ကြက်မွေးမယ်ဆို ရောဂါတွေကို ကြိုတင်ကာကွယ်ပါ

03/02/2023 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

"ကာကွယ်ခြင်းက ကုသခြင်းထက် ပို၍ထိရောက်သည်" ဟူသော စကားရှိပါသည်။ ယင်းအယူအဆမှာ မွေးမြူရေးသမားများအတွက် လွန်စွာအသုံးတည့်သည့်လမ်းညွှန်ချက် ဖြစ်ပါသည်။ အထူးသဖြင့် ထိုစကားက အသားတိုးကြက်မွေးမြူရေးသမားများအတွက် ပို၍မှန်ကန်သော အကြံပြုချက်ဖြစ်ပါသည်။ အဘယ်ကြောင့်ပါနည်း။ 

(၁) ကောင်ရေများများ မွေးမြူထားရခြင်း

ကြက်မွေးမြူရေးမှာ အခြားမွေးမြူရေးနှင့်မတူဘဲ ‌ကြက်ကောင်ရေအမြောက်အမြားကို တစ်နေရာတည်းတွင် စုပြုံမွေးမြူရခြင်း ဖြစ်ပါသည်။ ကြက်တစ်ကောင်နှင့်တစ်ကောင် ထိတွေ့မှုသည် အခြားမွေးမြူရေးတိရစ္ဆာန်များ တစ်ကောင်နှင့်တစ်ကောင် ထိတွေ့မှုထက် အဆပေါင်းများစွာ ပိုပါသည်။  ထို့ကြောင့် ရောဂါတစ်ခု ကျရောက်ပါက အလျင်အမြန် ကူးစက်ပျံ့နှံ့သွားမည် ဖြစ်ပါသည်။ ရောဂါဖြစ်မှ ကုသရန်၊ ထိန်းချုပ်ရန် မလွယ်ကူပါ။ ကုသသည့်တိုင် စီးပွားရေးအရ တွက်ချေကိုက်ဖို့ သိပ်မဖြစ်နိုင်ပါ။ 

(၂) ရောဂါအမျိုးအစား များပြားခြင်း

အသားတိုးကြက်၏ ထုတ်လုပ်မှုသက်တမ်း ၄၀-၄၅ ရက်အတွင်း ကျရောက်နိုင်သော ရောဂါအရေအတွက်မှာ ၄၅ ခုမက ရှိနေသည်ကို သတိပြုရပါမည်။ ထိုမျှများပြားသည့်ရောဂါများကို အမီလိုက်၍ ရှာဖွေဖော်ထုတ်ကာ ကုသပေးရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပါ။ 

(၃) ဗိုင်းရပ်စ်ရောဂါများကို ပဋိဇီဝဆေးဖြင့် ကုသ၍မရခြင်း

ကြက်များတွင် ရောဂါအမျိုးအစားစုံလင်လှရာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ရောဂါများလည်း အမြောက်အမြား ပါဝင်ပါသည်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသည့်ရောဂါများကို ပဋိဇီဝပိုးသတ်ဆေးများနှင့်ကုသ၍လည်း မရနိုင်ပါ။ ဆေးဖိုးကုန်တာသာ အဖတ်တင်ပါသည်။ ယင်းရောဂါများကို ကာကွယ်ဆေးအသုံးပြုကာ ကြိုတင်ကာကွယ်ထားရပါမည်။ 

(၄) သေနှုန်းမြင့်မားခြင်း

အသားတိုးကြက်များသည် ကာလတိုအတွင်း လျင်မြန်စွာ ကြီးထွားရသည်ဖြစ်ရာ ၎င်းတို့၏ ဇီဝကမ္မလုပ်ငန်းများမှာ အလွန်လျင်မြန်ပါသည်။ ထို့ကြောင့် ပြင်ပမှ ရောဂါပိုးမွှားများ ဝင်ရောက်တိုက်ခိုက်ခံရမှု (susceptibility) လည်း အခြားတိရစ္ဆာန်များထက်  ပိုမိုမြင့်မားသည်။ ရောဂါတစ်ခု ကူးစက်ခံရပါက ယင်းကို ခန္ဓာကိုယ်က တုံ့ပြန်ရာတွင်လည်း အလွန်ပြင်းထန်လျင်မြန်စွာ တုံ့ပြန်ရသည်။ ထို့ကြောင့်ပင် သေဆုံးနှုန်းမှာ ပိုမိုမြင့်မားနိုင်သည်။ 

