်းအမြစ်အနေနဲ့ တိုက်ရိုက်အသုံးပြုလာကြတာလည်း ရှိနေပါတယ်။ စိုက်ပျိုးမြေတွေမှာရှိတဲ့ (၇၀-၈၀)ရာခိုင်နှုန်းသော ဖော့စဖောရပ်အာဟာရဓာတ်ဟာ တူးဖော်ထားတဲ့ ဖော့စဖိတ်ကျောက်သားတွေကနေ ရရှိတာပဲ ဖြစ်ပါတယ်။

မော်ရိုကို၊ တရုတ်၊ အမေရိကန်နိုင်ငံတို့ဟာ အရည်အသွေးကောင်းတဲ့ ဖော့စဖိတ်ကျောက်သားများ ပမာဏများများရရှိနိုင်တာနဲ့အတူ ဖော့စဖိတ်လုပ်ငန်းနယ်ပယ်မှာ အရေးပါတဲ့လွှမ်းမိုးသူတွေ ဖြစ်ကြပါတယ်။

ဖော့စဖောရပ်ဓာတ်မြေသြဇာထုတ်လုပ်ပုံ

ဖော့စဖိတ်ကျောက်သားတွေကို ရုပ်ပိုင်းဆိုင်ရာ၊ ဓာတ်ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်အသုံးပြုကာ သဲ၊ ရွှံ့တို့အပြင် သံနဲ့သွပ်ဓာတ်တို့လို မသန့်စင်တဲ့ပစ္စည်းတွေကို ဖယ်ရှားပြီးတော့ ဖော့စဖောရပ်မြေဩဇာကို ထုတ်လုပ်ရတာပါ။ ဖော့စဖောရပ်ဓာတ်မြေသြဇာထုတ်လုပ်တာ ဖြစ်ပါတယ်။

ကျောက်တွေကို သယ်တဲ့အခါ၊ ပြင်ဆင်ထုတ်ပိုးတဲ့အခါ လွယ်ကူဖို့ အပိုင်းအစအနေနဲ့ ကြိတ်ချေရပါတယ်။ ဖော့စဖိတ်ကျောက်သားနဲ့ ကန့်ငရဲမီးလို့ခေါ်တဲ့ ဆာလဖြူရစ်အက်စစ်တို့ a wet-process ဖြစ်စဉ်နဲ့ ဓာတ်ပြုလိုက်တဲ့အခါ အားပျော့တဲ့ ဖော့စ‌ဖောရစ်အက်စစ်(၄၀-၅၅) ရာခိုင်နှုန်းကို ရရှိပါတယ်။ (A wet process ဖြစ်စဉ်မှာဆိုရင်တော့  ဆာလဖြူရစ်အက်စစ်နဲ့ ဓာတ်ပြုတာ၊ စစ်ထုတ်တာ၊ ပြင်းအားမြင့်တာ၊ သန့်စင်တာ၊ သိုလှောင်တာ စတာတွေ ပါဝင်ပါတယ်)

အဲ့ဒီနောက် ရရှိလာတဲ့ ဖော့စ‌ဖောရစ်အက်စစ် (phosphoric acid)ကိုတော့ အရည် (သို့) အခဲ ဓာတ်မြေသြဇာတွေ ထုတ်လုပ်ရာမှာ အသုံးပြုတာဖြစ်ပြီး ဖော့စဖိတ်မြေသြဇာတော်တော်များများတွေမှာ သူက အဓိကပါဝင်ပစ္စည်း ဖြစ်ပါတယ်။

အခဲမြေသြဇာပြုလုပ်ဖို့ဆိုရင် အမိုးနီးယား၊ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်စတဲ့ အရောအနှောတွေနဲ့ ရောပြီးပြုလုပ်လို့လည်း ရပါတယ်။ အဲ့ဒါတွေကို မာတောင့်ခဲသွားတာတွေ (သို့) အစိုပြန်တာတွေကို ကာကွယ်ပေးတဲ့ အခြားအရောတို့နဲ့ ရောအုပ် (coating)ပြီး အခြောက်ခံပေးရတာဖြစ်ပါတယ်။

