ငါးတန် သားဖောက်မွေးမြူခြင်း

15/07/2020 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

အရွယ်ရောက်သော ငါးတန်

(Pangasianodon hypophthalmus)

မျိုးပွားရန်အရွယ်ရောက်သော ငါးတန်များတွင် ကိုယ်အလျား (၁၃၀) စင်တီမီတာနှင့် ကိုယ်အလေးချိန် (၄၄) ကီလိုအထိ ကြီးထွားသည်။ မြစ်ချောင်းများ၌ ရေတိမ်အောက်ခြေရေလွှာတွင် ကျက်စားသည်။ ရေ pH (၆.၅ မှ ၇.၅) နှင့် ရေအပူချိန် (၂၂ မှ ၂၆) ဒီဂရီစင်တီဂရိတ်ကို နှစ်သက်သည်။

မွေးကန်များတွင် အမများသည် အနည်းဆုံး (၃) နှစ်သားတွင် ပုံမှန်အားဖြင့် မျိုးပွားရန်အတွက် အရွယ်ရောက်သည်။ အရွယ်ရောက်ချိန်တွင် ကိုယ်အလေးချိန် (၃) ကီလိုအထက်ရှိသည်။ (၁၀) ကီလိုအရွယ် အမကြီးတစ်ကောင်မှ ဥ (၁) သန်းအထိ ရရှိနိုင်သည်။ အထီးများသည် (၂) နှစ်သားတွင် အရွယ်ရောက်သည်။

သဘာဝတွင် သာမန်အားဖြင့် တစ်နှစ်လျှင် (၂) ကြိမ်သားပေါက်သည်။ ပထမအကြိမ် သားပေါက်ပြီးနောက် ရက်သတ္တပါတ် ၆ ပတ် မှ ၁၇ ပါတ်အတွင်း ဒုတိယအကြိမ် သားပေါက်သည်။ သဘာဝတွင် သဲ၊ သောင်၊ ကမ်းနှင့် ရေနက်အောက်ခြေ၌ ကျောက်ဆောင်များ၊ ချိုင်များရှိသော ရေစီးသန်သည့်မြစ်ချောင်းများတွင် သားပေါက်သည်။ မျိုးအောင်သောဥများသည် စေးကပ်သည်။ ကမ်းစပ်အပင်များ ဥပမာ Gimenila asiatica များ၏ လေရှူအမြစ်များ၌ တွယ်ကပ်နေသည်။

သားပေါက်ထုတ်လုပ်ခြင်း

အရွယ်ရောက်သော ငါးတန်အမကြီးများကို HCG ဟိုမုန်းတစ်မျိုးတည်း(သို့) HCG နှင့် ပီကျူထရီဂလင်းဖျော်ရည်ကို ရောစပ်ထားသော ဟိုမုန်းဖြင့် ဆေးထိုးသားဖောက်သည်။ ငါးအမကြီးများကို (၂-၄) ကြိမ်ခန့် ဟိုမုန်းဆေးထိုးပေးပြီး (အမကြီးများကို နောက်ဆုံးအကြိမ် ဆေးထိုးသည့်အချိန်တွင်) ငါးအထီးများကို တစ်ကြိမ်သာလျှင် ဟိုမုန်းဆေးထိုးသည်။ ငါးများကို တစ်စုံ (သို့) အစုံများစွာစုပေါင်း၍ ဟိုမုန်းဆေးထိုးပေးပြီး ဥနှင့် မျိုးရည်များကို ညှစ်ယူပေါင်းစပ်ပေးပြီး သန္ဓေအောင်စေသောနည်းကို အသုံးပြုသည် (Dry stripping method)။ သန္ဓေအောင်ဥများကို ရေလှည့်စနစ်ပါရှိသော ကတော့ပုံဖန်ခွက် (သို့) စတီးခွက်အတွင်း အကောင်ပေါက်စေသည်။ ရေအပူချိန်ကွာခြားမှုအရ (၂၂ မှ ၂၄) နာရီအတွင်း ဥမှ အကောင်ပေါက်သည်။ ဥမှပေါက်ပြီး (၂၄) နာရီကြာသည်အထိ သားပေါက်များ၌ ဥနှစ် (Yolk) များရှိနေနိုင်သည်။ ငါးသားပေါက်များတွင် ထိုဥနှစ်များ လုံးဝမကုန်မီ ကတော့ပုံဖန်ခွက် (သို့) စတီးခွက်မှ ပြုစုကန်သို့ရွေ့ပြောင်းသည်။