အခြားတစ်ဖက်တွင် အကောင်ရေများစွာ စုပြုံ‌မွေးမြူထားခြင်းကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ကာ သေနှုန်းကို မြင့်မားစေပြန်သည်။ 

(၅) ရောဂါပျိုးရက်/ပိုးပျိုးရက်

ကြက်များထံသို့ ရောဂါပိုးများ စတင်ကူးစက်သည်နှင့်တပြိုင်နက် ရောဂါလက္ခဏာပြသည် မဟုတ်ပါ။ ရက်အနည်းငယ်ကြာမှသာ ရောဂါလက္ခဏာကို စတင်၍မြင်ရခြင်းဖြစ်သည်။ ရောဂါပိုး ခန္ဓာကိုယ်ထဲသို့ စတင်ရောက်ရှိချိန်မှ ရောဂါလက္ခဏာ စပေါ်ချိန်ကာလကို ရောဂါပျိုးရက် သို့မဟုတ် ပိုးပျိုးရက် (incubation period) ဟု ခေါ်ပါသည်။ ရောဂါတမျိုးချင်းစီအလိုက် ပိုးပျိုးရက်မှာ ကွာခြားပါသည်။ ထို့ကြောင့် မွေးမြူရေးသမားက ကြက်များတွင် ရောဂါလက္ခဏာ မြင်ရချိန်တွင် ကြက်အုပ်အတွင်း ရောဂါပိုးမှာ ပျံ့နှံ့နေပြီဖြစ်ပြီး ရောဂါပိုးက ကြက်များကို တိုက်ခိုက်နေပြီဖြစ်သည်။ ထိုအချိန်ရောက်မှ ကုသဆေးများနှင့် ကုသသော်လည်း ထိရောက်မှု အလွန်နည်းနေနိုင်ပါသည်။ 

(၆) ရောဂါရှာဖွေဖော်ထုတ်ရန် အချိန်ယူရခြင်း

ရောဂါလက္ခဏာကို တွေ့ရသည့်တိုင် မည်သည့်ရောဂါကျရောက်သည်ကို မှန်မှန်ကန်ကန် သိရှိနိုင်ရန် အချိန်ယူရပါသည်။ အသေကောင်ခွဲစိတ်စစ်ဆေးပြီးနောက် ဓာတ်ခွဲခန်းတင်ကာ ရောဂါကို အတိအကျစစ်ဆေးရန် အချိန်တစ်ရက်ခန့် ကြာမြင့်နိုင်သည်။ ထိုအချိန်ကာလအတွင်း ရောဂါကြောင့် ဆုံးရှုံးမှုမှာ ကြီးမားနိုင်ပါ သည်။ 

(၇) ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ

ရောဂါဖြစ်မှ ဆေးဝါးများ တိုက်ကျွေးကုသခြင်းသည် မလိုလားအပ်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်သည်ကို သတိပြုရပါမည်။ အချို့သော ပဋိဇီဝပိုးသတ်ဆေးများသည် အစာစားနှုန်းကျဆင်းစေခြင်း၊ ခန္ဓာကိုယ်၏ အချို့အင်္ဂါအစိတ်အပိုင်းများ (ဥပမာ ကျောက်ကပ်)ကို ပျက်စီးစေခြင်းများ ဖြစ်ပေါ်စေနိုင်ရာ ဆေးအတွက်နှင့် လေးရသည့်ပြဿနာ ဖြစ်ပေါ်လာစေနိုင်ပါသည်။ 