ဖော့စဖောရပ်ပါဝင်ပြီး အသုံးများတဲ့ ဓာတ်မြေသြဇာတွေကတော့ single နဲ့ Triple superphosphates (တီစူပါ)(SSP၊ TSP)၊ mono နဲ့ diammonium phosphates (MAP, DAP)၊ NPKs(ကွန်ပေါင်းမြေဩဇာ) စတာတွေပဲ ဖြစ်ပါတယ်။ 

SSP နဲ့ TSP နှစ်မျိုးလုံးကိုတော့ Dorr-Oliver slurry granulation process ဆိုတဲ့ ဖြစ်စဉ်ကို အသုံးပြုပြီး ထုတ်လုပ်တာ ဖြစ်ပါတယ်။ SSP ဆိုရင် ဖော့စဖိတ်ကျောက်နဲ့ ကန့်ငရဲမီးလို့ခေါ်တဲ့ ဆာလဖြူရစ်ဆက်စစ်တို့ ဓာတ်ပြုခြင်းကနေ ရရှိတာပါ။ SSP ဟာ ထုတ်လုပ်ရတာရိုးရှင်းပေမယ့် ယခုအခါမှာ အသုံးပြုမှုတော့ နည်းနေပါပြီ။ TSP ကတော့ ဖော့စဖိတ်ကျောက်နဲ့ ဖော့စဖောရစ်အက်စစ် တို့ ဓာတ်ပြုခြင်းကနေ ရရှိတာဖြစ်ပါတယ်။ TSP မှာ SSP ထက် ဖော့စဖောရပ်အာဟာရဓာတ် (၃)ဆ ပါရှိပြီး ဈေးကွက်မှာလည်း အသုံးများတဲ့ပုံစံဖြစ်ပါတယ်။

Ammonium phosphate (MAP, DAP) တို့ကိုတော့ အားပျော့တဲ့ဖော့စဖောရစ်အက်စစ်နဲ့ အမိုးနီးယား (အရည် သို့ အငွေ့) တို့ ဓာတ်ပြုပြီးတော့ ရရှိတာဖြစ်ပါတယ်။ အပင်ကြီးထွားမှုအတွက် အရေးပါတဲ့ နိုက်ထရိုဂျင်နဲ့ ဖော့စဖောရပ်အရင်းအမြစ်ဖြစ်တာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။  အာဟာရဓာတ်မြင့်မြင့်မားမားပါဝင်တဲ့အပြင် အငွေ့ပျံတာနည်းပြီးတော့ အပင်တွေက အလွယ်တကူ ရယူအသုံးပြုနိုင်တာကြောင့် ဒီအရောကို အသုံးများကြပါတယ်။ 

 NPKs ဆိုတာကတော့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ် အာဟာရ(၃)မျိုးတို့က အချိုး အစားအမျိုးမျိုးနဲ့ ပါဝင်တဲ့ ကွန်ပေါင်းမြေသြဇာတွေဖြစ်ပါတယ်။  စိုက်ပျိုးမြေနဲ့ စိုက်ပျိုးပင်တွေရဲ့ လိုအပ်ချက်အလိုက် အချိုးအစားမတူတာတွေ ပုံစံအမျိုးမျိုးနဲ့ ရှိပါတယ်။ 

ဖော့စဖောရပ်ကို အိမ်မှာဘယ်လိုလုပ်ကြမလဲ... 

အများလိုအာဟာရတွေဖြစ်ကြတဲ့ နိုက်ထရိုဂျင်၊ ပိုတက်ဆီယမ်နဲ့ ဖော့စဖောရပ် (၃)မျိုးထဲမှာမှ ဖော့စဖောရပ်ဟာ အိမ်မှာ လုပ်ရအခက်ဆုံးဖြစ်ပါတယ်။ စိုက်ပျိုးပင်တွေအတွက် ဖော့စ‌ဖောရပ်အများစုဟာ သတ္တုကျောက်သားတွေကနေ ရရှိတာဖြစ်ပေမဲ့ တိရစ္ဆာန်အရိုးမှုန့်၊ fish emulsion၊ ကြက်ချေးနဲ့ သစ်ရွက်ဆွေးမြေသြဇာ  စတဲ့ သဘာဝအရင်းအမြစ်တွေကနေလည်း ရရှိနိုင်ပါတယ်။ ဒီနေရာမှာ အရိုးတွေကနေ ဖော့စဖောရပ်အာဟာရ လုပ်နည်းလေးကိုကို ပြောပြချင်ပါတယ်။

