မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းများ ဆက်တိုက်ပြန်မြင့်တက်လာ

15/08/2023 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ပြီးခဲ့တဲ့တစ်ပတ်အတွင်းက ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာကော၊ မန္တလေးဈေးကွက်မှာကော ဈေးပြန် ကျသွားခဲ့တဲ့ မတ်ပဲ၊ ပဲစင်းငုံနီဈေးနှုန်းတွေဟာ ဒီတစ်ပတ်မှာတော့ နှစ်ရက်ဆက်တိုက် ဈေးပြန်မြင့်တက်လာခဲ့ပါတယ်။ 

မတ်ပဲ

ပြီးခဲ့တဲ့တစ်ပတ် ဈေးအပိတ် ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန် (၃၁.၁ တင်းခန့်) ကို ၂၃ သိန်း ၅ သောင်းထိ ပြန်ကျသွားခဲ့တဲ့ မတ်ပဲ FAQ/RC (၂.၂ မီလီမီတာ - ၃.၂၅ မီလီမီတာကြားဆိုဒ်) ဟာ မနေ့ကတည်းက ဈေးတက်လာရာကနေ ဒီနေ့မှာတော့ တစ်တန်ကို ၂၃၉၉၀၀၀ ကျပ် (တစ်တင်း ၇၇၁၄၀ ကျပ်) ဖြစ်လာတာဖြစ်ပါတယ်။ ဆိုတော့ တစ်တန်ကို ၄၉၀၀၀ ကျပ် ဈေးပြန်တက်လာတာဖြစ်ပါတယ်။ 

ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန် (၃၁.၁ တင်းခန့်) ကို ၂၅ သိန်း ၅ သောင်းထိ ပြန်ကျသွားခဲ့တဲ့ မတ်ပဲ SQ/RC (၃.၂၅ မီလီမီတာအထက်ဆိုဒ်) ဟာလည်း ဒီနေ့မှာတော့ တစ်တန်ကို ၂၅၈၉၀၀၀ ကျပ် (တစ်တင်း ၈၃၂၄၀ ကျပ်ခန့်) ဖြစ်လာလို့ တစ်တန်ကို ၃၉၀၀၀ ကျပ် ဈေးပြန်တက်လာပါတယ်။ 

မတ်ပဲဟာ တောင်သူတွေလက်ထဲမှာ သိပ်မရှိတော့တာကြောင့် စျေးကွက်ထဲဝင်လာသလောက် အရောင်း အဝယ်ဖြစ်နေတယ်လို့ ပဲကုန်သည်တွေဆီက သိရကြောင်း ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဈေးကွက်သတင်း သုံးသပ်ချက်မှာ လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက် အဖွဲ့(AMIA) က ဆိုထားပါတယ် ။

ပဲစင်းငုံနီ

ဩဂုတ် ၁၁ ရက်က ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ တစ်တန်ကို ၃၁၅၇၅၀၀ ထိ ဈေးပြန်ကျသွား ခဲ့တဲ့ ပဲစင်းငုံနီ (အာစီ/၂၀၂၃) ကတော့ ဒီတစ်ပတ်မှာ သိသိသာသာကို ဈေးပြန်မြင့်တက်လာပါတယ်။ ဒီနေ့ ဩဂုတ် ၁၅ ရက် ဈေးနှုန်းအရ တစ်တန်ကို ၃၃၅၀၀၀၀ (တစ်တင်း ၁၀၇၇၂၀) ထိ ပြန်ရောက်လာ တာဖြစ်လို့ တစ်တန်ကို ၁၉၂၅၀၀ ကျပ် ဈေးပြန်တက်သွားတာဖြစ်ပါတယ်။ 

ပဲစင်းငုံနီက ပြည်တွင်း စားသုံးမှုနည်းပြီး ပြည်ပပို့ကုန်အဖြစ် အိန္ဒိယကိုသာ အဓိကတင်ပို့ရတာဖြစ်ကာ လက်ရှိမှာတော့ ပဲစင်းငုံနီအသစ်ပေါ်တာ နည်းတာကတကြောင်း၊ ဈေးကွက်မှာ အဟောင်း လက်ကျန် နည်းနေတာကြောင့်တကြောင်း အရောင်းအဝယ်တော့ အေးတဲ့ အခြေအနေဖြစ်နေတယ်လို့  AMIA ရဲ့ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စျေးကွက်သုံးသပ်ချက်မှာ ဖော်ပြထားပါတယ်။

အခြားပဲတွေထဲမှာတော့ ပဲကြီး ထောပတ်ပဲ ဈေးတွေလည်း မြင့်တက်လာပြီး ကုလားပဲဈေးကတော့ ငြိမ်နေ တယ်လို့ AMIA ရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများနှင့် သုံးသပ်ချက်ကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်