သားပေါက်ပြုစုခြင်း

ငါးသားပေါက်များကို (၂) ဆင့်ခွဲပြီး မွေးနှုန်းလျော့ပြုစုသည်။ ပထမအဆင့်တွင် ဥနှစ် ကျန်ရှိနေသော သားပေါက်များကို တစ်စတုရန်းမီတာလျှင် (၄၀၀-၅၀၀)နှုန်း ပြုစုခြင်းဖြင့် သားပေါက်ကြီးထွားရန် သဘာဝအစာ (Yolk) နှင့် နေရာအကျယ်အဝန်း လုံလောက်ပြီး အချင်းချင်းပြန်စားမှု လျော့နည်းခြင်းကြောင့် ရှင်သန်မှု ပိုမိုကောင်းမွန်သည်။ ဒုတိယအဆင့်တွင် မြေကြီးအသားပြုစုကန်၌ တစ်စတုရန်းမီတာလျှင် သားပေါက်ကောင်ရေ (၁၀၀၀-၅၀၀၀) အထိပြုစုသည်။ ရာသီဥတုအခြေအနေအရ ပြုစုကန်ကို (၂-၃) ရက် ကြိုတင် နေလှန်းအခြောက်ခံပြီး ကန်ဧရိယာ တစ်ဟက်တာလျှင် ထုံးတစ်တန်နှင့် သဘာဝငါးအစာ မွိုင်နာ (Moina) ကီလို (၂၀-၃၀) ထည့်ပေးသည်။ ပြုစုကန်သို့ ရေဖြည့်ရာတွင် သားစားငါးရိုင်းများမပါစေရန် ဇကာစိတ်ဖြင့် ရေစစ်ကာကွယ်သည်။ ပြုစုကန် ရေအရည်အသွေးပျက်သောအခါမှအပ သားပေါက်ပြုစုကန်တွင် ရေမလဲပါ။ ရေဖြည့်ပေးခြင်းသာ လုပ်ပါသည်။ ငါးသားပေါက်အစာအဖြစ် ကြက်ဥပြုတ်အနှစ်နှင့် ပဲပုတ်အမှုန့်ရောထားသောဖျော်ရည်ကို ပထမ (၂) ပါတ်တွင် နေ့စဉ် (၅-၆) ကြိမ်ကျွေးသည်။ နောက်ပိုင်းတွင် အစာတောင့်ကျွေးသည်။

(၄) ပါတ်ကြာသောအခါ သားပေါက်များသည် (၀.၃ မှ ၁.၀) ဂရမ်အထိ ကြီးထွားသည်။ ထိုအခါ အစာကျွေးခြင်းကို (၂၄) နာရီ ရပ်နားထားပြီး ကန်ရေကို ၁/၃ အထိလျော့ချ၍ သားပေါက်များကို ဖမ်းမိပြီး အသင့်ပြုပြင်ထားသော (မွိုင်နာ- Moina မပါ) ကန်၌ တစ်စတုရန်းမီတာလျှင် (၁၅၀ မှ ၂၀၀) နှုန်းဖြင့် ဆက်လက်ပြုစုသည်။ ပုံမှန်အားဖြင့် ဥနှစ်ပါသားလောင်းမှ ငါးမှုံအထိ ပထမအဆင့်ပြုစုခြင်းတွင် ရှင်နှုန်းမှာ ၄၀-၅၀% ခန့်ရှိသည်။ ဒုတိယအဆင့်တွင် ငါးမှုံများသည် (၂) လ အတွင်း (၁၄-၂၀) ဂရမ်အရွယ် ငါးသန်အဖြစ် ကြီးထွားသည်။ ထိုအဆင့်တွင် ပုံမှန်ရှင်သန်နှုန်းမှာ ၆၀-၇၀% ရှိပါသည်။