မီးဖိုချောင်ထွက်အရိုးတွေ (သို့) သားသတ်ရုံထွက် အရိုးတွေကို စုပြီး အအေးခန်းထဲ သိမ်းထားရပါမယ်။ လုံလောက်တဲ့ ပမာဏရပြီဆိုရင်တော့ ရေနွေးပူမှာပြုတ်ပြီး အသားနဲ့အဆီများကုန်အောင် ဖယ်ပစ်ရပါမယ်။ နောက် မီးဖို (oven)ထဲ 205-230°C အပူချိန်မှာ အပူပေးပြီး အရိုးများခြောက်သွေ့ကြွပ်ဆပ်လာတဲ့အထိ ပိုးသတ်ပေးရပါမယ်။ အရိုးသေးရင်တော့ တစ်နာရီခန့်သာကြာပြီး ကြီးရင်တော့ ပိုကြာနိုင်ပါတယ်။

နောက် အိတ်ထဲထည့်ပြီး အပိုင်းအစတွေဖြစ်လာတဲ့အထိ တင်းပုတ်နဲ့ ရိုက်ချေရပါမယ်။ ပြီးရင် ကြိတ်စက်ထဲ ထည့်ပြီး အမှုန့်တွေ ဖြစ်လာတဲ့အထိ ကြိတ်ချေရပါမယ်။  နောက်ဆုံး ရလာတဲ့အမှုန့်တွေကို မိမိစိုက်မြေထဲကို တိုက်ရိုက်ပက်ကြဲပြီးတော့ ဖော့စဖောရပ်အာဟာရဓာတ်အဖြစ် အသုံးချ နိုင်တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ‌အော်ဂဲနစ်မြေသြဇာပြုလုပ်သူများအနေနဲ့ မြေသြဇာထဲမှာ ဒီအရိုးအမှုန့်တွေကို ထည့်သွင်းအသုံးပြုမယ်ဆိုရင် ဖော့စဖောရပ်အာဟာရဓာတ်ကို ပိုတိုးစေနိုင်ပါတယ်။ အော်ဂဲနစ်ဓာတ်မြေသြဇာတွေဟာ ဓာတုနည်းနဲ့ထုတ်လုပ်ထားတဲ့ဓာတ်မြေသြဇာတွေထက် ရည်ရွယ်ထားတဲ့ အာဟာရဓာတ်ပါဝင်မှု လျော့နည်းတာကြောင့် မြေသြဇာကျွေးလွန်ပြီး အပင်အဆိပ်ဖြစ်စေတာကို နည်းစေပါတယ်။ ဆိုတော့ မြေသြဇာပိုကျွေးမိတာမျိုးကြောင့် စိတ်ပူစရာမလိုတော့ပါဘူး။

(အပိုင်း-၂ မှာတော့ မြေသြဇာတွေမှာ  ဖောစဖောရပ်ပါဝင်မှုကို ဘယ်လိုသိနိုင်မလဲ၊ ဘယ်လိုအချိန်တွေမှာ အသုံးပြုပေးဖို့လိုအပ်သလဲ၊ အပင်တွေမှာ ဖော့စဖောရပ်ရဲ့ လုပ်ငန်းဆောင်တာက ဘယ်လိုရှိတာလဲ၊ ဖော့စဖောရပ်နဲ့ ပိုတက်ဆီယမ်တို့ရဲ့ အပြန်အလှန်သက်‌ရောက်ပုံ၊  စိုက်ပျိုးမြေတွေ ချဉ်လွန်း၊ ငန်လွန်းရင်ရော ဖော့စဖောရပ်အာဟာရပေါ် သက်ရောက်မှုရှိနိုင်လား...စတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်)

Ref: https://bit.ly/3NoFDMe

https://bit.ly/3ncuELe

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်