(၈) ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ ဖြစ်ပေါ်နိုင်ခြင်း

ဗက်တီးရီးယားရောဂါများ ဝင်ရောက်သဖြင့် ပဋိဇီဝဆေးဝါးများဖြင့် ရောဂါကုသလျှင်ဖြစ်စေ၊ ဗိုင်းရပ်စ်ရောဂါပိုးများကြောင့် ရောဂါဖြစ်ပွားချိန်တွင် နောက်ဆက်တွဲ ဗက်တီးရီးယားရောဂါများ ထပ်မံဝင်ရောက်မလာစေရန်အတွက် ကြိုတင်ကာကွယ်သည့်အနေဖြင့် ပဋိဇီဝဆေးဝါးများကို သုံးစွဲလျှင်ဖြစ်စေ၊ ပဋိဇီဝဆေးဝါးများကို ဂရုပြုကာ သက်ဆိုင်ရာကျွမ်းကျင်ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း အတိအကျအသုံးပြုရန် လိုအပ်သည်။ သို့မဟုတ်ပါက ရောဂါပိုးမွှားများက ပဋိဇီဝဆေးဝါးများအပေါ် ယဉ်ပါးလာမှုအန္တရာယ်ကို ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ရောဂါလုံးဝမဖြစ်အောင် ကြိုတင်ကာကွယ်ထားခြင်းဖြင့် ပဋိဇီဝဆေးဝါး အသုံးပြုစရာမလိုတော့ဘဲ ဆေးယဉ်ပါးမှုအန္တရာယ်ကိုပါ လျှော့ချနိုင်မည် ဖြစ်ပါသည်။  

(၉) စီးပွားရေးအရ တွက်ချေကိုက်မှု မရှိခြင်း

ရောဂါဖြစ်မှ ဆေးကုသခြင်းက ကုန်ကျစရိတ်ကို မြင့်တက်စေပါသည်။ သေဆုံးနှုန်းကြောင့် ဆုံးရှုံးလေလွင့်ခြင်း၊ ကြီးထွားနှုန်းရပ်တန့်ခြင်း၊ ပုံမှန်ရောင်းချရမည့်အချိန်တွင် မရောင်းချနိုင်ခြင်း၊ အစာမှအသားအဖြစ်သို့ ပြောင်းလဲသည့်နှုန်း လျော့ကျသွားခြင်း စသည်တို့ကြောင့်ဖြစ်ပေါ်သော ငွေကြေးဆုံးရှုံးမှုမှာလည်း အလွန်မြင့် မားပါသည်။ ထိုသို့ ဆုံးရှုံးလေလွင့်မှု ဖြစ်ပေါ်စေမည့်အစား ရောဂါပိုးများ ခြံထဲသို့ မရောက်ရှိလာအောင် ဇီဝလုံခြုံရေးကို တင်းကြပ်စွာ အကောင်အထည်ဖော်ခြင်း၊ ကာကွယ်ဆေးများ ထိရောက်စွာသုံးစွဲခြင်းနှင့် ကြက်များအား ကောင်းစွာဂရုစိုက်ပြုစုစောင့်ရှောက်မွေးမြူခြင်းတို့ဖြင့် ရောဂါအား ကြိုတင်ကာကွယ်ထားခြင်းက ကုန်ကျစရိတ် များစွာသက်သာစေမည် ဖြစ်ပါသည်။ 

(၁၀) ပြည်သူ့ကျန်းမာရေးအန္တရာယ်ရှိနိုင်ခြင်း

အချို့ရောဂါများ (ဥပမာ အပြင်းစားကြက်ငှက်တုပ်ကွေးရောဂါ (H5N1)) သည် လူသားတို့ထံသို့ ကူးစက်လာနိုင်သည့် ပြဿနာရှိပါသည်။ ထိုရောဂါမျိုးကို အစကတည်းက မဖြစ်ပွားလာအောင် ကြိုတင်ကာကွယ် ထားသည်က ပို၍ ကောင်းပါသည်။ အကယ်၍ ထိုကဲ့သို့သော ရောဂါများ ဖြစ်ပွားလာပါက မိမိသာမက မိမိပတ်ဝန်းကျင်ရှိ ကြက်ခြံများကိုပါ သက်ဆိုင်ရာက ဖျက်ဆီးပစ်ရသည့်သာဓကများ ရှိခဲ့ရာ ထိုရောဂါများကို ကြိုတင်ကာကွယ်ရန် အထူးအရေးကြီးပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်