မွေးမြူရေးနည်းစနစ်များ

ငါးတန်သည် လေထုမှ အောက်စီဂျင်ကို တိုက်ရိုက်ရယူအသက်ရှူနိုင်သဖြင့် ပျော်ဝင်အောက်စီဂျင် DO2 ပမာဏ (0.5-0.1 ppm) အထိနည်းသော ရေတွင်သော်လည်းကောင်း ရေထုညစ်ညမ်းမှု မြင့်မားသောအခြေအနေ (Chemical Oxygen Demand-25 ppm) တွင်သော်လည်းကောင်း ရှင်သန်နိုင်သည်။ ထို့ကြောင့် ဧရိယာ တစ်စတုရန်းမီတာလျှင် (၁၂၀) အထိ ကန်ကြပ်မွေးမြူနိုင်သည်။

ငါးတန်များကို အများအားဖြင့် နည်းလမ်း (၃) မျိုးဖြင့် အသားတိုးမွေးမြူသည်။

၁။ မြေကန်ဖြင့် မွေးမြူခြင်း

၂။ လှောင်အိမ်ဖြင့် မွေးမြူခြင်း

၃။ ပိုက်သားဖြင့် ခြံခတ်မွေးမြူခြင်း စသည်တို့ဖြစ်သည်။

ဥပမာ ဗီယက်နမ်နိုင်ငံ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ မြစ်ချောင်းများတွင် လှောင်အိမ်ဖြင့်မွေးမြူခြင်းနှင့် ပိုက်သားဖြင့် ခြံခတ်မွေးမြူခြင်းကို အကောင်းဆုံးနည်းစနစ်အဖြစ် လက်ခံထားကြသည်။

မြေကန်တွင်မွေးမြူခြင်း

သာမန်အားဖြင့် ၁၀၀၀ မှ ၁၀၀၀၀ စတုရန်းမီတာ (၀.၂၅ မှ ၂.၅ ဧက) အရွယ်ကန်များဖြင့် မြစ်ချောင်းငယ်များ၏ အနီးအနားတွင် မွေးမြူကြသည်။ နေ့စဉ် ရေသွင်းရေထုတ်ခြင်းကို ဒီရေအတက်အကျဖြင့်သော်လည်းကောင်း၊ ရေပန့်ဖြင့်သော်လည်းကောင်း ပြုလုပ်သည်။ လေပေးစက်ကိုလည်း နေ့စဉ်အချိန်ကြာကြာ မောင်းပေးသည်။

လှောင်အိမ်ဖြင့်မွေးမြူခြင်း

မဲခေါင်မြစ်ဝကျွန်းပေါ်ရှိ မြစ်ကြီးများ၊ မြစ်လက်တက်များနှင့် ချောင်းများတွင် (၅၀ မှ ၁၆၀၀) စတုရန်းမီတာရှိသော ပိုက်သားလှောင်အိမ်များဖြင့် မွေးမြူသည်။ အဆိုပါလှောင်အိမ်များတွင် ရေပေါ်အိမ်များ ဆောက်လုပ်နေထိုင်သည်။ အနက်တစ်မီတာရှိသော အကျယ် တစ်စတုရန်းမီတာ(သို့) တစ်ကုဗမီတာ လှောင်အိမ်တစ်လုံးလျှင် ငါးကောင်ရေ (၁၀၀-၁၅၀) အထိ မွေးမြူသည်။ ပုံမှန်အားဖြင့် လှောင်အိမ်တစ်ကုဗမီတာမှ ငါးတန်ကုန်ချိန် (၁၀၀ မှ ၁၂၀) ကီလိုအထိ ထုတ်လုပ်သည်။

ပိုက်ဖြင့် ခြံခတ်မွေးမြူခြင်း

တစ်စတုရန်းမီတာလျှင် ကောင်ရေ (၄၀-၆၀) အထိမွေးသည်။ (တစ်နည်းအားဖြင့် တစ်ဟက်တာလျှင် ကောင်ရေ (၄၀၀,၀၀၀-၆၀၀,၀၀၀) အထိမွေးသည်။ ထုတ်လုပ်မှုအနေဖြင့် ရေပြင်ဧရိယာ တစ်ဟက်တာမှ တစ်ကြိမ်ငါးဖော်လျှင် ငါးကုန်ချိန် (၃၀၀-၃၅၀) တန်အထိရရှိသည်။

အစာနှင့် အစာကျွေးခြင်း

အစာကုန်ကြမ်းများမှာ ငါးပေါင်းမှုံ့၊ ဖွဲနု၊ ပဲပုတ်စေ့အမှုံ့၊ သွေးမှုံ့၊ ဆန်ကွဲ၊ ဝါစေ့မှုံ့၊ နို့၊ ကြက်ဥ၊ ကန်စွန်းရွက်နှင့် ပဲသီးများဖြစ်သည်။ ဗီတာမင် (C) နှင့် (E) အားဖြည့်ဆေးများကိုလည်း အသုံးပြုသည်။ ကုန်ကြမ်းများကို သမစွာရောမွှေပြီးလျှင် အလုံးအခဲအနေဖြင့် သော်လည်းကောင်း၊ ကြိတ်စက်ဖြင့် အစာတောင့်ပြုလုပ်၍သော်လည်းကောင်း ကျွေးသည်။ ၂၀၀၈ ခုနှစ်မှစ၍ စားသုံးသူဘေးကင်းရေးကို ဦးစားပေးလာပါသည်။ ကိုယ်တိုင်ပြုလုပ်သော အစာအရည်အသွေးမှာလည်း အမျိုးမျိုးရှိလာသည်။ ဗီယက်နမ်တွင် လက်ရှိ ငါးတန်မွေးမြူထုတ်လုပ်သူ ၉၅-၉၇% ခန့်မှာ စက်ရုံထုတ် အစာတောင့်ကိုသာ ကျွေးသည်။ ကိုယ်တိုင်အစာထုတ်လုပ်ရာတွင် ကုန်ကျစရိတ်သက်သာသော်လည်း အစာမှ အသားသို့ ပြောင်းလဲသောအချိုး (FCR) မှာ (၂.၈ မှ ၃.၀) အထိများပြားပြီး ငါးမွေးကန်ရေအရည်အသွေးကိုလည်း ပျက်စီးစေပါသည်။

 

စက်ရုံထုတ်အစာတောင့်၏ FCR မှာ အများအားဖြင့် (၁.၇-၁.၉) အထိနည်းပါးသည်။ ဗီယက်နမ်နိုင်ငံ ငါးတန်မွေးမြူရေးလုပ်ငန်းကြီးများတွင် စတင်မွေးမြူသော ပထမလပိုင်း (ရက် ၃၀)နှင့် နောက်ဆုံးလပိုင်း (ရက် ၃၀) တွင်သာ အစာတောင့်ကျွေးပြီး ကျန်(၄)လတွင် ကိုယ်တိုင်လုပ်သော အစာကိုသာ ကျွေးပါသည်။ ကိုယ်တိုင်ထုတ်လုပ်သောအစာသည် FCR များသော်လည်း ငါးထုတ်လုပ်မှုစရိတ်တွင် လျော့နည်းကြောင်းသိရှိရသည်။ ငါးမွေးမြူနှုန်းကို အခြေပြုပြီး ထုတ်လုပ်မှုစရိတ်၏ ၆၅-၈၅% မှာ အစာအတွက် ကုန်ကျစရိတ်ဖြစ်သည်။

ငါးဖမ်းခြင်း ငါးထုတ်ဖော်ခြင်း

ရှေးဦးစွာ ကန်ဆွဲပိုက်ဖြင့် ဖမ်းဆီးပြီးမှ ကျန်ရှိသောငါးများကို ကန်ရေလျော့ ရေထုတ်ဖမ်းယူသည်။ လှောင်အိမ်ဖြင့်မွေးမြူခြင်းတွင် လှောင်အိမ်ကို ရေပေါ်သို့မတင်ပြီးမှ ငါးဖမ်းယူသည်။ စီမံပြုပြင်သောစက်ရုံများမှ လိုအပ်သောငါးကုန်ချိန်ပမာဏကို ဖြည့်ဆည်းနိုင်ရန် မွေးထားသောငါးများကို တစ်ကြိမ်တည်း အပြီးဖမ်းယူသည်။ ခြံပိတ်မွေးမြူခြင်းတွင် ဆွဲပိုက် (သို့) ဒီရေကျချိန်တွင် ရေလျော့၍ ငါးများဖမ်းယူသည်။

ကိုင်တွယ်ခြင်းနှင့် စီမံပြုပြင်ခြင်း

ငါးအရှင်များကို ရေလှည့်စနစ်တပ်ဆင်ထားသော လှေဖြင့် စီမံပြုပြင်စက်ရုံသို့ ရေလမ်းမှ ပေးပို့သည်။ ငါးတန်အသားလွှာများကို အအေးခန်းကွန်တိန်နာများဖြင့် သင်္ဘောတင် ပြည်ပတင်ပို့သည်။ ငါးတန်အသားလွှာ တစ်ကီလိုရရှိရန် ငါးတန်ကုန်ကြမ်း (၂.၇-၃.၃) ကီလိုခန့် အသုံးပြုသည်။ ပြည်တွင်းဈေးကွက်တွင် ငါးကောင်လုံးရောင်းချသည်။ ဈေးကွက်တင်ပို့ရာတွင် ရေလှည့်စနစ်ပါဝင်သော မော်တော်ဘုတ် (သို့) ကားပေါ်တွင် ရေတိုင်ကီတင်ပြီး လေပေးစနစ်ဖြင့် သယ်ပို့သည်။

ငါးတန် (Pangasianodon hypophthalmus) များမှာ မြစ်ငါးများဖြစ်ပြီး ကန်ကြီးများဖြင့် ကောင်းစွာ မွေးမြူထုတ်လုပ်နိုင်လျက်ရှိပါသည်။ ထို့ကြောင့် ငါးတန်များကို (၀.၂၅) ဧက (၀.၁ ဟက်တာ) အထက်ကြီးသော ကန်များတွင် မွေးမြူသင့်ကြောင်း MYSAP အနေဖြင့် အကြံပြုပါသည်။ 

Source of Information:

This document is provided and maintained by the “Aquaculture Management and Conservation Service (FIMA)” under the ownership of “FAO” and is part of the “Cultured Aquatic Species Information Programme” data collection.

Citation:

©FAO 2010-2020

Cultured Aquatic Species Information Programme. Pangasianodon hypophthalmus.

Cultured Aquatic Species Information Programme. Text by:

Don Griffiths, Pham Van Khanh, Trinh Quoc Trong. In: FAO Fisheries and Aquaculture Department [online]. Rome.

The translation of this material from English into Myanmar language was funded by the Myanmar Sustainable Aquaculture Programme (MYSAP) which is funded by the European Union (EU) and the German Federal Ministry of Economic Cooperation and Development (BMZ) and implemented by Deutsche Gesellschaft fur Internationale Zusammenarbeit (GIZ) GmbH.

Translation was done by Dr Khin Maung Soe.

Contact: [email protected]

ယခုဆောင်းပါးကို MYSAP Inland မှပူးပေါင်း ပါဝင်ပံ့ပိုးထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်